ဥရောပလုံခြုံရေး အမေရိကန် ဝန်ပိနေတယ်လို့ ထရမ့်ရှုမြင်

ဘရပ်ဆဲလ်စ်မှာ ကျင်းပနေတဲ့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲ အတွင်း အမေရိကန် သမ္မတ ထရမ့်က ကျန်တဲ့ နိုင်ငံတွေ အနေနဲ့လည်း နေးတိုးအဖွဲ့ရဲ့ အသုံးစားရိတ် အတွက် ကိုယ်စီ နိုင်ငံ ထုတ်ကုန် ပမာဏ GDP ရဲ့ ၄ ရာခိုင်နှုန်း အထိ ထည့်ဝင်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။
ဒါဟာ နေတိုးအဖွဲ့ လက်ရှိ ရည်ရွယ်တဲ့ ပမာဏထက် နှစ်ဆ တိုးပြီး ထည့်ဝင်ဖို့ ထရမ့်ဘက်က တောင်းဆိုတာ ဖြစ်ပါတယ်။
နေးတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတိုလ်တင်ဘာ့ဂ်ကတော့ ၂ဝ၁၄ အမှီ အဖွဲ့ဝင်နိုင်ငံတွေ အားလုံး GDP ၂ ရာခိုင်နှုန်း ထည့်ဝင်ရေး ရည်မှန်းချက် ပြည့်မှီရေးကိုပဲ အဓိက အာရုံစိုက် သင့်တယ်လို့ ပြောပါတယ်။
"ထည့်ဝင်ငွေတွေ တိုးမြှင့်ရဖို့ ဆိုတာ အားလုံး လက်ခံပါတယ်။ နှစ်အတန်ကြာ ကာကွယ်ရေး အသုံးစားရိတ်တွေ ဖြတ်တောက် လျှော့ချ နေခဲ့တာကနေ အခုဆိုရင် ကာကွယ်ရေး ကဏ္ဍ အတွက် မဟာမိတ် နိုင်ငံတွေ အားလုံးရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ပြီး တိုးမြင့် လာနေပြီလည်း ဖြစ်ပါတယ်" လို့ မစ္စတာ စတိုလ်တင်ဘာ့ဂ် ပြောပါတယ်။
GDP ၂ ရာခိုင်နှုန်း ထည့်ဝင်ရေး လက်ရှိ ရည်မှန်းချက်ကို ဒီနှစ် အတွက် ပြည့်မီတဲ့ နေးတိုး အဖွဲ့ဝင် နိုင်ငံ ဆိုလို့ အဖွဲ့ဝင် ၂၉ နိုင်ငံ ရှိတဲ့ အနက် အမေရိကန်၊ ဂရိ၊ အက်စ်တိုးနီးယား၊ ယူကေနဲ့ လတ်ဗီးယား ၅ နိုင်ငံပဲ ရှိပါတယ်။

ဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ လုံခြုံရေး အတွက် အမေရိကန် အခွန်ထမ်း ပြည်သူတွေ အပေါ် အားကိုး ရပ်တည်နေတာကို လျှော့ပြီး သူတို့ကိုယ်တိုင် ပိုတာဝန် ယူသင့်တယ်လို့ သမ္မတ ထရမ့်က တိုက်တွန်း နေပါတယ်။
အဓိပ္ပာယ်ကတော့ ဥရောပမှာ အမေရိကန် တပ်တွေ ဆက်လက်ထားရှိပြီး ဥရောပ နိုင်ငံတွေရဲ့ လုံခြုံရေး အတွက် တာဝန်ယူ ပေးနေရဦးမယ် ဆိုရင် အမေရိကန် ပြည်သူတွေ အတွက် ဝန်ပိ လွန်းတယ်လို့ ထရမ့်က ပြောတာ ဖြစ်ပါတယ်။

အခု ထိပ်သီး ဆွေးနွေးပွဲမှာ ထရမ့် အဓိက ပစ်မှတ်ထား ဝေဖန်နေတာ ဥရောပရဲ့ စီးပွားရေး အင်အားကြီး ဂျာမနီရဲ့ ထည့်ဝင်မှု နည်းလွန်းနေတယ် ဆိုပြီး ပြောနေတာပါ။
နေးတိုး အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲ အတွင်း ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်နဲ့ သီးသန့် တွေ့ဆုံ အပြီးမှာတော့ ထရမ့်ရဲ့ လေသံ ပျော့ပြောင်း သွားပါတယ်။
"မစ္စစ် မာ့ခဲလ်နဲ့ သေချာ ဆွေးနွေးခဲ့တယ်။ စစ်ရေး အသုံးစားရိတ် ကိစ္စရော ကုန်သွယ်ရေး ကိစ္စပါ ပြောခဲ့ကြတယ်။ မစ္စစ် မာ့ခဲလ်နဲ့ကြား အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ်" ဆိုပြီး သီးသန့် တွေ့ဆုံ အပြီး ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
ထိပ်သီးဆွေးနွေးပွဲ အပြီး အဖွဲ့ဝင် ၂၉ နိုင်ငံ စုပေါင်း ထုတ်ပြန်တဲ့ ကြေညာစာတမ်းမှာလည်း စစ်သုံးစားရိတ် တိုးမြှင့်မယ် ဆိုတဲ့ ကတိကဝတ်ကို ထပ်မံပြုထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ခရိုင်းမီးယားကို ရုရှားထဲ ထည့်သွင်းမှု၊ ယူကေနိုင်ငံထဲ ရုရှားလုပ် အာရုံကြော အဆိပ်ငွေ့သုံး တိုက်ခိုက်ခံရမှုတွေကို ထောက်ပြပြီး "ရုရားရဲ့ ရန်လိုမှု" ဆိုတဲ့ ဝေါဟာရကို နေးတိုးအဖွဲ့ ကြေညာစာတမ်းထဲ သုံးစွဲရင်း ရုရှား အပေါ် ပြစ်တင်ရှုတ်ချ ထားပါတယ်။
လာမယ့် သီတင်းပတ် ရုရှား သမ္မတ ပူတင်နဲ့ ထရမ့် တွေ့ဆုံ ကြတဲ့ အခါ ဥရောပ မဟာမိတ်တွေရဲ့ စိုးရိမ်မှုတွေကို ထရမ့်က ပူတင့်ကို ပြောပြမှာလား ဆိုတာကတော့ မသေချာလှဘူး ဆိုပြီး ဘရပ်ဆဲလ်စ် ဆွေးနွေးပွဲမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ဂျိမ်းစ်ကွတ်ခ်က ပြောပါတယ်။








