အစမ်းလေ့ကျင့်ခန်းတွေ လုပ်ပြီးမှ ဂူထဲက ထုတ်မယ်

ထမ်လွန်ဂူမှာ ပိတ်မိနေတဲ့ ဘော်လုံးသမားလေးတွေနဲ့ နည်းပြကို ဗုဒ္ဓဟူးနေ့ မှာ ကယ်ထုတ်နိုင်မယ်လို့ အများက မျှော်လင့်ထားပေမယ့် ထိုင်းအာဏာပိုင်တွေကတော့ ကလေးတွေကို ပြန်ထွက်ဖို့ လေ့ကျင့်ခန်းတွေ အစမ်း လေ့ကျင့်မှုတွေ လုပ်ပေးပြီးမှ ထွက်ရမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဇူလိုင်လ ၃ ရက်ည ကလေးတွေအတွက် အထူးပြုလုပ်ထားတဲ့ အသက်ရှုကိရိယာတွေကို ဂူထဲကို သယ်ယူသွားတာကြောင့် အများက မျှော်လင့်နေတာဖြစ်ပါတယ်။

ဂူတွင်းမှာ ပိတ်မိနေတာ ၁၂ ရက်ရှိနေပြီ ဖြစ်ပြီး ပြန်ရှာတွေ့ခဲ့တဲ့ ပတ္တယားကမ်းခြေနဲ့ ပေ ၁၂ဝဝ အကွာမှာ အခုချိန်မှာတော့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ဆရာဝန်တွေနဲ့ လုံလုံခြုံခြုံရှိနေတယ်လို့ ဒီမနက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်ပြောခဲ့ပါတယ်။

ကျဉ်းကျပ် မှောင်မိုက်နေတဲ့ လိုဏ်ဂူထဲမှာ နေထိုင်ရတာကြောင့် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကယ်ဆယ်သူတွေက အနီးကပ် ကြီးကြပ်ပေးနေကြပါတယ်။

ပုံမှန်အတိုင်း တနေ့နှစ်ကြိမ် လုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ထိုင်းအာဏာပိုင်တွေက ကလေးတွေကို ခေါ်ထုတ်ဖို့ကိစ္စနဲ့ ပတ်သက်လို့ မကြာခဏ မမေးဖို့ ပြောခဲ့သလို အခုအချိန်မှာ ကလေးတွေဟာ မှောင်မည်း စိုစွတ်တဲ့ ဂူထဲမှာနေရတဲ့အတွက် ပိုမိုကြံ့ခိုင်ဖို့ လုပ်ပေးနေတယ်လို့ ပြောသွားခဲ့ပါတယ်။

ဂူအတွင်းပိုင်းဟာ ကျဉ်းမြောင်းပြီး ရေစီးသန်တာကြောင့် ဝါရင့်ရေငုပ်သမားတွေအတွက် မနည်းကူးခတ်ရတဲ့ အခြေအနေမှာရှိနေပြီး ကလေးတွေကို ခေါ်ထုတ်ဖို့ လူအင်အားပစ္စည်းတွေ ထပ်ဖြည့်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၄ ရက် မနက်မှာတော့ ထိုင်းဘုရင်က ကလေးတွေကို အမြန်ဆုံးခေါ်ထုတ်ဖို့ တိုက်တွန်းလိုက်ကြောင်း ထိုင်းသတင်းစာဖြစ်တဲ့ PBS မှာ ဖော်ပြထားပါတယ်။