မလေးရှား ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ရာထူးကထွက်

malay

ဓာတ်ပုံ ရင်းမြစ်, FAZRY ISMAIL

ဓာတ်ပုံ ပုံစာ, မလေးရှား ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး မူဟာမက် အီဘရာဟင်

မလေးရှားနိုင်ငံမှာ ငွေကြေးအရှုပ်တော်ပုံ တခုအကြောင်း အစိုးရသစ်က ဆက်လက် စုံစမ်း စစ်ဆေးနေချိန်မှာပဲ မလေးရှား ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ရာထူးကနေ နုတ်ထွက်သွားပါတယ်။

မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မလေးရှား ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးရဲ့ နုတ်ထွက်စာကို လက်ခံရထားပါပြီ။ သူ့နေရာမှာ ဘယ်သူကို အစားထိုး ခန့်မလဲ ဆိုတာ မဆုံးဖြတ်ရသေးပါဘူးလို့ ပြောပါတယ်။

ဘုရင်မင်းမြတ်ရဲ့ အတည်ပြုချက် ယူဖို့ လိုသေးတာမို့ ကြေညာဖို့ မရှိသေးပါဘူးလို့ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောပါတယ်။

ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး မူဟာမက် အီဘရာဟင်ဟာ ရာထူး သက်တမ်း တဝက်တောင် မလုပ်ရသေးပါဘူး။

malay

ဓာတ်ပုံ ရင်းမြစ်, FAZRY ISMAIL

ဓာတ်ပုံ ပုံစာ, မလေးဝန်ကြီးချုပ်ဟောင်း ကတော်ကို ခေါ်စစ်နေ

မလေးရှား ဗဟိုဘဏ်ဟာ 1MDB လို့ အများသိကြတဲ့ အစိုးရ ရင်းနှီးမြှုပ်နှံမှု တခုနဲ့ ဆက်နွယ်နေတဲ့ အကြွေးတွေကို လျော်ပစ်ရာမှာ အရင်အစိုးရဟောင်းကို အကူအညီ ပေးခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရတာပါ။

ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက် တည်ထောင် ကြီးကြပ်ခဲ့တဲ့ အဲဒီ 1MDB ရင်းနှီးမြှုပ်နှံမှုကို စုံစမ်း စစ်ဆေးဖို့ဟာ အစိုးရသစ်ရဲ့ အဓိက ဦးစားပေး ကိစ္စ ဖြစ်တယ်လို့ မလေးရှား ရှေ့နေချုပ် က ပြောပါတယ်။

malay

ဓာတ်ပုံ ရင်းမြစ်, MOHD RASFAN

ဓာတ်ပုံ ပုံစာ, မဟာသီယာနဲ့ အန်နဝါတို့ ပြန်ပေါင်းထုပ်

အစိုးရ ရန်ပုံငွေတွေ အလွဲသုံးတယ် ဆိုပြီး စွပ်စွဲနေကြတဲ့ ကိစ္စမှာ မလေးရှား ဗဟိုဘဏ်ရဲ့ ကဏ္ဍကို မူဟာမက်က ခုခံ ကာကွယ်ခဲ့ပါတယ်။

မလေး အစိုးရဟောင်းက မြေကွက်တခုကို ရောင်းပြီး ရတဲ့ငွေတွေနဲ့ 1MDB အကြွေးတွေ လျော်ရာမှာ ဗဟိုဘဏ်က ပါတယ် ဆိုပြီး ဘဏ္ဍာရေး ဝန်ကြီးသစ်ရဲ့ ပြောစကားထွက်လာပြီးနောက် သူဒီလို ထွက်သွားတာတွေ ဖြစ်လာတာပါ။

မြေရောင်းတဲ့ ကိစ္စက အစိုးရ သတ်မှတ်ချက်တွေနဲ့ ကိုက်တယ်ဆိုပြီး မူဟာမက်က ခုခံ ပြောပါတယ်။

မြေကွက်ကို တမင်ရောင်းပြီး အစိုးရ အရှုပ်တော်ပုံ ကိစ္စ ပေးလျော်ရာမှာ ကူတယ် ဆိုပြီး လုံးဝ မမှန်ဘူးလို့ သူက ရုံးကို အီးမေးပို့တယ်လို့ မလေးသတင်းစာတွေက ဆိုပါတယ်။

မလေးရှား ဗဟိုဘဏ် အနေနဲ့ ဒီလို ကိစ္စမျိုးမှာ ဘယ်တော့မှ ပါမှာ မဟုတ်ဘူး၊ လူထု ယုံကြည်မှု ပျက်အောင်လည်း လုပ်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ခြစားမှု၊ အာဏာ အလွဲသုံးမှုတွေကို ကျွန်တော်တို့ ရှုတ်ချပါတယ် လို့လည်း မူဟာမက်က သူနုတ်ထွက်စာ မတင်ခင်မှာ သူ့ရုံးဝန်ထမ်းတွေကို အီးမေးပို့ခဲ့တယ်လို့ မလေးရှား သတင်းဝက်ဆိုက်တွေမှာ ရေးသား နေကြပါတယ်။