ဆော်ဒီ သတင်းသမားကို စီစဉ်သတ်ခဲ့တယ်လို့ တူရကီ သမ္မတ စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, KAYHAN OZER
ဆော်ဒီအာရေဗျ နိုင်ငံက ဘုရင် စနစ်ကို ဝေဖန် နေတဲ့ သတင်းသမား ဂျမား ဟာရှော့ဂျီ ကို ဆော်ဒီ အာဏာပိုင်တွေက ကြိုတင် စီစဉ် ပြီး သတ်ဖြတ် ခဲ့တာ ဖြစ်တယ်လို့ တူရကီ သမ္မတ အာဒိုဝမ် က ပြောဆို လိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်တုန်း က ဆော်ဒီ ကောင်စစ်ဝန် ရုံး ထဲမှာ ဂျမား ဟာရှော့ဂျီဟာ ကြိုတင် ကြံရွယ်ပြီးမှ ရက်ရက် စက်စက် သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ အာဒိုဝမ် က ဆိုပါတယ်။
ဒီသတ်ဖြတ် မှု ရဲ့ ခိုင်မာ တဲ့ သက်သေ အထောက် အထားတွေ ရရှိထားကြောင်း တူရကီ အာဏာရ အေကေ ပါတီ ရဲ့ လွှတ်တော် အမတ် တွေကို သူ က ရှင်း ပြ ခဲ့တာ ဖြစ်ပါတယ်။
တူရကီ သမ္မတ အာဒိုဝမ် က ဟာရှော့ဂျီဟာ တူရကီမှာ ရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန် ရုံး ကို ပထမဆုံး သွားရောက် ခဲ့တာ ဖြစ်ပါတယ်။ သူ လာရောက်တဲ့ အချိန်မှာ သူ့ ကို သတ်ဖြတ် ဖို့ အဖွဲ့ တဖွဲ့ ကို အမိန့်ပေး စေခိုင်းခဲ့တယ်လို့ တူရကီ အနေနဲ့ နားလည် ထားပါတယ်၊ သူတို့ ဟာ သတ်ဖြတ်မှု အစီအစဉ် ကို ကြိုတင် ကြံရွယ် ပြီး မှ လုပ်ဆောင် ခဲ့တယ် ဆိုတာ ထင်ရှား ပါတယ်လို့ ပြောဆို သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, OZAN KOSE
အာဒိုဝမ် က ဆက်လက် ပြောကြား ရာမှာ ဆော်ဒီ နိုင်ငံသား ၁၅ ယောက်ဟာ ဟာရှော့ဂျီ အသတ် မခံရခင် ရက်ပိုင်း မှာ လေယာဉ် အသီးသီး နဲ့ အဖွဲ့သုံးဖွဲ့ ခွဲပြီး တူရကီ မြို့တော် အစ္စတန်ဘူလ် ကို ရောက် လာ ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး အဲဒီ ဆော်ဒီ နိုင်ငံသားတွေ ထဲက တချို့ဟာ သတင်းသမား အသတ်ခံရတဲ့ ကောင်စစ်ဝန် ရုံး နားမှာ ရှိတဲ့ ဘဲလ်ဂရက် သစ်တော နား ကို သွားရောက် ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ဟာရှော့ဂျီ ကောင်စစ်ဝန်ရုံးထဲ ကို လာရောက် တဲ့ အချိန် က လုံခြုံရေး ကင်မရာ တွေနဲ့ ဗီဒီယို မှတ်တမ်း တွေကိုလည်း ဆော်ဒီ နိုင်ငံသား တွေက ဖြုတ်သိမ်း ထားခဲ့ ပုံ ကိုလည်း သူက ရှင်းလင်း ပြောပြ သွားခဲ့သလို ဟာရှော့ဂျီ သတ်ဖြတ် ခံရမှု အတွက် ဆော်ဒီအာရေဗျ နိုင်ငံမှာ အပြည့်အဝ တာဝန်ရှိကြောင်း သူ က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟာရှော့ဂျီ သတ်ဖြတ် ခံရမှု အတွက် စုံစမ်းစစ်ဆေးရေး အရာရှိ တချို့ ကို အပြစ်ပုံချ ရုံနဲ့တော့ တူရကီ အစိုးရနဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေက ကျေနပ် မှာ မဟုတ်ပါဘူး။ ဒီကိစ္စ ကို အမိန့်ပေး စေခိုင်း ခဲ့သူ တွေကို ဖော်ထုတ် နိုင်မှသာ လိပ်ပြာ သန့်မှာ ဖြစ်ပါ တယ်လို့ ပြောဆို သွားခဲ့ပါတယ်။
အဲဒီ သတ်ဖြတ်မှု အတွက် လူ ၁၈ ယောက် မှာ တာဝန် ရှိပြီး သူတို့ ကို တူရကီ မြေမှာ တရား စီရင်ခွင့် ရဖို့နဲ့ ပါဝင်ခဲ့တဲ့ လူတွေ အားလုံး ကို အပြစ်ပေး အရေးယူ နိုင်ဖို့ ကိုလည်း သူက တောင်းဆို လိုက်ပါတယ်။
ဒီ သတ်ဖြတ်မှု ကို စုံစမ်း စစ်ဆေးဖို့ အတွက် လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် တခု ဖွဲ့စည်းပေးဖို့ကိုလည်း တောင်းဆို လိုက်ပြီး ဆော်ဒီ ဘုရင် ဆော်လ်မန် က လည်း ပူးပေါင်း ကူညီမယ်လို့ ယုံကြည် ကြောင်းလည်း သူက ဆိုပါတယ်။
ဒါပေမယ့် တူရကီ သမ္မတ အာဒိုဝမ် အနေနဲ့ ဆော်ဒီမှာ အာဏာစက် ပြင်းပြတဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆော်လ်မန် ရဲ့ အကြောင်း ကို တော့ ထည့်သွင်း ပြောကြား သွားခြင်းတော့ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ကတော့ သတင်း ထောက် ဟာရှော့ဂျီဟာ သတ်ဖြတ်ခံရတာ ဖြစ်ပြီးတော့ ဒီသတ်ဖြတ်မှု ကို ထိပ်တန်း ခေါင်းဆောင် တွေက မသိရှိခဲ့ဘူး လို့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး က ဝန်ခံ ပြောဆို ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, FAYEZ NURELDINE










