ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NVC ကိစ္စ အမျိုးသားရေး အနေနဲ့ စဉ်းစားသင့်လို့ ရှစ်လေးလုံး ပြည်သူ့ပါတီပြော
ရှစ်ဆယ့်ရှစ်မျိုးဆက်တွေ အများစုပါတဲ့ ရှစ်လေးလုံး ပြည်သူ့ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ပါတီရဲ့ အလံအမှတ်တံဆိပ်နဲ့ ဖွဲ့စည်းပုံတွေ တင်ပြရမှာ ဖြစ်တဲ့ အတွက် ဒါတွေကလည်း အရင်ကတည်းက ပြင်ဆင်ပြီးသား ဖြစ်တာမို့ ရှေ့အပတ်ထဲ ကော်မရှင်ကို သွားတင်ပြသွားမှာပါလို့ ရှစ်လေးလုံးပြည်သူ့ပါတီ ဖြစ်မြောက်ရေးကော်မတီဦးဆောင်အဖွဲ့ တာဝန်ခံ ဦးကိုကိုကြီး က ပြောပါတယ်။
အဓိက အနေနဲ့ နောက်ပိုင်း ဆက်သွယ်ဖို့ ခေါင်းဆောင် သတ်မှတ်ရာမှာ ပထမ ခေါင်းဆောင် အဖြစ် ဦးကိုကိုကြီး နဲ့ ဒုတိယ ခေါင်းဆောင် အဖြစ် ကိုရဲနိုင်အောင် တို့ကို ရွေးချယ်ထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီ တည်ထောင်ခွင့်ပြုတယ် ဆိုတော့မှ ရက်ပေါင်း ကိုးဆယ်အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အင်အား တထောင် နဲ့ CEC စာရင်းကိုပါ တင်ပြရမယ်လို့ ဦးကိုကိုကြီးက ရှင်းပြပါတယ်။
ဒါ့အပြင် ပါတီရဲ့ မူဝါဒတွေထဲမှာ နိုင်ငံသားတိုင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိခံစားနိုင်ရေးနဲ့ တိုင်းရင်းသား တန်းတူ ညီမျှမှုရေးနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အပြင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ၊ အလုပ်သမား အခွင့်အရေး တရားမျှတစွာ ခံစား ရရှိစေရေး ၊ လူငယ်များ ကျန်းမာ ဖွံ့ဖြိုးသော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေး အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ငြိမ်းချမ်းစွာ အကျိုးတူ ပူးပေါင်း ဆက်ဆံရေး ဆိုတဲ့ မူဝါဒတွေ ချမှတ်ထားတယ်လို့ သူက ဆိုပါတယ်။
လတ်တလော အငြင်းပွားစရာ ဖြစ်နေတဲ့ NVC ကဒ် ကိစ္စနဲ့ ပတ်သက်လို့ ဒါက နိုင်ငံတော် အမျိုးသားရေး ကိစ္စ အဖြစ် ရှုမြင်ပြီး တသမတ်တည်း ဖြေရှင်းတဲ့ ပုံစံ ဖြစ်သင့်တယ် ၊ နိုင်ငံတော် အနေနဲ့ စဉ်းစားသင့်ပြီး အစိုးရ သက်တမ်း အနေနဲ့ ကွက်ပြီး မစဉ်းစားသင့်ဘူးလို့ သူက ထောက်ပြ ထားပါတယ်။
ပဋိပက္ခကို ဖြေရှင်းရာမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးအနက် ထားသင့်ပြီး NVC ကဒ်လို့ ပြောပေမယ့် ယာယီ သက်သေခံ ကဒ်ကလည်း ရှိပြီးသားမို့ နိုင်ငံသား စိစစ်ရေး ကတ် ပန်းရောင် ကဒ်ပြားလည်း ရှိနေတာမို့ ဒါဟာ ပန်းရောင် ကဒ်ကို ညွှန်းတာလား တိတိကျကျ သိသင့်ပြီး တည်ဆဲ နိုင်ငံသား ဥပဒေ အရ နိုင်ငံသား ဖြစ်မှု အဆင့် သုံးဆင့် ရှိရာမှာ ဘယ်အဆင့်ကို ဆိုလိုတာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုကြောင်း ၊ နိုင်ငံရေး အားပြိုင်မှု မဟုတ်ဘဲ တနိုင်ငံလုံး အမျိုးသားရေး အနေနဲ့ ချဉ်းကပ် စဉ်းစားသင့်တယ်လို့ ဦးကိုကိုကြီး က ရှင်းပြခဲ့ပါတယ်။
ပါတီ အင်အားအနေနဲ့ အင်အား တထောင်ကတော့ အစောကြီး ပြည့်မှီနိုင်ပြီး မှတ်ပုံတင် ကျပြီး တဲ့ အခါမှာ ထိထိရောက်ရောက် လှုပ်ရှားနိုင်ရင် စည်းရုံးရေးကို အရှိန်မြှင့်သွားမယ်လို့ သူက ဆိုပါတယ်။
ခု လောလောဆယ်တော့ အနီးဆုံး ရွေးကောက်ပွဲမှာ အနည်းဆုံး သုံးနေရာမှာ ၀င်ပြိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိတာကြောင့် ဒီအတွက် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။
ရှစ်လေးလုံးပြည်သူ့ပါတီအနေနဲ့ တင်ပြရမယ့် ပါတီအလံ ၊ အမှတ်တံဆိပ် ၊ ပါတီ မူဝါဒနဲ့ ဖွဲ့စည်းပုံတွေကို လာမယ့်အပတ်ထဲမှာတင်ပြဖို့ အဆင်သင့်ဖြစ်ပြီလို့လည်း သတင်းရရှိပါတယ်။