တရုတ်ZTE ကုမ္ပဏီကို ကူညီဖို့ သမ္မတ ထရမ့် အမိန့်ပေးထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ရဲ့ သွင်းကုန် ဆိုင်ရာ တားမြစ်ချက်တွေကြောင့် ဒေဝါလီခံရလုနီးပါး ဖြစ်နေတဲ့ တရုတ် နည်းပညာကုမ္ပဏီ ZTE ကို ကယ်တင်နိုင်အောင် ကူညီ ဆောင်ရွက်ပေးဖို့ အမေရိကန် ကုန်သွယ်ရေး ဌာနကို သမ္မတ ထရမ့်က အမိန့်ပေးထားပါတယ်။
တရုတ်နိုင်ငံမှာ အလုပ်အကိုင် တော်တော်များများ ဆုံးရှုံးရမယ့် အန္တရယ် ရှိတာကြောင့် တရုတ်သမ္မတနဲ့ အတူတကွ အဖြေရှာခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က သူ့တွတ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။
အခု သီတင်းပတ် အတွင်း အရေးပါတဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ မကျင်းပခင် သူက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
အီရန်နဲ့ မြောက်ကိုရီးယား တို့နဲ့ ကုန်သွယ်တာ မလုပ်ဖို့ ပိတ်ပင်ထားမှုကို ချိုးဖောက်ခဲ့တဲ့ ZTE ကုမ္ပဏီက ပစ္စည်းတွေကို တင်သွင်းမှု မပြုဖို့ အမေရိကန် ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ လတုန်းက တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ဒီလို ပိတ်ပင်တားမြစ်မှုတွေ ပြုလုပ်ထားရာကနေ တရုတ်ကုမ္ပဏီကို ပြန်လည် ကူညီဖို့ ပြောလာတာ ဖြစ်ပါတယ်။
အမေရိကန်တွေ အလုပ်အကိုင်မဲ့သွားအောင် တရုတ်က လုပ်ဆောင်နေတယ်လို့ တစိုက်မတ်မတ် ပြောလာတဲ့ မစ္စတာ ထရမ့်ရဲ့ စကားတွေက ရုတ်ချည်းပြောင်းသွားတာ တွေ့ရတယ်လို့ဝေဖန် သုံးသပ်သူတွေကဆိုနေပါတယ်။




