ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘင်္ဂလားဒေ့ရှ် ပြေးလာတဲ့ ရိုဟင်ဂျာမိန်းကလေးတချို့ လူကုန်ကူးခံရ
ပြီးခဲ့တဲ့ ခြောက်လက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မိန်းကလေးတချို့ လူကုန်ကူးခံခဲ့ကြရတယ်ဆိုတာကို ဘီဘီစီရဲ့ စုံစမ်းထောက်လှမ်းချက်အရ ဖော်ထုတ် နိုင်ခဲ့ပါတယ်။
ဘီဘီစီ အဖွဲ့သား တချို့ဟာ ပြည့်တန်ဆာရှာဖွေတဲ့သူတွေ အဖြစ် ဟန်ဆောင်ပြီး ကောက်ဆက် ဘဇားမှာ သွားရောက်စုံစမ်းခဲ့ပါတယ်။
ကောက်ဆက် ဘဇားဟာ ကမ္ဘာလှည့်ခရီးသည်တွေ လာလေ့ရှိတဲ့ မြို့ငယ်လေးဖြစ်ပါတယ်။ အခုတော့ ဒုက္ခသည် စခန်းတွေ အနီးမှာ ကယ်ဆယ်ရေးအဖွဲ့တွေ အလုပ်လုပ်ကြတဲ့ နေရာတခုဖြစ်လာပါတယ်။
အခုဒီမြို့လေးရဲ့ စျေးဆိုင်တွေရှေ့ ကမ်းခြေအရက်ဘားတွေ ဟိုတယ်တွေနားမှာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်တခု ရှိနေပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးတွေကို ပြည့်တန်ဆာအဖြစ် သွတ်သွင်းနေကြတဲ့ ဇာတ်လမ်းတွေကို ထပ်ခါထပ်ခါ ကြားလာရပြီး နောက်မှာတော့ ဘီဘီစီက ကိုယ်တိုင်သွားရောက်ပြီး သက်သေ အထောက်အထား ရှာဖွေ ခဲ့ပါတယ်။
အသက် ၁၄ နှစ်အရွယ် မိန်းကလေး တယောက်ကို ဘီဘီစီက ဒုက္ခသည် စခန်းထဲသွားရောက်ပြီး တွေ့ဆုံခဲ့ပါတယ်။ မိန်းကလေးရဲ့ နာမည်ကိုတော့ သူ့ကို အကာအကွယ်ပေးဖို့အတွက် လျှို့ဝှက်ထားပါတယ်။
သူက မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးလာပြီးနောက် သူတွေ့ကြုံရတဲ့ အဖြစ်အပျက်ကို ပြောပါတယ်။
သူ့လိုပဲ ဆယ်ကျော်သက် အရွယ် နောက်ထပ် မိန်းကလေးတယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကိုလည်း သိခဲ့ရပါတယ်။
အသက် ၁၃ နှစ်အရွယ် အဲဒီမိန်းကလေးက ပြောပြရာမှာ အမျိုးသမီး တယောက်က အလုပ်ရှာပေးမယ်လို့ပြောပြီး သူ့ကို ဒုက္ခသည် စခန်းထဲကနေ သွေးဆောင် ခေါ်ထုတ်သွားတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်စခန်းမှာ အခက်အခဲမျိုးစုံကြုံတွေ့နေရတဲ့ သူ့ရဲ့မိသားစုကလည်း သူ့ကို လိုက်ခွင့်ပြုခဲ့ပါတယ်။
အဲဒီအနီး ဝန်းကျင်မှာ ၂ ရက်ကြာ စုံစမ်းပြီးနောက်မှာတော့ ကလေးသူငယ် ပြည့်တန်ဆာရမယ်လို့ ကမ်းလှမ်းလာတဲ့ လူတချို့ကို ဘီဘီစီက တွေ့ခဲ့ကြရပါတယ်။
သူတို့ထဲက တယောက်ကတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို သူစုဆောင်းထားတာ ရှိကြောင်း ကြွားဝါရုံသာမက သူနဲ့ ဆက်စပ်လုပ်ကိုင် တဲ့ အဖွဲ့သားတွေဆီမှာ လူတယောက်ကို မိန်းကလေး ဆယ်ယောက်ကျော် လောက် ကိုင်ထားတယ်လို့တောင် ပြောပါတယ်။
ဘီဘီစီက လူတွေက ချက်ချင်းလိုချင်တယ်လို့ မပြောမိဖို့ သတိကြီးကြီးထားခဲ့ပါတယ်။
အဲဒီတော့ သူတို့က မိန်းကလေး သုံးယောက်ကို ရနိုင်တယ်ဆိုပြီး ထုတ်ပြောလာပါတယ်။ သူတို့အားလုံး ရိုဟင်ဂျာတွေဖြစ်ပြီး အသက်တွေက ၁၃ နှစ်ကနေ ၁၇ နှစ်အထိ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဘီဘီစီက ရဲကိုသွားပြီး အကြောင်းကြား ခဲ့ပါတယ်။ အဲဒီညနေမှာပဲ အထူးစီမံချက် တခုလုပ်ဖို့ ရဲက သဘောတူခဲ့ပါတယ်။
ဘီဘီစီက ဖောက်သည်ဟန်ဆောင် သွားခဲ့ကြသူတွေက ငယ်ငယ်လေးတွေကို လိုချင်တယ်လို့ ပြောတော့ သူတို့က ဟိုတယ်ကို ကောင်မလေးနှစ်ယောက် ခေါ်လာပေးဖို့ စီစဉ်ပါတယ်။
ဘီဘီစီ အဖွဲ့သားတွေ စောင့်နေတုန်းမှာ သူတို့က ရှေ့ပြေးတယောက် လွှတ်လိုက်ပါတယ်။ သူက သူတို့နဲ့ အတူ လိုက်ခဲ့ရမယ်လို့ ပြောပါတယ်။ ဘီဘီစီ အဖွဲ့သားတွေကလည်း သူတို့ဆီခေါ်လာဖို့ ပြောပါတယ်။
နောက်ဆုံး မိန်းကလေးတွေ ရောက်လာချိန်မှာတော့ သူတို့နဲ့ အတူ ကားဆရာ တယောက် ပါလာပြီး ငွေလက်ခံပါတယ်။
သူ့ကို ၁၉၅ ဒေါ်လာပေးရပါတယ်။ အရောင်းအဝယ် ဖြစ်ပြီးနောက် ရဲတွေ ရောက်လာပါတယ်။ အဲဒီမိန်းကလေးတွေကတော့ စောစောက သူတို့ ဓာတ်ပုံပြတဲ့ မိန်းကလေး ၃ ယောက် အနက်က ၂ ယောက်ပါ။
သူတို့ကို သီးသန့်ခွဲထုတ်ပြီး ဘေးကင်းရာရောက်လို့ မေးကြည့်တော့ တယောက်က အသက် ၁၅ နှစ်၊ နောက်တယောက်က အသက် ၂၁ နှစ်ဖြစ်ပြီး သူတို့မိသားစုတွေဟာ သူတို့ ပြည့်တန်ဆာ လုပ်လို့ရတဲ့ ငွေအပေါ်မှာ မှီခို နေကြရတယ် လို့ ပြောပါတယ်။
သူတို့ဟာ ပြည့်တန်ဆာလုပ်ငန်း ထောင်ချောက်မှာ အမိခံ နေကြရပါတယ်။ သူတို့ဟာ ကျောင်းမတက်ဖူးကြပါဘူး။ အလုပ်မရှိဘဲ သူတို့ဝမ်းစာ ဘယ်လိုရှာစားနိုင်မလဲဆိုတာ သူတို့ မတွေးတတ်ပါဘူး။
ဒုက္ခသည် စခန်းမှာ သူတို့ အများအပြား ရောက်လာကြတဲ့ အခါ အခုလို ပိုပြီးနုနယ် တဲ့ ကလေးအရွယ်တွေဟာ လူကုန်ကူးသမားတွေ အမြတ်ထုတ်စရာ ဖြစ်လာပါတယ်။
ကလေးသူငယ် စောင့်ရှောက်ရေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကျွမ်းကျင်သူတွေက ဒီမိန်းကလေးတွေကို ဆက်ပြီး ကူညီစောင့်ရှောက်ဖို့ တာဝန်ယူကြပါတယ်။
၁၅ နှစ်ကလေးမက လူမှုကူညီရေး အသင်းရဲ့ စောင့်ရှောက်မှုကို ရပါတယ်။ အသက် ၂၁ နှစ်အရွယ် ကလေးမလေး ကတော့ မသွားချင်ဘူးလို့ ငြင်းပါတယ်။
ဘီဘီစီက ရသမျှ သတင်းအချက်အလက်ကို ရဲလက်လွှဲခဲ့ပါတယ်။
ဒါပေမယ့် လူမှောင်ခိုသမားတွေရဲ့ အချိတ်အဆက် ကွန်ရက်ကြီးက ကလေးသူငယ်တွေကို ခိုင်းစားနေတုန်းပါပဲ။ ဒီကလေးတွေကို အိန္ဒိယနဲ့ နီပေါကို ပို့ကြတာကိုလည်း ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
အုပ်ထိမ်းသူမဲ့ ကလေးတွေ အပါအဝင် အင်မတန်များပြားတဲ့ ဒုက္ခသည်တွေဟာ လူမှောင်ခိုသမားတွေအတွက် ခွင်ဖြစ်နေပြီး ရိုဟင်ဂျာတွေ အတွက်တော့ နောက်ထပ် ဘေးအန္တရာယ် တခုဖြစ်နေပါတယ်။
ဘီဘီစီ သတင်းထောက် မစ်ချဲ ဟူစိန်ရဲ့ သတင်းပေးပို့ချက်ကို အခြေခံ တင်ဆက် ထားတာပါ။