မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု မရှိတော့ဘူးလို့ ထရမ့် ပြော

မြောက်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, နျူကလီးယားခြိမ်းခြောက်မှု အန္တရာယ် မရှိတော့ဘူးလို့ ထုတ်ဖော် ကြေညာ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုန်းအွန်နဲ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ အမေရိကန် သမ္မတ ထရမ့်က မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားခြိမ်းခြောက်မှု အန္တရာယ် မရှိတော့ဘူးလို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

သူစီးလာတဲ့ လေယာဉ် ဝါရှင်တန်မြို့ကို ဆိုက်ရောက်လာအပြီး သမ္မတ ထရမ့်က အခု အားလုံး ပိုလုံခြုံဘေးကင်းသွားကြပါပြီ ဆိုပြီး သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဖေါ်ပြခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ စစ်ရေး ပူးတွဲ လေ့ကျင့်နေမှုတွေကို ရုတ်သိမ်းဖို့ သမ္မတ ထရမ့်က ရုတ်တရက် ဆုံးဖြတ်လိုက်တာအပေါ် တောင်ကိုရီးယား အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo တောင်ကိုရီးယားနိုင်ငံကို ဇွန်လ ၁၃ ရက်နေ့ ဒီကနေ့မှာ ရောက်ရှိလာပါတယ်။

မြောက်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယား အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo တောင်ကိုရီးယားနိုင်ငံကို ဇွန်လ ၁၃ ရက်နေ့ ဒီကနေ့မှာ ရောက်ရှိလာပါတယ်။

သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး က ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီစစ်ရေး ပူးတွဲလေ့ကျင့်မှုဟာ ဒေသတွင်း လုံခြုံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန် ဆက်ဆံရေး ပိုတိုးတက် ကောင်းမွန်လာတဲ့အခါ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပေးမယ်လို့ သမ္မတ ထရမ့်က ကတိပြုထားတယ် ဆိုပြီး မြောက်ကိုရီးယား အစိုးရ သတင်းမီဒီယာတွေမှာ ဖေါ်ပြနေပါတယ်။

စင်္ကာပူနိုင်ငံမှာ သမ္မတ ထရမ့်နဲ့ ကင်ဂျုန်းအွန်တို့ တွေ့ဆုံဆွေးနွေးခဲ့အပြီး လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူချက်ထဲမှာတော့ ဒီကတိပြုချက် မပါဝင်ပါဘူး။

မြောက်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လေယာဉ် ဝါရှင်တန်မြို့ကို ဆိုက်ရောက်လာအပြီး သမ္မတ ထရမ့်က အခု အားလုံး ပိုလုံခြုံဘေးကင်းသွားကြပါပြီ ဆိုပြီး သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဖေါ်ပြ

ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်တုန်းကတော့ သမ္မတထရမ့် အစိုးရအဖွဲ့က တာဝန်ရှိသူတွေက မြောက်ကိုရီးယား အစိုးရအနေနဲ့ သူတို့ရဲ့ နျူကလီယားစီမံကိန်းကို အဆုံးသတ်ဖို့ ထိရောက်ပြီး နောက်ပြန်မလှည့်နိုင်တဲ့ ဆောင်ရွက်မှုမျိုး မလုပ်ပြမချင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ထရမ့် - ကင် ထိပ်သီး ဆွေးနွေးပွဲ