လူမည်းကပြားနဲ့ ပထမဆုံးဆောင်တဲ့ ဗြိတိသျှ တော်ဝင်

uk

ဓာတ်ပုံ ရင်းမြစ်, Owen Humphreys

ဓာတ်ပုံ ပုံစာ, တနိုင်ငံလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပြီ

ဗြိတိသျှ ဘုရင်မကြီးရဲ့ မြေးတော် မင်းသား ဟယ်ရီနဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး မက်ဂန် မာကဲလ် တို့ ဝင်ဆာမြို့မှာ မေလ ၁၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပ ပါတော့မယ်။

ဒီမင်္ဂလာပွဲက မင်းသားနဲ့ မင်းသမီး လက်ထပ်ကြမယ့် မင်္ဂလာပွဲ ဖြစ်တာကိုက ပထမဆုံး ထူးခြားချက်လို့ ပြောရမှာပါ ။

မင်းသား ဆိုတာက နန်းသွေး နန်းလျာ တော်ဝင်မင်းသားပါ။ ဗြိတိသျှ ဘုရင်မကြီးရဲ့ မြေးတော်၊ ဝေလမင်းသား ချားလ်စ်နဲ့ ကွယ်လွန်သူ ဝေလမင်းသမီး ဒိုင်ယာနာ တို့ရဲ့ သားတော် အငယ် မင်းသား ဟယ်ရီ ဖြစ်ပါတယ်။ သူက ဗြိတိသျှ နန်းလျာ စာရင်းမှာ နံပါတ် ၆ နေရာမှာ ရှိပါတယ်။

မင်းသမီး ဆိုတာကတော့ အမေရိကန်က ဟောလိဝုဒ် ရုပ်ရှင်သမီး မင်းသမီး မက်ဂန် မာကဲလ်ပါ။ မက်ဂန် ကတော့ အမေရိကန်က Suits တီဗီ ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးပါတယ်။

uk
ဓာတ်ပုံ ပုံစာ, ဝင်ဆာ ဘူတာက မင်္ဂလာလမ်းညွှန်

သူတို့ နှစ်ယောက် စေ့စပ်လိုက်ကြပြီ၊ မကြာခင် မင်္ဂလာပွဲ လုပ်တော့မယ်လို့ ကြေညာလိုက်ပြီးကတည်းက တနိုင်ငံလုံးမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ကြပါတယ်။

ဖြစ်ဆို မက်ဂန်က လူမည်းသွေး နှောသူပါ။ ဖခင်က လူဖြူ မိခင်က လူမည်း၊ တခါ သူ့မိဘတွေက အိမ်ထောင်လည်း ကွဲနေ ပါတယ်။

တော်ဝင်မိသားစုထဲမှာ လူဖြူမဟုတ်တဲ့ တခြား သွေးနှောသူနဲ့ လက်ထပ်ထိမ်းမြားတာ မရှိခဲ့ဖူးပါဘူး။

ဟယ်ရီနဲ့ မက်ဂန် တို့ရဲ့ အချစ်ဇတ်လမ်းက ၂ဝ၁၆ နွေရာသီ က စခဲ့ပါတယ်။ သူငယ်ချင်း တစ်ယောက်က မိတ်ဆက်ပေးလို့ စတင်တွေ့ဆုံ ခဲ့ကြပြီး ချစ်သက်တမ်း ၁၈လ အကြာမှာပဲ စေ့စပ်ကြောင်း ကြေညာလိုက်ကြပါတယ်။

မြင်မြင်ချင်း ချစ်မိခဲ့ကြတာလို့ သူတို့နှစ်ယောက်လုံးက ပြောပါတယ်။

မင်းသားဟယ်ရီက မက်ဂန်ကို စတွေ့တွေ့ချင်း ဖူးစာရှင် အစစ်ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်၊ သူ့ကို တွေ့ရ တာနဲ့ အရာရာ ပြည့်စုံသွားတယ်လို့ ဆိုပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တခုလပ်နဲ့ယူလို့ နန်းစွန့်ရတဲ့ အက်ဒွပ်ဘုရင်

မင်းသား ဟယ်ရီက မက်ဂန်နဲ့ မတွေ့ခင် ချစ်သူ ရည်းစားတွေ ရှိခဲ့ပါတယ်။ မက်ဂန်ကတော့ အရင်က အိမ်ထောင်ကျခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်က ကွာရှင်းခဲ့ ပါတယ်။

ဒီလို အိမ်ထောင်ကွဲ အမျိုးသမီးကို တော်ဝင် မင်းသားတစ်ယောက်က လက်ထပ်တယ် ဆိုတာကလည်း ဒီမင်္ဂလာပွဲရဲ့ ထူးခြားမှုပါ။

၁၉၃၀ ပြည့်လွန် နှစ်တွေ တုန်းကတော့ မင်သားဟယ်ရီ ရဲ့ အဘေး ဘုရင်မကြီးရဲ့ အဲလစ်ဇဘက်ရဲ့ ဘထွေးတော် အဋ္ဌမမြောက် အက်ဒွပ် ဘုရင်က အမေရိကန် က အိမ်ထောင်ကွဲ အမျိုးသမီးနဲ့ လက်ထပ် ခဲ့လို့ ထီးနန်းကို စွန့်ခဲ့ရ တာရှိခဲ့ဖူး ပါတယ်။

ဗီဒီယို ပုံစာ, မေလ ၁၉ ရက် စနေနေ့မှာ လန်ဒန်အနီးက ဝင်ဆာရဲတိုက်ကြီးမှာ မင်္ဂလာဆောင်မှာ ဖြစ်ပါတယ်။
uk

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြင်းရထားနဲ့ မြို့ထဲကို လှည့်ဖို့ပြင်

အခုတော့ မင်္ဂလာပွဲကို လန်ဒန် အနောက်ဘက် မိုင် ၂ဝ လောက် ဝေးတဲ့ ဝင်ဆာမြို့က ဘုရင်မကြီးရဲ့ စံအိမ်တော် ဝင်ဆာ ရဲတိုက်ကြီးထဲက စိန့်ဂျော့ ဘုရားကျောင်းမှာ ကျင်းပဖို့ ပြင်ဆင်မှုတွေ အပြီးသတ် လုပ်နေပါပြီ။

မင်္ဂလာဆောင်ပြီးရင် မြို့ထဲကို မြင်းရထားနဲ့ မြို့ထဲကို လှည့်မယ့် အစီအစဉ် အတွက် ဂုဏ်ပြုတပ်တွေက အခု ပြင်ဆင် လေ့ကျင့် နေကြပါတယ်။

ရာသီဥတု သာယာပြီး မိုးမရွာရင် အမိုးဖွင့် မြင်းရထားနဲ့ သူတို့ မြို့ထဲကို လှည့်ကြဖို့ ရှိပါတယ်။

မင်္ဂလာ အခမ်းအနားမှာ သတို့သမီးကို သတိုးသား လက်ထဲ ဖခင်က ခေါ်လာပြီး အပ်ရတဲ့ ထုံးစံ ရှိတာမို့ မက်ဂန်ကို ခေါ်လာရမယ့် သူ့ဖခင်က နှလုံး ကျန်းမာရေးကြောင့် မင်္ဂလာပွဲ တက်နိုင် မတက်နိုင် မသေမချာ ဖြစ်ခဲ့ချိန်မှာ သတို့သမီးကို ဘယ်သူ ခေါ်လာမလဲ ဆိုတာ နိုင်ငံတဝန်း စိတ်ဝင်စားခဲ့ကြပြီး လောင်းကစားဒိုင်တွေမှာ လောင်းကြေးထပ်ခဲ့ကြပါတယ်။

မက်ဂန်ရဲ့ အမေဖြစ်မလား ချားလ်စ် မင်းသား ဖြစ်မလား လောင်းခဲ့ကြရာမှာ ချားလ်းစ် မင်းသားက လောင်းကြေး အများဆုံးပါ။

uk

ဓာတ်ပုံ ရင်းမြစ်, JEAN-PIERRE AMET

ဓာတ်ပုံ ပုံစာ, ချားလ်စ် မင်းသားက မက်ဂန်ကို မင်္ဂလာ အခမ်းအနားထဲ ခေါ်လာမယ်

အခုတော့ ဟယ်ရီရဲ့ ဖခင် ဗြိတိသျှ အိမ်ရှေ့စံ ချားလ်စ် မင်းသားက မက်ဂန်ကို ဒီတော့ မက်ဂန်ကို ဘယ်သူက ဘုရားကျောင်းထဲ က မင်္ဂလာ အခမ်းအနားထဲ ခေါ်လာမယ်လို့ နန်းတော်က အတည်ပြုလိုက်ပါပြီ။

တောင်၀င်မိသားစုထဲကို ဝင်လာမယ့် ချွေးမလောင်းလေးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။

ဒီမင်္ဂလာပွဲကို ဘုရင်မကြီးရဲ့ ကြင်ယာတော် အသက် ၉၆ နှစ် အရွယ် ဖိလစ် မင်းသားကြီးလည်း တက်ရောက်မယ်လို့ ဒီကနေ့ပဲ ကြေညာပါတယ်။

အခုတော့ သူတို့ နှစ်ယောက် ရဲ့ မင်္ဂလာပွဲကြီး ကျင်းပဖို့ နာရီပိုင်းပဲ လိုပါတော့တယ်။

ဗီဒီယို ပုံစာ, တော်ဝင်မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြ
uk

ဓာတ်ပုံ ရင်းမြစ်, Hannah McKay

ဓာတ်ပုံ ပုံစာ, မင်္ဂလာကိတ်ဖုတ်နေပြီ

သတို့သမီး မက်ဂန် ဘယ်လို ဝတ်စုံ ဝတ်လာမလဲ၊ ရိုးရာမင်္ဂလာဝတ်စုံပဲ ဝတ်မလား ဘယ်လို ဆန်းဆန်းပြားပြား များ တွေ့ရလေမလဲ ဆိုတာ ကိုလည်း လူတွေ စိတ်၀င်တစား ရှိနေကြ ပါတယ်။

မင်္ဂလာပွဲကို ဖိတ်ကြားခံရတဲ့ မင်းပရိသတ် တွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကိုယ်တိုင် တက်ရောက်ကြဖို့ ပြင်နေကြသလို အင်္ဂလန်က မင်္ဂလာပွဲကို စိတ်ဝင်တစား ရှိကြတဲ့ သာမန် အရပ်သားတွေ ကလည်း ဝင်ဆာမြို့ကို သွားဖို့ ပြင်နေသူတွေ အဲဒီမှာ ရောက်နေသူတွေ အမြောက်အမြား ရှိနေကြပြီး စနေနေ့ မနက် ၉ နာရီကနေ စတင်ပြီး ရေဒီယိုနဲ့ ရုပ်မြင်သံကြား ကနေ တိုက်ရိုက် ထုတ်လွှင့်မယ့် မင်္ဂလာပွဲ ကို စောင့်ကြည့်ကြမယ့် သူတွေလည်း ရှိနေကြပါတယ်။