တရုတ်ကိုသွားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ဘယ်သူလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကင်ဂျုံအွန်း ဖြစ်နိုင်ဖွယ်ရှိတဲ့ အဆင့်မြင့် အရာရှိကြီး တစ်ယောက် လိုက်ပါလာနိုင်တယ်လို့ ပြောနေကြတဲ့ ရထားတစီး တရုတ်နိုင်ငံကို ရောက်ပြီး ခဏအကြာမှာ ဘေဂျင်း ကနေ ပြန်ထွက် သွားခဲ့ ပါတယ်။
တရုတ် မြောက်ကိုရီးယား နယ်စပ်နဲ့ ဘေဂျင်း မြို့တော်ရဲ့ အချက်အချာ နေရာတွေမှာ ပုံမှန် မဟုတ်တဲ့ တင်းကျပ်တဲ့ လုံခြုံရေးတွေ တွေ့ရတဲ့ အတွက် အရေးကြီး ခရီးစဉ် တစ်ခု ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
နှစ်နိုင်ငံ စလုံးကတော့ အတည်ပြုပြောတာ မရှိပါဘူး။
ဂျပန် သတင်းဌာတွေက စတင် ရေးသားလာတဲ့ သတင်းအရ မြောက်ကိုရီးယား ရဲ့ ထိပ်တန်း အဆင့်မြင့် ခေါင်းဆောင် တယောက် ရထားနဲ့ ဘေဂျင်းကို ရောက်လာတယ်၊ အဲဒီမှာ လုံခြုံရေး အထူး တင်းကျပ် ထားတယ် ဆိုပြီး စသိရတာပါ။
တောင်ကိုရီးယား ဘက်ကတော့ ဘေဂျင်းကို ရောက်နေတာ ဘယ်သူ ဘယ်ဝါ ဆိုတာ သေချာ မသိရပေမယ့် အခြေအနေကို စုံစမ်း ဖော်ထုတ်နိုင်ဖို့ ကြိုးစား နေတယ် လို့ ပြောပါတယ်။
ဒီလို လာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်က ကင်ဂျုံအွန်းသာ ဆိုရင် ဒါဟာ ၂ဝ၁၁ ခုနှစ် သူအာဏာ ရလာပြီးနောက် သူ့ရဲ့ ပထမဆုံး နိုင်ငံခြား ခရီး ဖြစ်ပါလိမ့်မယ်။
မြောက်ကိုရီးယား ဘက်က ဘာမှ တရားဝင် မှတ်ချက်မပေးပေမယ့် တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး ဟွာချွန်ယင်း Hua Chunying ကတော့ မကြာခင် ထုတ်ပြန်သွားဖို့ ရှိတယ်၊ လောလောဆယ်ဆယ် ဘာအချက်အလက်မှ မရှိသေးဘူးလို့ ပြော ပါတယ်။
တကယ်တမ်း ကင်ဂျုံအွန်းသာ ဘေဂျင်းကို ရောက်လာတယ် ဆိုရင် ဒါဟာ အရေးကြီးတဲ့ တိုးတက်မှု တခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လကပဲ သူနဲ့ ဆွေးနွေးဖို့ ဖိတ်ကြားချက်ကို အမေရိကန် သမ္မတ ထရမ့်က လက်ခံခဲ့ပါတယ်။
ဒီအတွက် သူတို့ တွေ့ကြဖို့ အစိုးရချင်း နောက်ကွယ်က ညှိနှိုင်း လှုပ်ရှားနေကြတယ်လို့ ယူဆ ရပါတယ်။
ဒီထိပ်သီးဆွေးတွေးပွဲ မတိုင်ခင် မြောက်ကိုရီးယားနဲ့ တရုတ် ခေါင်းဆောင်တွေ အရင် တွေ့ဖို့ ဖြစ်နိုင်တယ် လို့လည်း သုံးသပ်နေကြပါတယ်။
တရုတ်က မြောက်ကိုရီးယားရဲ့ အဓိက စီးပွားရေး မဟာမိတ်လည်း ဖြစ်ပါတယ်။
ကင်ဂျုံအွန်း စီးလေ့ရှိတဲ့ တွဲ ၂၁ တွဲ ပါတဲ့ ရထားတစင်း ဘေဂျင်း ဘူတာရုံကို တနင်္လာနေ့ ညနေ ၃ နာရီ လောက် ဝင်လာတယ် ဆိုပြီး နိပွန် ရုပ်သံက ရယူခဲ့တဲ့ ဓာတ်ပုံတွေက ပြနေတယ်လို့ ဆိုကြပါတယ်။
အဝါရောင် အလျားလိုက် အစင်းကြားတွေ ပါတဲ့ အစိမ်းရောင် ရထားတွဲ ဖြစ်ပါတယ်။
ဒီရထားကို ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုနေပြီး အရေးကြီးတဲ့ လူကြီးတွေ စီးတဲ့ ကားမျိုးတွေ စောင့်နေတယ် လို့လည်း ဆိုပါတယ်။
ဘူတာအပြင်မှာ လုံခြုံရေး တင်းကျပ်နေပြီး အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ လုပ်တဲ့ ပြည်သူ့ ခန်းမဆောင်ကြီးနားက တိယန်နာမင် ရင်ပြင်မှာလည်း ကမ္ဘာလှည့် ခရီးသည်တွေ ဝင်ခွင့်မပေးဘူးလို့ သိရပါတယ်။
တောင်ကိုရီးယား ယုန်ဟပ် သတင်းအရ ဒီလာတဲ့ အရေးကြီး ဧည့်သည်ဟာ ကင်ဂျုံအွန်းရဲ့ နှမ ကင်ယော့ဂျွန်း လည်း ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။
ဒါမှမဟုတ် စစ်ဗိုလ်ချုပ်ကြီး ချွေးယုန်ဟေး ဖြစ်နိုင်ပါတယ်။
တရုတ်နဲ့ မြောက်ကိုရီးယား နယ်စပ်မှာလည်း လုံခြုံရေးတွေ အထူးကြပ်မတ် ဆောင်ရွက်နေပါတယ်။
ဒီရထား ဒီကနေ့ နေ့လယ် ဘေဂျင်းက ပြန်ထွက်သွားပြီး ဘယ်ကို ဦးတည် သွားတယ်ကိုတော့ မသိရပါဘူး။
အရင်ကလည်း ကင်ဂျုံအွန်းရဲ့ ဖခင် မစ္စတာ ကင်ဂျုံအီး ဒီလို ရထားနဲ့ ခရီးထွက်လေ့ရှိပြီး ခရီးစဉ် ပြီးဆုံးမှ အတည်ပြု ထုတ်ပြန်လေ့ ရှိပါတယ်။








