ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်ဂျုံနမ် အသတ်ခံရမှုက သံသယရှိအမျိုးသမီး ၂ ဦး အပြစ်မရှိကြောင်း ထွက်ဆို
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့အစ်ကိုဖြစ်သူ ကင်ဂျုံနမ် အသတ်ခံရမှုမှာ တရားခံလို့ ယူဆခြင်းခံရတဲ့ အမျိုးသမီးနှစ်ဦးဟာ အပြစ်မရှိကြောင်း မလေးရှားတရားရုံးမှာ လျှောက်လဲချက် ပေးခဲ့ကြပါတယ်။
မြောက်ကိုးရီးယားခေါင်းဆောင်ရဲ့ ဖအေတူမအေကွဲ အစ်ကိုတော်စပ်သူ ကွာလာလမ်ပူ လေဆိပ်မှာ ဓာတုဗေဒ အဆိပ်နဲ့ ပက်ဖျန်းပြီး အသတ်ခံရမှုဟာ ကမ္ဘာတဝှမ်းကို တုန်လှုပ်စရာဖြစ်စေခဲ့ပါတယ်။
ဗီယက်နမ် အမျိုးသမီး တဦးဖြစ်တဲ့ ဒေါင်သီဟောင် ၂၉ နှစ်နဲ့ အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသမီးဖြစ်သူ စစ်တီ အဆစ်ရာ တို့ဟာ ဓာတုအဆိပ်ကို ကင်ဂျုံနမ်ရဲ့ မျက်နှာပေါ်ပက်ဖျန်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။
သူတို့နှစ်ဦးစလုံးကတော့ အဲဒီကိစ္စဟာ မြောက်ကိုးရီးယား သူလျှိုက စီစဉ်ခဲ့တာဖြစ်ပြီး သူမတို့အနေနဲ့လူတွေကို နောက်ပြောင်ပျော်ရွှင်အောင်လုပ်တဲ့ တီဗီအစီအစဉ်တခုမှာ ပါဝင်သရုပ်ဆောင်ရတယ်လို့သာ ထင်ခဲ့ကြောင်းလည်း ပြောပါတယ်။
မြောက်ကိုရီးယားဘက်ကတော့ သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
မလေးရှား အာဏာပိုင်တွေကတော့ အခင်းဖြစ်ပွားမှုအပြီး မလေးရှားနိုင်ငံကနေ ထွက်ပြေးသွားတဲ့ မြောက်ကိုးရီးယား နိုင်ငံသား ၄ ဦးဟာ အဲဒီအမှုနဲ့ ပတ်သက်နေတယ်လို့ လက်ခံယူဆထားပြီး သူတို့ဟာ လူသတ်မှုအတွက် ကူညီ ပံ့ပိုးခဲ့တဲ့ စပိုင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်အပြီး မလေးရှားနဲ့ မြောက်ကိုးရီးယားအကြား တင်းမာမှုတွေရှိခဲ့ကာ နှစ်နိုင်ငံစလုံးက သံတမန်တွေကို အပြန်အလှန်နှင်ထုတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အမှုကို တရားရုံးမှာ စစ်ဆေးနေတာ ၈ လလောက် ကြာမြင့်ပြီဖြစ်ပြီး အမျိုးသမီး ၂ ဦးဟာ ကင်ဂျုံနမ်ကို သတ်သူလို့ သံသယရှိခံနေရသူတွေအဖြစ် စစ်ဆေးခံနေရတာဖြစ်ပါတယ်။
တရားခွင် ရုံးထုတ်စဉ်မှာ အဲဒီအမျိုးသမီးနှစ်ဦးဟာ ကျည်ကာအင်္ကျီဝတ်ဆင်ထားပြီး၊ လက်ထိပ်အခတ်ခံထားရကာ ခေါင်းတွေကိုလည်း ငုံ့ထားပြီး ကွာလာလမ်ပူက ရှာအလမ်တရားရုံးကို လာရောက်ခဲ့ကြပါတယ်။
တကယ်လို့ စစ်ဆေးမှုမှာ အပြစ်ရှိကြောင်း ထင်ရှားခဲ့ရင် သူတို့နှစ်ဦးဟာ သေဒဏ်ပေးခြင်းခံရမှာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးရဲ့ ရှေ့နေကတော့ အမှန်တကယ်အပြစ်ရှိသူတွေဟာ မြောက်ကိုးရီးယား အေးဂျင့်တွေဖြစ်တယ်လို့ ဆက်ပြီး လျှောက်လဲချက်ပေးဦးမဲ့ အလားအလာရှိနေပါတယ်။