ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာတိတ်သမုဒ္ဒရာထဲမှာ ပလတ်စတစ်အမှုန်တွေ စံချိန်တင် အမြောက်အမြား တွေ့
အာတိတ် သမုဒ္ဒရာထဲ မျောနေတဲ့ ရေခဲတွေထဲမှာ ပလတ်စတစ် အမှုန်တွေ စံချိန်တင်လောက်အောင်ကို အမြောက်အမြား တွေ့နေရတယ်လို့ ဂျာမန် သိပ္ပံပညာရှင်တွေက ပြောပါတယ်။
အာတိတ်သမုဒ္ဒရာထဲက စုဆောင်းလာတဲ့ ရေခဲတုံးတွေထဲမှာ ပလတ်စတစ် အမှုန် ၁၇ မျိုးကို အရင်ကထက် ၂ ဆကနေ ၃ဆ နီးပါး တွေ့နေရတယ်လို့ ဆိုပါတယ်။
အခုတွေ့ရတဲ့ ပလတ်စတစ်အမှုန်တွေဟာ ၅ မီလီမီတာအောက်ရှည်ပြီး အလွန်ကို သေးငယ်တာကြောင့် တိရစ္ဆာန်တွေထဲကို အစားအစာ ကနေ တဆင့် ဝင်သွားနိုင် တယ်လို့ သိရပါတယ်။
ရာသီဥတုကြောင့် ရေခဲတွေ အရည်ပျော်သွားမယ်ဆိုရင် ဒီပလတ်စတစ် အမှုန်တွေ ရေထဲကို ပြန်ရောက်ပြီး တောရိုင်း တိရစ္ဆာန်တွေ အပေါ် အကျိုးသက်ရောက်မှု ရှိမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
လူတွေ တရိစ္ဆာန်တွေအတွက် ဒီပလတ်စတစ် အမှုန်တွေ ဘယ်လောက်ထိ အန္တရာယ် ကြီးတယ်ဆိုတာ မခန့်မှန်းနိုင်ဘူးလို့လည်း သုတေသနကို ဦးစီး လုပ်ဆောင်နေတဲ့ ပညာရှင် Ilka Peekenက ပြောပါတယ်။
ဒီအမှုန်တွေဟာ ရေထုညစ်ညမ်းမှုအတွက် အန္တရာယ်ရှိနိုင်တဲ့ အရင်းအမြစ်တခုလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ဒီပလတ်စတစ်အမှုန်တွေဟာ ပလတ်စတစ်အိတ်တွေ၊ ကျန်းမာရေးနဲ့ အလှကုန် ထုတ်ကုန်တွေ၊ ကားတာယာစတွေ၊ ပလတ်စတစ် ပိုက်ကွန်နဲ့ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ အသုံးအဆောင် စွန့်ပစ် ပစ္စည်းတွေကနေ ထွက်လာတာလို့ ဆိုပါတယ်။
နှစ်စဉ် ပလတ်စတစ်တန်ချိန် ၈ သန်းလောက်ဟာ ပင်လယ်ထဲကို ဝင်ရောက် လာသလို တချို့ဟာ ဝင်ရိုးစွန်းနဲ့ သမုဒ္ဒရာ အောက်ခြေအထိ ရောက်သွားတယ်လို့ ခန့်မှန်းထားပါတယ်။