ဟယ်ရီတို့ တော်ဝင် မင်္ဂလာပွဲ လမ်းညွှန်

ဟယ်ရီနဲ့ မက်ဂန်

ဓာတ်ပုံ ရင်းမြစ်, Alexi Lubomirski

ဓာတ်ပုံ ပုံစာ, လူသန်းရာချီ စောင့်ကြည့်ကြမယ့် မင်္ဂလာဆောင်

ဟောလီးဝုဒ်ကနေ ဟမ့်ရှိုင်းယားထိ ပုံပြင်ဆန်တဲ့ တော်ဝင် မင်္ဂလာဆောင်က ကြည့်ရှုသူတွေကို ဖမ်းစားနိုင်ပါတယ်။ ဒီ မင်္ဂလာပွဲအကြောင်း အကျဉ်းချုပ် တင်ပြရရင်တော့

ဒီတခါ ဆောင်မှာ ဘယ်သူတွေလဲ။

ဗြိတိသျှ ဘုရင်မရဲ့ မြေးတော်၊ ဝေလမင်းသားနဲ့ ကွယ်လွန်သူ ဒိုင်ယာနာ မင်းသမီးတို့ သားတော်နဲ့ ဟောလီးဝုဒ် မင်းသမီး မက်ဂန် မာကယ်တို့ ဆောင်ကြမှာပါ။

ဟယ်ရီက ဗြိတိသျှ နန်းလျာ စာရင်းမှာ နံပါတ် ၆ ပါ။ မက်ဂန်ကို Suits တီဗီ ဇာတ်လမ်းတွဲနဲ့ လူသိများပါတယ်။

၂ဝ၁၆ ကတည်းက မိတ်ဆွေတွေကတဆင့် သူတို့ သိကြတာပါ။ တညမှာ သူတို့ ကြက်သားရို့စ် ချက်ကြရင်း မင်းသားက စကားစလာခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာဆောင်မယ့်ရက် က ဘယ်ရက်လဲ။

၂ဝ၁၈ မေလ ၁၉ ရက် စနေနေ့မှာ ဖြစ်ပါတယ်။

ဘယ်အချိန် စမှာလဲ။

ဒေသစံတော်ချိန် မွန်းတည့်ချိန်မှာ ဝင်ဆာ ရဲတိုက်ထဲက စိန့်ဂျော့ ဘုရားကျောင်းမှာပါ။ လန်ဒန် အနောက်ဘက် မိုင် ၂ဝ လောက် ဝေးပါတယ်။

မြန်မာပြည်က စောင့်ကြည့်မယ် ဆိုရင် ညနေ ၅ နာရီခွဲမှာပါ။

ဟယ်ရီနဲ့ မက်ဂန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂ဝ၁၇ နိုဝင်ဘာ ၂၇ မှာ စေ့စပ်ကြောင်းကြေညာ

ဘယ်က စောင့်ကြည့်နိုင်သလဲ

ဘီဘီစီ ဝက်ဆိုက်မှာ တိုက်ရိုက် လွှင့်ပြမှာပါ။

ဘီဘီစီ ကမ္ဘာသတင်း၊ ဘီဘီစီ အမေရိကနဲ့ ကနေဒါ ဆိုက်တွေမှာလည်း တနေကုန် ထုတ်လွှင့်ပြကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ် ရေဒီယိုကလည်း ဖမ်းယူနားဆင် နိုင်ပါတယ်။

နောက် လူမှု ကွန်ယက်တွေမှာလည်း ဒီမင်္ဂလာပွဲအကြောင်း တင်ဆက် ပေးမှာပါ။

ဗြိတိန် စံတော်ချိန် မနက် ၉ နာရီက စပြီး ဘီဘီစီဝမ်းက ထုတ်လွှင့် တင်ဆက်မှာ ဖြစ်သလို ဘီဘီစီ အိုင်ပလေယာနဲ့ ဘီဘီစီ သတင်းလိုင်း တွေကလည်း ကြည့်ရှုနိုင်ပါတယ်။

ရထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မင်္ဂလာမောင်နှံ ရွှေစက်တင်မယ့် ရထားတော်

မင်္ဂလာပွဲ အချိန်ဇယား

ဘုရားကျောင်းမှာ မင်္ဂလာ ကိစ္စ ပြီးမြောက်တာနဲ့ သတို့သား သတို့သမီးကို မြင်းရထားမှာ တင်ပြီး ဝင်ဆာမြို့ လမ်းတွေမှာ လှည့်လည်မှာ ဖြစ်ပါတယ်။

နောက် ဝင်ဆာ ရဲတိုက်ထဲက စိန့်ဂျော့ ခန်းမဆောင်မှာ မင်းပရိသတ် ၆ဝဝ ကို ဘုရင်မက နေ့လယ်စာနဲ့ တည်ခင်း ဧည့်ခံဖို့ ရှိပါတယ်။

ညနေခင်းမှာတော့ အရင်းနှီးဆုံး သူငယ်ချင်း ၂ဝဝ နဲ့ မင်္ဂလာစုံတွဲ အနားက ဖရော့ဂ်မိုးအိမ်တော်ကို ကြွချီဖို့ ရှိပါတယ်။

အဲဒီအိမ်တော် နောက်ခံနဲ့ပဲ သူတို့ စေ့စပ် ဓာတ်ပုံ ရိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖရော့ဂ်မိုးအိမ်တော်

ဓာတ်ပုံ ရင်းမြစ်, PA

ဓာတ်ပုံ ပုံစာ, ၁၇ ရာစု လက်ရာ ဖရော့ဂ်မိုးအိမ်တော်

ဗြိတိန် လာပြီး မင်္ဂလာပွဲ ကြည့်လို့ ရသလား

မင်္ဂလာဆောင် ကြည့်ချင်သူတွေ ဝင်ဆာရဲတိုက်နား လာလို့ ရပါတယ်။

မင်္ဂလာမောင်နှံ ရထားနဲ့ လှည့်တာကို လိုက်ကြည့်တာတို့ အနားက လမ်းတွေနဲ့ ဘုံဆိုင်တွေမှာ လုပ်တဲ့ ပါတီပွဲတွေကို တက်တာတို့ လုပ်နိုင်ပါတယ်။

ဒါပေမဲ့ လူတန်းကြီး ရှည်တာနဲ့ ဟိုတယ်တွေ လူပြည့်နေတာကိုတော့ သတိထားသင့်ပါတယ်။

ဝင်ဆာရဲတိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝင်ဆာရဲတိုက်မှာ ဆောင်မယ်

ဗြိတိန် တနိုင်ငံလုံး ငြိမ်သွားမှာလား

ဗြိတိန်မှာ ရုပ်သံက ပြမယ့် နေ့ပါ။ ဒါပေမဲ့ စနေနေ့ ဆိုတော့ ဗြိတိသျှ လူမျိုးတွေ ပုံမှန်အတိုင်း လမ်းထွက်ကြတာတွေ ရှိမှာပါပဲ။

ဘောလုံး ဝါသနာအိုးတွေအတွက် အက်ဖ်အေကပ် ဗိုလ်လုပွဲလည်း ရှိပါတယ်။

မင်္ဂလာဆောင်ကို လူ ဘယ်လောက် ကြည့်မလဲ

၂ဝ၁၁ ခုနှစ်က ဝီလျံနဲ့ ကိတ်တို့ပွဲကို ဗြိတိန်က လူ ၂၄ သန်းကျော် ကြည့်ကြပါတယ်။ ဒါဟာ ဗြိတိသျှ ရုပ်သံ သမိုင်းမှာ အကြည့်အများဆုံး အစီအစဉ် ၁ဝ ခုထဲမှာလည်း ပါပါတယ်။

၁၉၆၆ ကမ္ဘာ့ဖလားကို လူ ၃၂ သန်းကျော် ကြည့်ခဲ့ပြီး ဒိုင်ယာနာ မင်းသမီး စျာပနကို ၃၂ သန်း ကြည့်ပါတယ်။

ဒစ်ဂျစ်တယ် ခေတ်မှာ ဘီဘီစီ မီဒီယာ ပေါင်းစုံက ၂ဝ၁၁ ပွဲကို ကြည့်ခဲ့တာက ၃၄ သန်း ရှိပါတယ်။

ဒီတခါ ဟယ်ရီတို့ပွဲကိုလည်း လူ သန်းရာချီပြီး ကမ္ဘာတဝှမ်း ကြည့်မယ် ထင်ပါတယ်။

မင်္ဂလာပွဲ အခမ်းအနားက ဘယ်လိုလဲ

ဘုရင်မကြီးက အင်္ဂလီကန် အသင်းတော် အကြီးအကဲ ဖြစ်လို့ ဒီပွဲဟာ အင်္ဂလီကန် လက်ထပ်ပွဲလည်း ဖြစ်ပါတယ်။

မက်ဂန်ဟာ မတ်လ ကတည်းက ကန်တာဘာရီ ဂိုဏ်းချုပ်ကြီး ရှေ့မှာ အင်္ဂလီကန် အသင်းတော်ကို ဝင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီတခါ လက်ထပ်ပွဲမှာလည်း ဂိုဏ်းချုပ်ကြီး ဂျပ်စတင် ဝယ်လဘီကပဲ စီစဉ် လက်ထပ်ပေးမှာပါ။

Princess Diana
ဓာတ်ပုံ ပုံစာ, စပင်ဆာ သရဖူ ဆောင်းတဲ့ ၁၉၈၁ က ဒိုင်ယာနာတို့ လက်ထပ်ပွဲ

မက်ဂန် မင်းသမီး ဖြစ်လာမလား

"မင်းသမီး" ဘွဲ့က ဗြိတိသျှ ထီးနန်းမှာ တော်တော် ရှုပ်ထွေးပါတယ်။

ဟယ်ရီရဲ့ ကြင်ယာတော် အနေနဲ့ မက်ဂန်ကို ဝေလမင်းသမီး ဟင်နရီလို့ မှည့်ခေါ်မှာပါ။

ဒါပေမဲ့ တဘက်မှာလည်း မင်းမျိုးက ပေါက်ဖွားသူတွေမှသာ မင်းသမီး နာမည်ခံနိုင်တဲ့ စည်းကမ်းကလည်း ရှိပါတယ်။

ဘွားတော် ဘုရင်မကြီးက ဝီလျံတို့ကို ကိန်းဘရစ် မြို့စားကြီးနဲ့ မြို့စားကတော် ဘွဲ့နှင်းသလို ဟယ်ရီတို့ကို ဘွဲ့နှင်းတာလည်း ဖြစ်လာနိုင်ပါတယ်။

သူတို့မှာ ကိုယ်ပိုင် အပိုင်စားရတဲ့ နယ်မြေ ရှိလာတဲ့အခါ မက်ဂန်လည်း နယ်စား မြို့စားကတော် ဖြစ်လာနိုင်ပါတယ်။

ဒိုင်ယာနာကိုတော့ ဘယ်တုန်းကမှ ဒိုင်ယာနာ မင်းသမီးလို့ တရားဝင် မခေါ်ခဲ့ပါဘူး။

သူ့ကို အစပိုင်းမှာ ဝေလမင်းသမီး၊ ချားလ်စ်မင်းသားနဲ့ ကွဲပြီးနောက်ပိုင်း ဝေလ မင်းသမီး ဒိုင်ယာနာ လို့ ပြောင်းခေါ်ခဲ့ပါတယ်။

မက်ဂန် သရဖူ ဆောင်းမှာလား

ဘွဲ့နာမည် ဘယ်လိုပေးပေး မက်ဂန်ကို မင်းသုံးအဆောင်အယောင်တွေ ဆင်မြန်းခွင့် ပေးမှာတော့ ဖြစ်ပါတယ်။

လေဒီ ဒိုင်ယာနာ အနိစ္စ ရောက်ချိန်မှာ သူ့ရဲ့ လက်ဝတ်ရတနာတွေကို သားနှစ်ယောက်ရဲ့ ကြင်ယာတော်တွေ အတွက် ထားရစ်ခဲ့ပါတယ်။

မင်းပွဲစိုးပွဲတွေမှာ ဒီရတနာ ပစ္စည်းတွေကို ကိတ် ဆင်မြန်းတတ်ပြီး ဘုရင်မရဲ့ လက်ဝတ်လက်စားတွေကိုပါ ဝတ်ဆင်တာ ဖြစ်ပါတယ်။

အထိမ်းအမှတ်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာတလွှား မင်္ဂလာ အထိမ်းအမှတ်ပွဲတွေလုပ်မယ်

ဘယ်သူတွေကို ဖိတ်မှာလဲ

ဖိတ်ကြားခံရတဲ့ နာမည်ကျော်တွေ စာရင်းစထွက်လာပေမယ့် ဘယ်သူတွေ ကျန်သေးတယ် ဆိုတာတွေလည်း ပြောနေကြပါတယ်။

သူတို့ လက်ထပ်မယ့် ရက်နားမှာ လုပ်မယ့် ဖျော်ဖြေပွဲ နှစ်ပွဲကို ဆာအယ်လတန် ဂျွန်က အချိန်တိုက် နေလို့ ဆိုပြီး ပယ်ဖျက်ခဲ့ပါတယ်။

Mel B က သူနဲ့ စပိုက်ဂဲ အဖွဲ့က သူတွေ ဖိတ်ခံရတယ်လို့ အရိပ်အမြွက် ပြောပါတယ်။

နောက် မက်ဂန်နဲ့ တင်းနစ် အကျော် ဆရီနာ ဝီလျံတို့ မိတ်ကောင်းဆွေကောင်းတွေ ဖြစ်ကြပါတယ်။

ဟယ်ရီဘက်ကတော့ မင်းမျိုး မင်းဆွေတွေ လာနေကျတွေ လာကြမှာ ဖြစ်ပါတယ်။

သူ့ခမည်းတော်နဲ့ မိထွေးတော်၊ ဘုရင်မကြီးရဲ့ သားတော် သမီးတော်တွေနဲ့ သူတို့က မွေးတဲ့ ရင်သွေးတော် အားလုံး တက်ကြဖွယ် ရှိပါတယ်။

မက်ဂန် ရဲ့ အဖေ သောမတ် ကတော့ ကျန်းမာရေးကြောင့် တက်ဖို့ မသေချာ ဖြစ်နေပါတယ်။

သူ့အမေ ဒိုရီယာ ရက်ဒလန်တော့ တက်မယ်လို့ ယူဆကြပါတယ်။

မင်္ဂလာပရိသတ် ၁၂ဝဝ လောက်ထဲမှာ လူမှုကူညီရေးတွေ လုပ်သူ အများအပြား ပါဝင်ပြီး သူတို့ကို ဝင်ဆာရဲတိုက်ထဲမှာ ဝင်ကြည့်ခွင့် ပေးထားပါတယ်။

ဝီလျံတို့ဆောင်တုန်းက ဟယ်ရီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝီလျံတို့ဆောင်တုန်းက ဟယ်ရီက လူပျိုရံ

ဘယ်သူ့ကို မဖိတ်ဘဲ ချန်ထားသလဲ

အမေရိကန် သမ္မတ ထရမ့်ကို မဖိတ်ဘဲ ဟယ်ရီနဲ့ ရင်းတဲ့ သမ္မတဟောင်း အိုဘားမားကို ဖိတ်မယ်လို့ ယူဆခဲ့ကြပါတယ်။

ထရမ့်က ဟယ်ရီ့မယ်တော် ဒိုင်ယာနာကို မပိုးပန်းခဲ့ရတာကို ဟာသ ထုတ်ခဲ့ဖူးပါတယ်။

နောက် နိုင်ငံရေး ခေါင်းဆောင်တွေကိုလည်း မဖိတ်ပါဘူး။ ဒါကြောင့် ဝန်ကြီးချုပ် ထရီစာမေရော အတိုက်အခံ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင်ကိုပါ မဖိတ်သလို ထရမ့်နဲ့ အိုဘားမားလည်း မပါပါဘူး။

မီဂန်နဲ့ သူ့အဖေ ပထမ အိမ်ထောင်က ပါတဲ့ အဖေတူ အမေကွဲ နှစ်ယောက်က မရင်းနှီးတဲ့အတွက် သူတို့ကိုလည်း ဖိတ်မှာ မဟုတ်ပါဘူး။

မင်္ဂလာပွဲနဲ့ လူပျိုရံ အပျိုရံ

၂ဝ၁၁ ဝီလျံ မင်္ဂလာဆောင်တုန်းက ဟယ်ရီရဲ့ အစ်ကိုရဲ့ နောက်ကရံပြီး လိုက်ခဲ့ပါတယ်။

ဒီအတွက် ဒီတခါ ဝီလျံက နောက်ကရံမှာ ဖြစ်ပါတယ်။

"ချိုသာတဲ့ လက်စားချေပွဲ" လို့ ဝီလျံက ပြောပါတယ်။

မီဂန်ကတော့ နောက်က သီးသန့်လိုက်မယ့် အပျိုရံ မရှိဘဲ အပျိုရံရော ပန်းခြင်းကိုင်တွေပါ ကလေးတွေနဲ့ပဲ ခြံရံမယ်လို့ နန်းတော်က ဆိုပါတယ်။

မီဂန်မှာ သူငယ်ချင်း အုပ်စု ကြီးလို့ ဘယ်သူ့ကိုမှ သီးသန့် မရွေးချင်ဘူးလို့ နန်းတော် ဆက်သွယ်ရေး တာဝန်ခံ ဂျေဆန် နော့ဖ်က ပြောပါတယ်။

ပွဲဝင် ပွဲထိုင် စည်းကမ်းရှိသလား

မိသားစု အရင်းအချာတွေက မင်္ဂလာစုံတွဲနားမှာ ထိုင်ဖို့ ရှိပါတယ်။

ဝီလျံနဲ့ ကိတ်တို့ ၂ဝ၁၁ မှာ ဆောင်တုန်းက ကိတ်ရဲ့ အမေ ကာရိုးလ် မစ်ဒယ်တန်က ဘုရင်မ နား ထိုင်ပါတယ်။

ဦးထုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝီလျံတို့ ပွဲက ထူးထူးဆန်းဆန်း ဦးထုပ်များ

တော်ဝင် မင်္ဂလာမှာ ဘာကြောင့် အမျိုးသမီး ပရိသတ်တွေ ရယ်စရာ ခေါင်းဆောင်းတွေ ဆောင်းကြတာလဲ

မင်္ဂလာပွဲတွေမှာ ကြံကြံစည်စည် ဦးထုပ်တွေ ထွင်ပြီး ဆောင်းတာ အင်္ဂလိပ် ဓလေ့ ဖြစ်ပါတယ်။

ရှေးတုန်းက ဗြိတိန်မှာ အမျိုးသမီးတွေ အပြင်ထွက်ရင် ဆံပင်ကို နှိမ့်ချတဲ့အနေနဲ့ ဖုံးထားတတ်ပါတယ်။

၁၉၅ဝ နောက်ပိုင်း အဲဒီထုံးစံ ပျောက်သွားပေမယ့် အမျိုးသမီးတွေ ဘုရားကျောင်းမှာ ခေါင်းဆောင်း ဆောင်းတာ ခေါင်းစည်းတာ ဆက်ရှိပါတယ်။

မင်းဆွေမင်းမျိုးထဲက အမျိုးသမီးတွေဟာ ပွဲလမ်းတွေမှာ ဆံပင်ကို ဖုံးအုပ်ထားရမယ် ဆိုတဲ့ နန်းတွင်းထုံးစံလည်း ရှိပါတယ်။

မက်ဂန်လည်း ဒီထုံးစံကို လိုက်နာနေပါပြီ။

ပွဲမှာ တည်မယ့် အရက်

ဒီပွဲမှာ အရက်တော့ ဝယ်သောက်ရမယ့်ပုံ မရှိပါဘူး။

နေ့လယ်စာနဲ့ ညစာ မီနူးတွေ မထွက်သေးပေမယ့် ရှန်ပိန် ချောင်းစီး ဖြစ်မယ်လို့ ယူဆနိုင်ပါတယ်။

ဗြိတိသျှ ဘုရင်မ အသိအမှတ်ပြု ရှန်ပိန် တံဆိပ်က ၈ ခု ရှိပါတယ်။

ဘုရင်မ လက်ထပ်ပွဲမှာ Bollinger နဲ့ ဧည့်ခံခဲ့ပေမယ့် နာမည်ကြီး တံဆိပ်တွေ ဖြစ်တဲ့ Moet & Chandon ၊ Veuve Clicquot တို့တွေကလည်း နန်းတွင်းက တံဆိပ်ရတွေ ဖြစ်ကြပါတယ်။

ဘာကြောင့် အမေရိကန်ဖုတ်တဲ့ ကိတ်သုံးတာလဲ

ဗြိတိသျှ နန်းတွင်း မင်္ဂလာဆောင်တွေမှာ သစ်သီးကိတ် ကျွေးတဲ့ ထုံးစံကို မက်ဂန် မကြိုက်ပါဘူး။

Skip Instagram post
Instagram ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Instagram မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Instagram ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of Instagram post

အမေရိကန် စားတော်ကဲ Claire Ptak ဖုတ်မယ့် အဖြူရောင် လက်ထပ်ကိတ် ကိုပဲ ဒီပွဲမှာ တည်ခင်းမှာ ဖြစ်ပါတယ်။

မက်ဂန်လိုပဲ မစ္စ Ptak ကလည်း ကယ်လီဖိုးနီးယားကြီးပြီး လန်ဒန်မှာ နေတာပါ။

ဒီပွဲအတွက် ရာသီပေါ် အော်ဂင်းနစ် ပစ္စည်းတွေ သုံးပြီး နွေဦးရဲ့ တောက်ပမှုကို ဆောင်ကြဉ်းမယ့် အယ်ဒါပန်းနဲ့ သံပုရာကိတ် ကို ဖုတ်ဖို့ ပြင်နေပါတယ်။

အပေါ်က ထောပတ် ခရင်စမ်းပြီး ပန်းအစစ်တွေနဲ့ တန်ဆာ ဆင်မယ်လို့ ကင်ဆင်တန် နန်းတော်က ထုတ်ပြန်ပါတယ်။

ဒီဂျေလား တီးဝိုင်းလား

စပိုက်ဂဲ အဖွဲ့ကို ဖိတ်မယ် ဆိုတဲ့ သတင်းသာ မှန်ရင် သူတို့ရဲ့ နှစ်ယောက်ပေါင်း တယောက်တေးနဲ့ မင်္ဂလာစုံတွဲ စပြီး ကနိုင်ပါလိမ့်မယ်။

ဆာအယ်လတန်ဂျွန် လာပြီး ဒီညမှာ အချစ်ကို ခံစားနိုင်သလားတေးကို သီဆိုတာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်ဝိုင်း လာတီးမယ်ဆိုတာ မသိသေးပေမယ့် ဆန်း သတင်းစာ အလိုအရ ဝစ်တနေ ဟူစတန်ရဲ့ တယောက်ယောက်နဲ့ ကချင်တယ် တေးနဲ့ စပြီး သီဆို တီးမှုတ်ဖို့ ရွေးထားတယ်လို့ သိရပါတယ်။

ဝီလျံနဲ့ကိတ်

ဓာတ်ပုံ ရင်းမြစ်, (C) British Broadcasting Corporation

ဓာတ်ပုံ ပုံစာ, ဝီလျံနဲ့ကိတ်တို့ မင်္ဂလာဆောင်

ဝီလျံနဲ့ ကိတ် မင်္ဂလာဆောင်နဲ့ ဘာကွာလဲ

ဟယ်ရီက ဝီလျံလို နန်းဆက်ခံခွင့် ရနိုင်ခြေ နည်းပါတယ်။

မင်္ဂလာရက်သတ်တာကိုက ဝီလျံတို့ ဆောင်တဲ့ရက် ၂ဝ၁၁ ဧပြီ ၂၉ သောကြာနေ့ကို အားလပ်ရက် သတ်မှတ် ပေးခဲ့ပြီး ဟယ်ရီတို့ ဆောင်မယ့်ရက်ကိုတော့ စနေနေ့ သတ်မှတ်ထားပေးပါတယ်။

အဲဒီနေ့ အလုပ်လုပ်သူတွေတော့ ရုပ်သံက ထိုင်ကြည့်နိုင်မှာ မဟုတ်ပါဘူး။

နောက် သူ့ဘွားတော် ဘုရင်မကအစ အရီးတော်၊ ဘထွေးတော်တွေ အားလုံး လက်ထပ်ခဲ့တဲ့ ဝက်စမင်စတာ ဘုရားကျောင်းမှာလည်း ဟယ်ရီနဲ့ မက်ဂန်တို့ လက်ထပ်မှာ မဟုတ်ပါဘူး။

သူတို့ ဆောင်မယ့် နေရာက လူ ၈ဝဝ လောက်ပဲ ဆန့်တဲ့ စိန့်ဂျော့ ဘုရားကျောင်းလေးပါ။

ဝက်စမင်စတာမှာက လူ ၁၉ဝဝ ဆန့်ပါတယ်။

ရော်ဘင် လီဗင်ဆန်ကင်း ပေးပို့တယ်။