ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန် စစ်ရေးပြ အခမ်းအနားမှာ သေနတ်နဲ့ပစ်လို့ ၁၁ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ
အီရန်နိုင်ငံ အနောက်တောင်ပိုင်း Ahvaz မြို့ စစ်ရေးပြ အခမ်းအနားမှာ သေနတ်သမားတွေ သေနတ်နဲ့ ပစ်ခဲ့လို့ အရပ်သားတွေ အပါအဝင် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာရသွားတယ်လို့ အီရန် အစိုးရ သတင်းဌာနက ကြေညာပါတယ်။
သေဆုံးသွားတဲ့အထဲမှာ အီရန် တော်လှန်ရေး တပ်ဖွဲ့ဝင် ၈ ဦးနဲ့ သတင်းထောက် တဦးလည်း ပါတယ်လို့ သတင်းတွေက ဖော်ပြ ပါတယ်။
စစ်ရေးပြ အခမ်းအနား ကျင်းပနေတဲ့ ပန်းခြံအနီးကနေ စစ်ဝတ်စုံတွေ ဝတ်ဆင် ထားတဲ့ လက်နက်ကိုင်အုပ်စုတခုက ၁၀ မိနစ် ကြာ တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
အီရန်နိုင်ငံခြားရေး ဝန်ကြီးက တိုက်ခိုက်တဲ့သူတွေကို ပြည်ပ အစိုးရ အဖွဲ့က ထောက်ပံ့ပေးခဲ့တာလို့ စွပ်စွဲပါတယ်။
၁၉၈၀-၈၈ ခုနှစ်အတွင်း အီရတ်နဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ စတင်ခဲ့တဲ့ နှစ်ပတ်လည် အခမ်းအနား အဖြစ် အီရန် နိုင်ငံတဝန်းမှာ စစ်ရေးပြပွဲတွေကို ကျင်းပနေတာ ဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဆွန်နီ စစ်သွေးကြွနဲ့ အာရပ် အမျိုးသားရေး ဝါဒီတွေကို အစိုးရ အရာရှိတွေနဲ့ အစိုးရ မီဒီယာတွေက ပြစ်တင်ပါတယ်။
တိုက်ခိုက်မှုအတွင်း သေနတ်သမား ၄ ဦး ပါဝင်သလို သူတို့တွေက အရပ်သားတွေ ကိုပါ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး စစ်ရေးပြ အခမ်းအနား အနီးက စင်ပေါ်မှာ ရှိတဲ့ အရာရှိတွေကို တိုက်ခိုက်ခဲ့တာလို့လည်း Fars သတင်း ဌာနက ကြေညာပါတယ်။
သေနတ်သမား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံ အုပ်ချုပ်ရေး အရာရှိ Ali Hosein Hoseinzadehက ပြောပါတယ်။ တိုက်ခိုက်မှုကို ဘယ်သူတွေ လုပ်သလဲဆိုတာကို အခုထိ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက လူနေမှုအဆင့်အတန်း ကျဆင်းတာကြောင့် အီရန်နိုင်ငံ တဝန်း အစိုးရကို ဆန္ဒပြခဲ့ရာမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ Ahvaz မြို့မှာလည်း ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။