ကင်ဂျုံအွန်း ဘေဂျင်း လာခဲ့တာ နှစ်နိုင်ငံ အတည်ပြု

မစ္စတာကင်ဂျုံအွန်းနဲ့ဇနီး တရုတ်နိုင်ငံကို လျှို့ဝှက် သွားခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မစ္စတာကင်ဂျုံအွန်းနဲ့ဇနီး တရုတ်နိုင်ငံကို လျှို့ဝှက် သွားခဲ့

ခန်မှန်းပြောနေကြတဲ့ သတင်းတွေ ထွက်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း ဘေဂျင်းကို သွားခဲ့ပြီး တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ အတည်ပြုချက် ထွက်ပေါ်လာပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၇နှစ် လောက် က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း အာဏာရလာ ပြီးနောက် ပထမဆုံး ပြည်ပ ခရီးစဉ်ဖြစ် ပါတယ်။

သူနဲ့ သူ့ဇနီးကို တင်ဆောင်လာတဲ့ ရထား ဘေဂျင်း ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆိုက်ရောက်ခဲ့ပြီး မတ်လ ၂၇ ရက် အင်္ဂါနေ့ နေ့လယ်က ပြန်လည် ထွက်ခွာ ခဲ့တယ်လို့ သတင်းတွေ ထဲမှာ ရေးခဲ့တာ တွေ့ရပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံပွဲ က တရားဝင် အစဉ်အလာ အရ တွေ့ ကြတာမဟုတ်လို့ တီယန်နန်မင် ရင်ပြင်လို နေရာမှာ မြောက်ကိုရီးယား အလံ တို့ လွှင့်နေတာမျိုး မတွေ့ ရပါဘူး။

မြောက်ကိုရီးယား ခေါင်းဆောင် တရုတ်ကို လာတယ်၊ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံ ကြတယ်ဆိုတာ ကိုလည်း ပြီးမှ ထုတ်ဖော် ပြောလာ ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတွေ့ဆုံပွဲဟာ ကြီးမားတဲ့ မှတ်တိုင် တခု ဆိုတာ ကို အများက အသိအမှတ်ပြုကြ ပါတယ်။

ဗီဒီယို ပုံစာ, ထရမ့်နဲ့ကင်ဂျုံအွန်း ဆုံတွေ့ရင် ဘာတွေ ဖြစ်လာမလဲ
ဗီဒီယို ပုံစာ, ကင်ဂျုံအွန်းရဲ့ တရုတ်ပြည်ခရီး

မစ္စတာ ကင်မ် ဟာ တောင်ကိုရီးယား သမ္မတ မိုဂျေအင်း နဲ့ လာမယ့် ဧပြီလထဲမှာ တွေ့ဆုံဖို့ရှိပြီး မေလ ကျရင်တော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမှာပါ။

အဲဒီလို တွေ့ဆုံပွဲတွေ မဖြစ်ခင် မြောက်ကိုရီးယား ခေါင်းဆောင်က သူ့ရဲ့ အဓိက စီးပွားရေး မဟာမိတ် နဲ့ နိုင်ငံရေး အရ အလေးထားရတဲ့ နိုင်ငံ က ခေါင်းဆောင် ကို လာတွေ့တာဖြစ်ပါတယ်။

သူ တရုတ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်မှာ သူ့ရဲ့ နျူကလီးယား လက်နက်တွေ ဖျက်သိမ်းရေး ကို ပိုင်းဖြတ်လုပ်ဆောင်မှာ ဖြစ်ကြောင်း တရုတ် ခေါင်းဆောင်ကို အာမခံ ပြောခဲ့တယ်လို့ တရုတ် အစိုးရ ပိုင် ရှင်ဟွာ သတင်းဌာနက ရေးပါတယ်။

ဒါပေမယ့် ဒီလို လုပ်ဆောင်ဖို့ သူသတ်မှတ်ထားတဲ့ အခြေအနေ တွေ လည်းရှိပါတယ် ။

အဲဒါတွေ ကတော့ တောင်ကိုရီးယား နဲ့ အမေရိကန် တို့က မြောက်ကိုရီးယားရဲ့ နျူကလီယား နဲ့ပတ်သက်တဲ့ စွမ်းဆောင်မှုတွေ ကို စိတ်ထား ကောင်းကောင်းနဲ့ တုံ့ပြန် ဆောင်ရွက်ရမယ်၊ ငြိမ်းချမ်းရေး ဝန်းကျင် ကို ဖန်တီးရမယ်၊ ငြိမ်းချမ်းရေးအတွက် တိုးတက်ပြီး ဟန်ချက်ညီ တဲ့ ခြေလှမ်းတွေ ကိုလည်း လှမ်းရမယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ထရမ့် က မြောက်ကိုရီးယားနဲ့ တရုတ်တို့တွေ့ဆုံပွဲကို ကောင်းမွန်ပါတယ်လို့ ကြိုဆိုခဲ့ ပေမယ့် သူနဲ့ မစ္စတာ ကင်မ်တို့ တွေ့ဆုံကြမယ့် ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ အထိတော့ ချမှတ် ထားတဲ့ အရေးယူဆောင်ရွက်မှုတွေ ကို တင်းတင်းကျပ်ကျပ် ဆက်လုပ်သွားမယ်လို့ ပြောနေပါတယ်။

ဗီဒီယို ပုံစာ, မြောက်ကိုရီးယားရဲ့ လျှို့ဝှက်လက်နက် အလှပဂေးများ