တရားမဝင် နေထိုင်သူ မိဘတွေဆီက ကလေးငယ် ၂၀၀၀ အမေရိကန် အစိုးရ ဖယ်ထုတ်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နိုင်ငံမှာ သမ္မတ ထရမ့် အစိုးရက လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တင်းကြပ်မှုတွေကို အကောင်အထည်ဖေါ် ဆောင်ရွက်နေရာမှာ တရားမဝင် နေထိုင်နေသူ မိဘတွေဆီကနေ ကလေးငယ်ပေါင်း နှစ်ထောင် နီးပါးလောက်ကို ဧပြီလနဲ့ မေလအတွင်း မက္ကဆီကို နယ်စပ်မှာ ခွဲခြား ဖယ်ထုတ်ခဲ့ကြောင်း အမေရိကန် အရာရှိတွေ က ပြောပါတယ်။
ကလေးတွေကို ထိန်းသိမ်းရေး စခန်းမှာ ထားထားပြီး မိဘတွေကိုတော့ နယ်စပ်ကို တရားမဝင် ကျော်ဖြတ်ဝင်ရောက်လာမှုနဲ့ တရားစွဲ အရေးယူဖို့ သတ်သတ် ထိန်းသိမ်းထားတယ်လို့ အမေရိကန် ပြည်တွင်း လုံခြုံရေး ဌာနက ဆိုပါတယ်။
အဲဒီဌာန က စာရင်းတွေ အရ ကလေးပေါင်း ၁၉၉၅ ယောက် ကို ထိန်းသိမ်းထားတဲ့ လူကြီး ၁၉၄၀ ယောက် ဆီ ကနေ ခွဲထုတ် ထားထားတယ်လို့ သိရပါတယ်။
ကလေးတွေရဲ့ အသက်အရွယ်တွေ ကိုတော့ အသေးစိတ် ဖော်ပြမထားပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA
ကုလသမဂ္ဂ က လည်း အမေရိကန်ကို အခုလို ကလေးငယ်တွေ ကို လူကြီးတွေနဲ့ခွဲခြားဖယ်ထုတ်နေတာ ကို အမြန်ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။
ဒီလို ဆောင်ရွက်မှုမျိုးတွေ ကို တားဆီးဖို့ သမ္မတ ထရမ့်ရဲ့ ရီပတ်ဘလီကန် ပါတီ ကိုယ်တိုင်က အဆိုပြု တင်ပြထားတဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကြမ်းသစ်တခုကို သမ္မတ ထရမ့်က လက်မခံပဲ ပယ်ချတဲ့ ပုံမျိုး ပြောခဲ့ပြီး ရီဘတ်ဘလီကန် အမတ်တွေ က သမ္မတအနေနဲ့ ထောက်ခံလိမ့်မယ် လို့ မျှော်လင့်ခဲ့တာပါ။
အခုတော့ ဒီဥပဒေကြမ်းကို သမ္မတ က လက်မှတ်ရေးထိုး အတည်ပြုဖွယ် ရှိတယ်လို့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေကို ကိုးကားပြီး အမေရိကန် သတင်း မီဒီယာတွေမှာ ဖေါ်ပြနေကြပါတယ်။




