ခေတ်ပြောင်းလာပြီလို့ မြောက်ကိုရီးယား သတင်းစာ ရေးသား

အမေရိကန်နဲ့ကြား ဆက်ဆံရေးသစ် ထူထောင်ဖို့ ဖြစ်လာနိုင်တယ် ဆိုပြီး ထိပ်သီး ဆွေးနွေးပွဲ အကြိုရက်မှာ မြောက်ကိုရီးယား မီဒီယာက ရေးလာပါတယ်။
အမေရိကန် အပေါ် ရန်သူသဖွယ် ဆယ်စုနှစ်ပေါင်းများစွာ သဘောထားခဲ့တဲ့ မြောက်ကိုရီးယား အနေနဲ့ သမိုင်းဝင် ဆွေးနွေးပွဲ လက်တကမ်း အလိုမှာ လေသံ လျှော့ချ လာတာ ဖြစ်ပါတယ်။
အများမျှော်လင့် နေကြတဲ့ ထိပ်သီး ဆွေးနွေးပွဲ အဆင်ပြေပြေ ရှိလိမ့်မယ်လို့ သူ ခံစားရတဲ့ အကြောင်း အမေရိကန် သမ္မတ ထရမ့်ကလည်း ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အမေရိကန် သမ္မတတို့ သမိုင်းတလျှောက် ပထမဆုံး အကြိမ် မျက်နှာချင်းဆိုင်ထိုင် စကားပြောပွဲ ပြုလုပ်ဖို့ တနင်္ဂနွေ နေ့ကပဲ ခေါင်းဆောင် နှစ်ယောက်လုံး ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ့် စင်္ကာပူနိုင်ငံကို ရောက်လာခဲ့ကြပြီ ဖြစ်ပါတယ်။
ထရမ့်ကတော့ သူ စင်္ကာပူကို ရောက်ပြီး နောက်တစ်နေ့ တနင်္လာ မနက်မှာပဲ ရွေးကောက်ပွဲ အကြို စင်္ကာပူရဲ့ လေထုထဲ စိတ်လှုပ်ရှားမှုတွေ ပြည့်လျှမ်းနေတယ် ဆိုပြီး သူ့ရဲ့ တွစ်တာ စာမျက်နှာပေါ် ရေးသား ခဲ့ပါတယ်။
စင်္ကာပူ ထိပ်သီးဆွေးနွေးပွဲ ကနေ အစပြုပြီး မြောက်ကိုရီးယား ဘက်က နျူကလီယာ လက်နက် စွန့်လွှတ်ရေး လုပ်ငန်းစဉ် စတင် လာဖို့ရာ ထရမ့် မျှော်လင့် နေတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား အစိုးရ မီဒီယာ အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင် ကင်ဂျုံအွန်း လက်ရှိ လုပ်ဆောင် နေတဲ့ အရာမှန်သမျှ အချိန်နဲ့ တပြေးညီ ဖော်ပြတယ် ဆိုတာ အင်မတန် ရှားပါတယ်။
ပြီးခဲ့တဲ့ မေလထဲ မြောက်ကိုရီးယား မီဒီယာ အနေနဲ့ စင်္ကာပူ ထိပ်သီး ဆွေးနွေးပွဲ အကြောင်း တစွန်းတစ ပြောတာမျိုး အကြိမ်ရေ အနည်းငယ်သာ ရှိခဲ့ပါတယ်။

အခုတော့ နိုဒွန် ရှင်မွန်း ဆိုတဲ့ မြောက်ကိုရီးယား သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်မှာ မစ္စထာ ကင်ရဲ့ စင်္ကာပူ ခရီး အကြောင်း ရေးသားထားပြီး " ပြောင်းလဲလာတဲ့ ခေတ်သစ်ရဲ့ တောင်းဆိုမှုတွေနဲ့ လိုက်လျောညီထွေ ရှိစေဖို့ အမေရိကန်နဲ့ကြား ဆက်ဆံရေးသစ် ထူထောင်မယ်" ဆိုပြီး ရေးသား ထားပါတယ်။
ကိုရီးယား ကျွန်းဆွယ်မှာ အမြဲ ငြိမ်းချမ်းတဲ့ အစိုးရ ရှိလာစေဖို့နဲ့ နျူကလီယာအရေးလို ဘုံ စိုးရိမ်ကြောင့်ကျမှုတွေကို ဖြေရှင်းနိုင်ဖို့ မြောက်ကိုရီးယား အနေနဲ့ အင်မတန် ကျယ်ပြန့် နက်ရှိုင်းတဲ့ အယူအဆ အတွေးအမြင်တွေ ရှိနေတယ်လို့ နိုဒွန် ရှင်မွန်းက ဆိုပါတယ်။
အတိတ်ကာလတုန်းက မြောက်ကိုရီးယား အပေါ် ရန်လိုခဲ့တဲ့ နိုင်ငံတွေ ဆိုရင်တောင် မြောက်ကိုရီးယားရဲ့ ကိုယ့်ကြမ္မာ ကိုယ်စီရင်ပိုင်ခွင့် လွတ်လပ်မှု အပေါ် လေးစားကြောင်း ပြသလာရင် ဆွေးနွေးပွဲတွေက တဆင့် ဆက်ဆံရေး ထူထောင်ဖို့ အသင့်ပဲလို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန် အပေါ် အမြဲပဲ ရန်သူ အဖြစ် သတ်မှတ် သဘောထားတာ ဖြစ်ပြီး ပြုံယမ်းမြို့တော်မှာ ဆိုရင် အမေရိကန် ဆန့်ကျင်ရေး သီးသန့် ပြတိုက်တောင် ထားရှိ ထားတာ ဖြစ်ပါတယ်။
ဆိုးယုတ်မှု အပေါင်းကို ကိုယ်စားပြုတဲ့ မိစ္ဆာ အင်ပါယာကြီး ဆိုပြီး အမေရိကန်ကို ရည်ညွှန်း ခဲ့တဲ့ မြောက်ကိုရီးယားဟာ သူတို့ လေသံကို အင်မတန် လျှော့ချ လာတာ ဖြစ်ပါတယ်။
နိုဒွန်ရှင်မွန်း အယ်ဒီတာ့ အာဘော်မှာ ပါတဲ့ "ပြောင်းလဲလာတဲ့ ခေတ်သစ်" ဆိုတဲ့ ဝေါဟာရကို သုံးစွဲလာတာ အင်မတန် အရေးကြီးတယ်လို့ စင်္ကာပူမှာ ရှိနေတဲ့ ဘီဘီစီသတင်းထောက် လော်ရာ ဘစ်ကာက ဆိုပါတယ်။
ဘယ်လို ခေတ်ပြောင်းလာတာလဲ ဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို ပုံအော သုံးစွဲတာတင်မက နိုင်ငံတကာ သံတမန် ဆက်ဆံရေးတွေ အပျက်စီးခံပြီး နျူကလီယာ လက်နက်တွေကို ဆယ်စုနှစ်ပေါင်း များစွာ တည်ဆောက် လာတာကနေ လက်ရှိခေါင်းဆောင် ကင်ဂျုံအွန်းက သူ့ အနေနဲ့ အမေရိကန်နဲ့ကြား ညှိနှိုင်း ဆွေးနွေးဖို့ လိုအပ်လာတယ် ဆိုတဲ့ အကြောင်း မြောက်ကိုရီးယား ပြည်သူတွေကို အသိပေးလာတာ ဖြစ်ပါတယ်။










