ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကယ်မယ့်အချိန်ကို စောင့်နေတဲ့ ဂူထဲက ကလေးတွေ
ထိုင်းနိုင်ငံ မယ်စိုင် မြို့အနီးမှာ ရှိတဲ့ ထမ်လွန် နမ့်နွန် ဂူ ထဲ ပိတ်မိနေတဲ့ ဘောလုံးသမား ကလေး ၁၂ယောက်နဲ့ နည်းပြတို့ကို အသက်ရှင်လျက် ရေငုပ်သမား တွေက ရှာဖွေ တွေ့ပြီလို့ ချင်ရိုင်း ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပျောက်နေတဲ့သူ ဆယ့်သုံးယောက်ကို တွေ့ပြီလို့ ပတ်ထရားဘိချ်လို့ ခေါ်တဲ့ နေရာကို ရောက်ရှိသွားတဲ့ ရေတပ် SEAL unit က သတင်းပေးပေမယ့် အခုချိန်မှာ အဲဒီနေရာမှာ ရေလွှမ်းနေပြီး ကလေးတွေကိုတော့ လုံခြုံစွာ ပြန်တွေ့ခဲ့ပါပြီလို့ ချင်ရိုင်း အုပ်ချုပ်ရေးမှူး က ဆိုပါတယ်။
ရေဝိုင်းနေတဲ့ ကုန်းကမူအစွန်မှာ ရေစို ညစ်ပေနေတဲ့ ဘောလုံးကန် ၀တ်စုံ တွေနဲ့ ထိုင်နေတဲ့ ကလေးတွေဟာ မမျှော်လင့်ဘဲ အင်္ဂလန် က ရေငုပ်သမားတွေနဲ့ တွေ့ကြတဲ့ ပုံတွေကို အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ ဗွီဒီယိုမှာ တွေ့ရပါတယ်။
အခုအခါ ဂူထဲ ကိုးရက်ကြာ ပိတ်မိနေတဲ့ ကလေးတွေကို ကယ်ထုတ်ဖို့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။
သူတို့အတွက် ရိက္ခာနဲ့ ကျန်းမာရေး ထောက်ပံ့မှုတွေ ပေးထားပြီး ဒီကလေးတွေကို ရေလွှမ်းနေတဲ့ လျှိုထဲကနေ ရေငုပ် ကိရိယာတွေသုံးပြီး ကယ်ထုတ်မလား ဒါမှမဟုတ် ကလေးတွေကို ကျန်းမာပြီး ထူထူထောင်ထောင် ရှိလာအောင် စောင့်ကာ ဂူထဲက ရေတွေ စုပ်ထုတ်လို့ ရေကျသွားမှ ကယ်ထုတ် မလား ဆိုတာ ကယ်ဆယ်ရေး အဖွဲ့ မကြာခင် ဆုံးဖြတ်ကြတော့မှာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ အချက် ကတော့ ကလေး ၁၂ ယောက် စလုံးဟာ စိတ်ဓါတ်မကျ ပဲ ကယ်ဆယ်မဲ့ အချိန် ကို စောင့်နေတဲ့ ပုံစံ နဲ့ သူတို့ကို ရိုက်ကူးပြတဲ့ ဗီဒီယို ပြကွက်တွေ အရ သိရပါတယ်။
ကယ်ဆယ်ရေး အဖွဲ့ထဲ ပါတဲ့ ရေငုပ်သမား နဲ့ အင်္ဂလိပ် လို ကလေးတွေ အပြန်အလှန် စကား ပြောကြ တဲ့ အခါ ကလေးတွေက ကျနော်တို့ သိပ်ပျော် သွားပြီ လို့ ဆိုတော့ ရေငုပ်သမား ကလည်း သူလည်း ပျော်သွားတဲ့ အကြောင်း၊ နောက်ပြီး ကျေးဇူးတင်တဲ့ အကြောင်းနဲ့ ဘယ်က လာကယ် တာလည်း လို့ မေးပါတယ်။
အဲဒီနောက် လာကယ်သူ ကလည်း သူဟာ အင်္ဂလန် ကပါ၊ ယူကေ ကပါ လို့ ဖြေလိုက်ပါတယ် ၊ ဒါဆိုရင် ကျနော် တို့ကို ဘယ်တော့ ကယ်ထုတ် မှာလည်း လို့ မေးတော့ ဒီနေ့တော့ မဟုတ်သေးဘူး ဒါပေမဲ့ ကယ်မဲ့ သူတွေ အများကြီး လာနေပြီ၊ သူတို့ က ကျောင်းသား လေးတွေ ရှိတဲ့ နေရာ ကို ပထမဆုံး ရောက်လာတဲ့ အကြောင်း နဲ့ ကျောင်းသား အုပ်စု ကို စိတ်ဓါတ် ခိုင်မာစွာ နဲ့ တွေ့ရလို့ ဝမ်းသာတဲ့ အကြောင်း တွေ အပြန်အလှန် ပြောကြတာကို ထိုင်းရေတပ်က ထုတ်ပြန်တဲ့ ဗွီဒီယို မှတ်တမ်းမှာ တွေ့ရပါတယ်။
ကလေးတွေ ကို တွေ့ပြီ လို့ ကြားသိတာနဲ့ မိခင် တဦး က ကျမ အတွက် ဒီကနေ့ ဟာ အပျော်ဆုံးနေ့ပါ ၊ ကျမ သားလေး ကို စောင့်နေတာ ကြာပါပြီ။ သားလေး ကို အသက်ရှင်လျက် တွေ့ရဖို့ က ၅၀ ရာခိုင်နှုန်းပဲ ကျန်တော့ တယ် လို့ ထင်နေတာ။ ဘယ်လို စိတ်လှုပ်ရှား နေမှန်း ကို မသိတော့ ပါဘူး။ သူ့ကို တွေ့တွေ့ချင်း ကျမတော့ မလွတ်တမ်း ဖက်ထားမိမှာပဲ။ အားလုံး ကို ကျေးဇူးတင်ပါတယ် လို့ ပြောပါတယ်။
ဒါဆိုရင် အားလုံး မျှော်လင့်နေကြသလို ကလေး တွေ ကို ဘယ်ပုံ ဘယ်နည်း နဲ့ အမြန်ဆုံး ကယ်ထုတ်ဖို့ စီစဉ်နေကြပါပြီလည်း။
ဂူထဲရောက် ကယ်ဆယ်ရေး အဖွဲ့ဝင် ရေငုပ်သမား ကတော့ လတ်တလောမှာ ကလေးတွေ ရဲ့ ကျန်းမာရေး က ပိုပြီး အရေးကြီး လို့ ဆရာဝန် နှစ်ဦး ပို့ထားဖို့ လိုတဲ့ အကြောင်း၊ ဂူထဲမှာလည်း ဂူနံရံ တွေ က ရေတွေ စိမ့်ကျနေသလို၊ မိုးတွေထပ်ရွာရင် ဂူထဲ ကို ရေတွေ ဝင်လာစရာ ရှိတယ်လို့ ဆို ပြီးတော့ လိုအပ်တဲ့ အစားအသောက် နဲ့ ဆေးဝါးတွေ အရင် ပို့ပေးဖို့ လိုတဲ့ အကြောင်း၊ ရေငုပ်သမားတွေ လို ရေငုပ်ဝတ်စုံတွေ နဲ့ တွဲပြီး ထုတ်ရအောင်လည်း ကလေး တယောက် မှ ရေမကူး တတ်ကြတာတွေ ပြောပြကြပါတယ်။
ဒါပေမဲ့ စိန်ခေါ်မှု အများကြီး ရှိပေမဲ့ ရှာဖွေရေး နဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင် အင်အား ကလည်း ၁၀၀၀ ကျော် ရှိတဲ့ အထဲမှာ တရုတ်၊ မြန်မာ၊ လာအို၊ သြစတြေလျ၊ အမေရိကန် နဲ့ ဗြိတိန် နိုင်ငံ က ဖြစ်ကြပါတယ်။
ချင်းရိုင်အုပ်ချုပ်ရေးမှူး ကတော့ ကလေးတွေ ခိုအောင်းနေတဲ့ ဂူထဲက ရေတွေ ကို အရင် စုပ်ထုတ်ပြီး ဆရာဝန် နဲ့ သူနာပြု ပို့မဲ့ အကြောင်း၊ သူတို့ ရဲ့ ကျန်းမာရေး အခြေအနေ တိုးတက် လာတာနဲ့ ကယ်ထုတ်မဲ့ အကြောင်းတွေ ပြောပါတယ်။
အမေရိကန် ဖလော်ရီဒါ ပြည်နယ် မှ နိုင်ငံတကာ ရေအောက်ဂူမှ ကယ်ဆယ်ရေး အဖွဲ့ မှ အက်ဒ် ဆိုရင်ဆင် ကတော့ ကလေးတွေ ကို ရေငုပ် ဝတ်စုံတွေ ဝတ်ဆင်စေပြီး ရေပြည့်နေတဲ့ ဂူထဲက ကယ်ထုတ်တာ ဟာ အန္တရာယ် ကြီးကြောင်းပြောပါတယ်။
သူ့အထင်ပြောရရင် ကလေးတွေကို အစား အသောက်၊ လိုအပ်တဲ့ အောက်စီဂျင် ဓါတ် တွေ အရင် စီစဉ်သင့်ပြီး အခုဆိုရင် ဂူထဲမှာ အလင်းရောင် လည်း ရပြီမို့ ကလေးတွေ ရဲ့ မျှော်လင့်ချက် စိတ်ဓါတ် လည်း မြင့်လာသလို သူတို့ရဲ့ ကျန်းမာရေး အရင် ဖြည့်ဆည်း ပေးပြီး မှ ကယ်ထုတ်ရေး အစီအစဉ် ချမှတ် သင့်ပါတယ် လို့ အကြံပြု ထားပါတယ်။