ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
FBIကို သမ္မတထရမ့် လူမှုကွန်ရက်ပေါ် ကနေ ဒေါသတကြီး တိုက်ခိုက်
အမေရိကန် သမ္မတ ထရမ့်က FBI အမေရိကန် ထောက်လှမ်းရေး အဖွဲ့ရဲ့ ဂုဏ်သိက္ခာဟာ ရစရာ မရှိအောင် စုတ်ပဲ့နေပြီ ဆိုပြီး တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ဒေါသတကြီး တိုက်ခိုက်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ ထရမ့် အရွေးခံရအောင် ရုရှား ဝင်ရောက် စွက်ဖက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ FBIညွှန်ကြားရေးမှူးဟောင်း Robert Mueller ကို စစ်ဆေး မေးမြန်းနေမှုကနေ နောက်ထပ် အချက်အလက်အသစ်တွေ ပေါ်ထွက်လာချိန်မှာ သမ္မတ ထရမ့်က FBI ကို အခုလို ဝေဖန်တိုက်ခိုက် လိုက်တာပါ။
သူ့ရဲ့ ထိပ်တန်း လက်ထောက် တဦးဖြစ်တဲ့ Michael Flynn ကို စုံစမ်း စစ်ဆေးနေမှုတွေ ရပ်လိုက်ဖို့ ညွှန်ကြားရေးမှူးဟောင်း James Comeyကို သူအမိန့်ပေးခဲ့တယ် ဆိုတာ လုံးဝ မဟုတ်ဘူးလို့ သမ္မတ ထရမ့်က ထပ် ငြင်းဆိုလိုက်ပါတယ်။
တကယ်လို့ မစ္စတာ Flynn အပေါ် FBI စုံစမ်း စစ်ဆေးနေမှုကို သမ္မတ ထရမ့်က ရပ်ခိုင်းဖို့ ကြိုးစားခဲ့ရိုး မှန်ရင်တော့ ဒါဟာ တရားဥပဒေကို ကြားဝင်နှောင့်ယှက်တဲ့ သဘောလို့ ပြောနိုင်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။
စနေနေ့တုန်းက သမ္မတ ထရမ့်ရဲ့ တွစ်တာ မှာ မစ္စတာ Flynnကို သူရာထူးကနေ ထုတ်ခဲ့တုန်းက FBIကို မစ္စတာ Flynn လိမ်ညာ ထွက်ဆိုခဲ့တယ် ဆိုတာကို သူသိနေတယ်လို့ ဖေါ်ပြထားပါတယ်။
ဒါဟာ အရင်ပြောခဲ့တာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီး တရားဥပဒေကို ကြားဝင် နှောင့်ယှက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ပိုခိုင်လုံလာစေဘွယ် ရှိနေပါတယ်။
ဒါပေမယ့်လည်း အဲဒီနောက်မှာ သူ့ရဲ့ ရှေ့နေက ဒီတွစ်တာကို သူရေးခဲ့တာပါလို့ ဆိုပြီး သူ့အမှားပါလို့ ဝန်ခံခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ FBI အဖွဲ့တင်မက ပြိုင်ဘက်ဟောင်း Hilary Clinton ကိုရော သူ့အကြောင်း သတင်းမှား တင်ခဲ့တယ် ဆိုတဲ့ ABC သတင်းဌာနကိုပါ တွစ်တာကနေ အကြီးအကျယ် ဝေဖန် တိုက်ခိုက်ခဲ့ပါတယ်။
တကယ်ဆိုရင် သမ္မတ ထရမ့်အနေနဲ့ စနေနေ့ မနက်တုန်းက သူ့ရဲ့ အခွန်ပြုပြင်ပြောင်းလဲရေး ဥပဒကြမ်းကို ဆီးနိတ် လွှတ်တော်မှာ တခဲနက် အတည်ပြု ခံခဲ့ရတာကြောင့် အောင်ပွဲခံ ဝမ်းသာရမယ့် အချိန်မျိုးမှာ အခုဒီလို ကိစ္စတွေ ဖြစ်လာခဲ့တာပါ။
အခုလို သမ္မတ ထရမ့်တယောက် တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပုတ်ခတ် ပြောဆိုမှုတွေ ဆက်တိုက် လုပ်နေတာနဲ့ ပတ်သက်လို့ ကွန်ဂရက်စ် လွှတ်တော် အမတ်တွေက အကြီးအကျယ် စိုးရိမ်မှုတွေ ပေါ်ထွက်နေပါတယ်။