မိသားစု အတူတကွ ထားပါ့မယ်လို့ ထရမ့် ကတိပေး

ထရမ့်
ဓာတ်ပုံ ပုံစာ, မိသားစုတွေကို အတူတကွ ထားပါ့မယ် ဆိုတဲ့ သမ္မတ အမိန့် ထွက်လာ

အမေရိကန် နိုင်ငံထဲ မိသားစုလိုက် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ ဆိုရင် မိဘနဲ့ သားသမီး ခွဲပြီး ထိန်းသိမ်းတာမျိုး မလုပ်ဖို့ ကတိပေးထားတဲ့ သမ္မတ အမိန့်တရပ်ကို ဒေါ်နယ်ထရမ့် လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။

ကလေးတွေကို မိဘတွေနဲ့ ခွဲပြီး ထိန်းသိမ်း ထားတယ် ဆိုတဲ့ အချက် လူအများ သိလာတဲ့နောက် အင်မတန် ပြင်းထန်တဲ့ ဝေဖန်သံတွေ ပေါ်ပေါက် လာခဲ့ပြီး အခုတော့ မိသားစုတွေကို အတူတကွ ထားပါ့မယ် ဆိုတဲ့ သမ္မတ အမိန့် ထွက်လာတာပါ။

တရားမဝင် နယ်စပ် ဖြတ်သန်း ဝင်ရောက်မှုနဲ့ ဖမ်းဆီး ပြစ်ဒဏ်ချခံရတဲ့ မိဘတွေနဲ့ သီးခြား နေနေကြရတဲ့ ကလေးတွေရဲ့ ဓာတ်ပုံတွေကို မြင်ရတော့ စိတ်မကောင်း ဖြစ်ရတယ်လို့ ထရမ့်က ဆိုပါတယ်။

တရားမဝင် ဝင်ရောက်မှု အပေါ် လုံးဝ သည်းမခံရေး zero tolerance policy ကျင့်သုံးတဲ့ ထရမ့်ရဲ့ မူဝါဒကို အကောင်အထည် ဖော်ကြတာကနေ နောက်ဆက်တွဲ ရိုက်ခတ်မှု အနေနဲ့ ထောင်ပေါင်းများစွာသော ကလေးငယ်တွေဟာ မိတကွဲဖတကွဲ ဖြစ်ခဲ့ကြရတဲ့ အပေါ် အာဏာရ ရီပတ်ပလစ် ပါတီတွင်းမှာကို ပြစ်တင် ရှုတ်ချသံတွေ ပြင်းထန်ခဲ့ပါတယ်။

ထရမ့်
ဓာတ်ပုံ ပုံစာ, တရားမဝင် ဝင်ရောက်မှု အပေါ် လုံးဝ သည်းမခံရေး ကျင့်သုံးတဲ့ ထရမ့်ရဲ့ မူဝါဒ

မိဘနဲ့ ကလေး ခွဲပစ်တဲ့ လုပ်နည်းလုပ်ဟန်တွေကလည်း အရင် အိုဘားမား လက်ထက်ကလည်း ဖြစ်ခဲ့တာပဲ ဆိုပြီး ထရမ့်က သမ္မတ အမိန့် လက်မှတ်ထိုးတဲ့ အချိန်မှာ ပြောခဲ့ပါတယ်။

"မိသားစုတွေ အတူတကွ ရှိနေစေဖို့ ကျနော်တို့ လိုလားပါတယ်။ ဒီပြဿနာက အရင် နှစ် အနည်းငယ်ကို ပြန်ကြည့်မယ် ဆိုရင် အင်မတန် တုန်လှုပ်ဖို့ ကောင်းတာတွေ ရှိခဲ့တာ တွေ့ရမယ်။ ဒါဟာ အိုဘားမား အစိုးရ လက်ထက်က ဖြစ်ခဲ့တာ" ဆိုပြီး ထရမ့် ပြောခဲ့တာပါ။

သတင်းထောက်တွေကတော့ အိုဘားမား လက်ထက်က ဒီလို ဖြစ်ရပ်မျိုးတွေ ရှိခဲ့တယ်လို့ ထရမ့်ပြောတာဟာ အချက်အလက်အရ လုံးဝ မှားယွင်းနေတယ် ဆိုပြီး ထောက်ပြ နေကြပါတယ်။

အခု သူ့ရဲ့ သမ္မတ အမိန့်ဟာ မိသားစုတွေ အတူတကွ ရှိစေဖို့ ရည်ရွယ်တာ ဖြစ်တယ်၊ ဒါပေမယ့် အစိုးရ အနေနဲ့ကတော့ နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအပေါ် လုံးဝ သည်းမခံရေး မူ ဆက်လက် ကျင့်သုံးဦးမှာပဲ လို့လည်း ထရမ့်က ဆိုပါတယ်။

မိဘတွေက တခြား၊ ကလေးတွေက တနေရာ
ဓာတ်ပုံ ပုံစာ, မိဘတွေက တခြား၊ ကလေးတွေက တနေရာ
နယ်စပ်
ဓာတ်ပုံ ပုံစာ, နယ်စပ်မှာ ဆက်လက် တင်းကြပ်မယ်
ပြင်းထန်တဲ့ ဝေဖန်သံတွေ ပေါ်ပေါက်လာ
ဓာတ်ပုံ ပုံစာ, ပြင်းထန်တဲ့ ဝေဖန်သံတွေ ပေါ်ပေါက်လာ

မိဘတွေနဲ့ ခွဲထားခံရတဲ့ ကလေးငယ်တွေကို သံလှောင်အိမ်လို ပိတ်လှောင်ထားတဲ့ နေရာထဲ စုပြုံထည့်ထားတဲ့ ဓာတ်ပုံတွေတင်မက၊ အသံဖိုင်လည်း အခုရက်ပိုင်း အတွင်းက ထွက်ပေါ် လာခဲ့လို့ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီး ခံရသူတွေ အပေါ် အမေရိကန် အာဏာပိုင်တွေ ဘယ်လို ပြုမူသလဲ ဆိုတာကို လူအများ သိလာခဲ့ရပါတယ်။

အဲဒီ အသံဖိုင်ထဲ နယ်ခြားစောင့်အဖွဲ့က လူတစ်ယောက်က ကလေးတွေ ငိုနေတာကို သံစုံတီးဝိုင်းကြီး ရောက်နေပါ့လားဟ ဆိုပြီး စပိန်လို ပြောခဲ့သလို ကလေးတချို့ကို ဘယ်ကလာတာလဲလို့ ဆက်မေးတဲ့ အခါ တစ်ယောက်က အယ်လ်ဆာဗေးဒိုးက၊ တစ်ယောက်က ဂွာတီမာလာကပါ ဆိုပြီး ငိုသံတွေနဲ့ ပြန်ဖြေကြတဲ့ အသံတွေ ကြားခဲ့ရပါတယ်။

အိုဘားမား လက်ထက်တုန်းကတော့ နယ်စပ်ကို တရားမဝင် ဖြတ်ဝင်လာသူကို မိပြီ ဆိုရင် ပထမဆုံးအကြိမ် မိတာလို့ ယူဆတဲ့ အခါ တရားရုံးကို လာဖို့ ဆင့်ခေါ်စာ ပေးပြီး ပြန်လွှတ်လိုက်တာ များပါတယ်။

ဗီဒီယို ပုံစာ, ဝေဖန်ခံနေရတဲ့ အမေရိကန်လူဝင်မှု ဥပဒေ

ထရမ့်လက်ထက်မှာတော့ ဒီလို "ဖမ်းပြီးပြန်လွှတ်" လုပ်ပုံလုပ်နည်းကို ပြောင်းလဲပြီး၊ တရားမဝင် ဝင်ရောက်သူတိုင်းဟာ ရာဇဝတ် ပြစ်မှုမြောက်တဲ့ အတွက် ထောင်ချရမယ် ဆိုပြီး ကျင့်သုံးလာ ခဲ့ပါတယ်။

ဒါပေမယ့်လည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုတော့ ထောင်ချလို့ မရ ဥပဒေ ရှိနေပြန်တဲ့ အတွက် သီးခြားစီ ထားရာကနေ မိဘတွေက တခြား၊ ကလေးတွေက တနေရာ ဆိုတဲ့ ပြဿနာ ပေါ်ပေါက်လာတာပါ။

မက္ကဆီကိုနယ်စပ်မှာ ဖြစ်နေတဲ့ တရားမဝင် လူဝင်ရောက်မှု ပြဿနာ အပေါ် ဆက်လက်ပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်နိုင်မယ့် ဥပဒေကို အောက်လွှတ်တော်က ဇွန်လ ၂၁ ရက်၊ ကြာသပတေးနေ့မှာ အတည်ပြုပေးဖို့ မျှော်လင့် ထားတယ် ဆိုပြီးတော့လည်း ထရမ့်က ပြောထားတဲ့ အတွက်၊ မိသားစုကို ခွဲမပစ်ရေးမူနဲ့ ဝင်လာသမျှ ထောင်ချပစ်တဲ့ လုပ်ရပ်တို့ ဘယ်လို ယှဉ်တွဲ အကောင်အထည် ဖော်မလဲ ဆိုတာတော့ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ရွှေ့ပြောင်းသူတွေ အမေရိကန်ထဲ လှိမ့်ဝင်လာလို့ ထရမ့်ပြော