ဥရောပလူဝင်မှု သဘောတူညီမှု ရဖို့ ကြိုးပမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥရောပ တလွှား လူဝင်မှုဆိုင်ရာ သဘောတူညီမှု တခုရယူဖို့ ဝန်ကြီးချုပ် အန်ဂလာမာခဲလ်ကို ဂျာမနီ ပြည်ထဲရေး ၀န်ကြီး Horst Seehofer က ဒီလကုန်ထိ အချိန်ပေးထားပါတယ်။
လာမယ့် သီတင်းပတ်ကျရင် ကျင်းပမယ့် အီးယူညီလာခံမှာ သဘောတူညီချက် တရပ်ရနိုင်ဖို့ သူက မျှော်လင့်နေပါတယ်။
တကယ်လို့ မရခဲ့ရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဂျာမနီက နယ်စပ်တွေကို ထိန်းချုပ်နိုင်ဖို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်သွားတော့မှာ ဖြစ်ပါတယ်။
ဥရောပ နိုင်ငံတွေ ဘက် ခိုလှုံဖို့ ကြိုးစားကြတဲ့ ဒုက္ခသည်တွေ နဲ့ ပတ်သက်ပြီး ဥရောပ နိုင်ငံ ခေါင်းဆောင်တွေ ခေါင်းခဲနေကြတဲ့ အထဲမှာ ဂျာမနီ နိုင်ငံ က ရှေ့တန်းကို ရောက်လာပါတယ်။
လာမဲ့ သီတင်းပတ်တွေ အတွင်းမှာလည်း ဘရပ်ဆဲလ် မှာ ကျင်းပမဲ့ ဥရောပ သမဂ္ဂ ခေါင်းဆောင်များ ထိပ်သီး ညီလာခံ မှာ လည်း ဒီကိစ္စကို အလေးပေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာမာခဲလ် က ဥရောပ ခေါင်းဆောင်တွေ နဲ့ ခိုလှုံဝင်ရောက်လာသူတွေ အရေး နဲ့ ခိုလှုံခွင့်ပေးတဲ့ မူဝါဒ တွေ ကို အလုပ်ဖြစ်အောင် ဆွေးနွေးရတော့မှာ ဖြစ်ပါတယ်။
နဂိုကမှ ဂျာမန် ညွန့်ပေါင်း အစိုးရ ဟာ အင်အားခိုင်မာမှု မရှိတဲ့ ကြားမှာ ပြည်ထဲရေး ဝန်ကြီး ဟို့တ်ဇေးဟိုဖာ က ဥရောပ ထိပ်သီးဆွေးနွေးပွဲမှာ လူဝင်မှု ကြီးကြပ်ရေး မူဝါဒ နဲ့ ပတ်သက် လို့ သဘောတူညီချက် မရခဲ့ရင် ဂျာမနီ နိုင်ငံ ရဲ့ နယ်စပ် တွေ ကို ရှေ့လ မှာ တင်းတင်းကြပ်ကြပ် ထိန်းချုပ်တော့မယ် လို့ ပြောပါတယ်။
ဥရောပ နိုင်ငံတွေ အကြားမှာ တူညီတဲ့ သဘောထား အဖြေဖြစ်တဲ့ နယ်စပ်မှာတင် အထောက်အထားမဲ့ ခိုလှုံဖို့ ဝင်လာသူတွေကို တားမြစ် ပိတ်ပင် နိုင်ကြမယ် ဆိုရင် ဒါဟာ ဝမ်းသာစရာ သတင်း ဖြစ်ပြီး ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် အနေနဲ့ လည်း ဂျာမနီ နိုင်ငံ မှာ ခိုလှုံပိုင်ခွင့် မရှိသူတွေ ကို လက်မခံခြင်းဟာ ဥရောပ နိုင်ငံ တွေ အကြား သဘောတူညီမှု ရတဲ့ အပေါ် မှာ ထောက်ခံမှု ပြုကြမှာပါ လို့ မစ္စတာ ဟိုဖာက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, JESCO DENZEL VIA GETTY IMAGES
ဝန်ကြီးချုပ် မာခဲလ် အနေနဲ့ လည်းလူဝင်မှု ပေါ်လစီ နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ဂျာမန်ပြည်သူတွေ ကိုယ်တိုင် သူတို့ ခေါင်းဆောင် အပေါ်မှာ ယုံကြည်မှု နည်းလာတဲ့ အကြောင်း၊ ဂျာမနီ နိုင်ငံ တွင်း မှုခင်း တိုးပွားမှု ရှိလာခြင်းအပြင် သန်းနဲ့ချီတဲ့ လူတွေ ဝင်ခွင့် ပေးလိုက်တဲ့ အတွက် မိမိ တို့ နိုင်ငံ အသီးသီးရဲ့ ယဉ်ကျေးမှု တွေပါ ပြောင်းလဲ ဖို့ ဖြစ်လာစေခဲ့တယ် လို့ အမေရိကန် သမ္မတ ထရမ့် ကဝေဖန် လိုက်ပါတယ်။
ဂျာမနီ နိုင်ငံ ရဲ့ အကျိုးစီးပွား ကို ထိန်းသိမ်းတဲ့ အနေနဲ့ရော ခိုလှုံဖို့ဝင်လာသူတွေ အရေးကိစ္စ ထိန်းချုပ်ရေး ကို ဥရောပ အိမ်နီးချင်း နိုင်ငံ တွေ နဲ့ ညှိနှိုင်း ဆောင်ရွက် သွားမှာ ဖြစ်ပြီး ညွန့်ပေါင်း အစိုးရ အတွင်းမှာလည်း ခိုလှုံခွင့် တောင်းသူတွေ လျှော့ချရေး နဲ့ ၂၀၁၅ ခုနှစ် တုန်း ကလို သန်းနဲ့ ချီတဲ့ လူတွေဂျာမနီ နိုင်ငံ ထဲ ဝင်လာကြတာမျိုး မဖြစ်စေဖို့ လည်း သဘောတူထားပါပြီ လို့ ဝန်ကြီးချုပ် မာခဲလ် ကပြောပါတယ်။
ပြည်ထဲရေး ဝန်ကြီး ဟို့တ်ဇေးဟိုဖာ ကတော့ မစ္စက်မာခဲလ် အနေနဲ့ သီတင်း နှစ်ပတ်မှာ ဥရောပ ခေါင်းဆောင်တွေ နဲ့ လူဝင်မှု ပေါ်လစီ သဘောတူညီမှု မရခဲ့ရင် သူ့ဘက် က သတိပေးထားတဲ့ အတိုင်း နယ်စပ် မှာတင် ခိုလှုံဖို့ ရောက်လာသူတွေ ကို လက်မခံ ပဲ ပြန်လွှတ်တော့ မယ် လို့ ဆိုလိုက်ပြီ ဖြစ်ပါတယ်။








