ရွှေ့ပြောင်း၀င်ရောက်သူတွေပါလှေကို အီတလီ လက်မခံ

ဓာတ်ပုံ ရင်းမြစ်, SOS MEDITERRANEE
ရွှေ့ပြောင်း ၀င်ရောက်သူ ခြောက်ရာကျော်ပါတဲ့ လှေတစင်း အီတလီ ဆိပ်ကမ်းကို ဆိုက်ကပ်လာရာမှာ ပြည်ထဲရေး ဝန်ကြီးသစ် Matteo Salvini က တားမြစ်လိုက်ပါတယ်။
သာမန်ပြည်သူတွေကို ကိုယ်စားပြုတဲ့ လက်ယာယိမ်း The League ပါတီ ခေါင်းဆောင် မစ္စတာ ဆာလ်ဗီနေ ဟာ မော်လတာ နိုင်ငံမြို့တော် Valletta မှာ the Aquarius ကယ်ဆယ်ရေး လှေကို ဆိုက်ကပ်ခွင့်ပြုဖို့ မော်လတာ အာဏာပိုင်တွေဆီ စာရေး တောင်းခံခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂျာမန် လူမှုကယ်ဆယ်ရေး အဖွဲ့တဖွဲ့ ဖြစ်တဲ့ SOS Mediterranee က လစ်ဗျားရေပြင်မှာ ဒီရွေ့ပြောင်း၀င်ရောက်သူတွေကို ခေါ်ယူခဲ့တာကြောင့် ဒါဟာ အီတလီရဲ့ စီရင်မှုအောက်မှာ သက်ရောက်နေတယ်လို့ မော်လတာက ပြောပါတယ်။
ရွှေ့ပြောင်းဝင်ရောက်သူတွေ ပါတဲ့ ရာဘာလှေ တစင်း ပျက်သွားပြီးနောက်မှာ ဆယ်ဂဏန်းချီ ရှိတဲ့ လူတွေကို ရေပြင် အမှောင်ထဲမှာ ကယ်တင်ခဲ့ရတယ်လို့ SOS Mediterranee က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဥရောပ ထဲ လူတွေ ရွှေ့ပြောင်း ၀င်ရောက် နေတဲ့ အကြပ်အတည်း နဲ့ ပတ်သက်လို့ ဩစတြီးယား နိုင်ငံ မြို့တော် ဗီယာနာ မှာ ၂၀၁၆ နှစ်ဆန်းပိုင်းတုန်း က ဆွေးနွေးခဲ့ ကြဖူးပါတယ်။
အဲဒီ ဆွေးနွေးပွဲ အပြီး မှာတော့ ဩစတြီးယား နဲ့ ဘော်လ်ကန် ဒေသ နိုင်ငံ တွေ က သူတို့ နိုင်ငံ တွေထဲ ဖြတ်သန်း သွား နေတဲ့ ရွှေ့ပြောင်းသူ အရေအတွက် ကို သိသိသာသာ လျှော့ချ နိုင်ရေး အတွက် လုပ်ဆောင် ကြဖို့ ကျန် ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံ တွေကို တိုက်တွန်း လိုက်ပါတယ်။
အီးယူ အဖွဲ့ မပြိုမကွဲ ဆက်လက် တည်ရှိနိုင်ဖို့ ဆိုရင် ဒီ အရေး ကိစ္စ ကို ဆောင်ရွက်မှ ဖြစ်မယ် လို့ ဩစတြီးယား ပြည်ထဲရေး ဝန်ကြီး ယိုဟာနာ မီခဲလ်-လိုက်တနာ က ပြောပါတယ်။
တခါ၊ ဘယ်လ်ဂျီယမ် နိုင်ငံ ကလည်း ပြင်သစ်နဲ့ နယ်စပ် ဝင်ပေါက် တွေ ကို ပြန်လည် တင်းကြပ် လာပြီး ကတည်းက ပြင်သစ် ကနေ ဝင်လာတဲ့ ရွှေ့ပြောင်းသူ အယောက် ၈၀ ကို ပြန်လည် စေလွှတ်ခဲ့ပြီး ဖြစ်တယ် လို့ ဆိုပါတယ်။
အဲဒီ ရွှေ့ပြောင်းသူတွေ ဟာ ကာလေ ဆိုတဲ့ ပြင်သစ် မြို့ကနေ လာသူတွေ ဖြစ်တယ်လို့ ယူဆ ရကြောင်း ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့က ပြောပါတယ်။








