ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အိုလံပစ်အတွက် စည်းလုံး
တောင်ကိုရီးယား နိုင်ငံမှာ ရှေ့လ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပွဲတော် ကျရင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံစလုံး အလံတော် တစ်ခုတည်း အောက်မှာ ချီတက် သွားဖို့ သဘောတူညီ ခဲ့ကြပြီ ဖြစ်ပါတယ်။
ဒါ့အပြင်၊ အမျိုးသမီး ရေခဲပြင် ဟော့ကီ အသင်းကိုလည်း နှစ်နိုင်ငံ အားကစားမယ်တွေ စုပေါင်းပြီး တစ်သင်းတည်း အဖြစ် ဖွဲ့စည်း ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာ နေခဲ့ ကြတာကနေ အခုလို အိုလံပစ် ပွဲတော်ကို အခြေခံပြီး ဆက်ဆံရေး ပြန်လည် တိုးတက် လာတာ ဖြစ်ပါတယ်။
အိုလံပစ် ပွဲတော်ကို မြောက်ကိုရီးယား အဖွဲ့ စေလွှတ်နိုင်ဖို့ လုပ်ဆောင်မယ် ဆိုပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံ- အွန်းက သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။
တောင်ကိုရီးယားကို သွားမယ့် မြောက်ကိုရီးယား အဖွဲ့ထဲမှာ ကစားသမား အနည်းငယ်သာ ပါမှာ ဖြစ်ပြီး၊ ဂီတပညာရှင် ၅ ရာကျော်နဲ့ အားပေး ကပြ ဖျော်ဖြေသူတွေ၊ အသင်းတာဝန်ခံတွေ ပါဝင်မှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားကို လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီတွေ ပိုပြီး ပေးပို့ လိုတယ်လို့ တောင်ကိုရီးယား အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီး Kang Kyung-wha က ဘီဘီစီကို ပြောပါတယ်။
ဒီအချိန်မှာပဲ၊ မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂကနေ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေး ယူမှုတွေကို မြောက်ကိုရီးယား အစိုးရ ရှောင်ဖယ်နိုင်အောင် ရုရှားက အကူအညီ ပေးနေတယ် ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲ ပြောဆိုလာပါတယ်။
မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးကို တရုတ်က လျှော့ချ နေချိန်မှာ ရုရှားက အခွင့်ကောင်း ဝင်ယူ လာပြီး မြောက်ကိုရီးယား လိုအပ်တဲ့ ကုန်ပစ္စည်း တချို့ ရရှိအောင် လုပ်ပေး နေတယ်လို့ သမ္မတ ထရမ့်က ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆို သွားပါတယ်။
ကုလ ပိတ်ပင်မှုတွေကို မြောက်ကိုရီးယား ချိုးဖောက် နေတာတွေ တားမြစ်မယ် ဆိုပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ နိုင်ငံပေါင်း ၂ဝ က ဆုံးဖြတ် ထားပါတယ်။