မြောက်ကိုရီးယားကို ကူညီတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို ကုလ အရေးယူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုအောက်က မြောက်ကိုရီးယားအနေနဲ့ ရှောင်လွှဲနိုင်အောင် ကူညီခဲ့တယ် ဆိုပြီး ကုမ္ပဏီတွေကို အကြီးမားဆုံး ပြစ်ဒဏ်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်ပါတယ်။
မြောက်ကိုရီးယားကို ရေနံ တရားမဝင် တင်သွင်းပြီး ကျောက်မီးသွေး ရောင်းချရာမှာ ကူညီ ခဲ့ကြတဲ့ ရေကြောင်း ပို့ဆောင်ရေး ကုမ္ပဏီ ၂၁ ခုကို နာမည်ပျက် စာရင်းထဲ သွင်းလိုက်ပါတယ်။
ဒါ့အပြင် သင်္ဘော နှစ်ဆယ့်ခုနှစ် စင်းနဲ့ လူပုဂ္ဂိုလ်တယောက်တို့လည်း နာမည်ပျက် စာရင်းသွင်းခံရတဲ့ အထဲမှာ ပါဝင်ခဲ့ပါတယ်။
အခုလို အရေးယူ ပြလိုက်တာဟာ မြောက်ကိုရီးယား အပေါ် အပြင်းထန်ဆုံး ဖိအားပေးမှုတွေ ဆက်လုပ်သွားမယ့် ရည်ရွယ်ချက်ကို ညီညီညွတ်ညွတ်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း က အထင်ရှား ပြလိုက်တာဘဲလို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟေလီက ပြောပါတယ်။




