မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်ခဲ့ပြီး ဒုံးကျည်မှာတပ်နိုင်ပြီလို့ပြော

ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, Reuters/KCNA

ဓာတ်ပုံ ပုံစာ, ယခင် မြောက်ကိုရီးယား စမ်းခဲ့ဖူးတဲ့ နျူးကလီးယားဗုံးတွေထက် ဆယ်ဆပြင်းလို့ သုံးသပ်ကြ

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်မှာ တပ်ဆင်နိုင်မယ့် ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။

အခုလို စမ်းသပ်တဲ့ နေရာဖြစ်တဲ့ ကီလ်ဂျူဒေသနဲ့ ကပ်နေတဲ့ တရုတ်နယ်စပ် ရန်ဗြန်ဒေသခံတွေကတော့ အားပြင်းတဲ့ ငလျင်တခု ခံစားခဲ့ရလို့ စိုးရိမ်နေကြတယ်လို့ ပြောဆိုထားပြီး ဂျပန် ငလျင် ပညာရှင်တွေကလည်း ဒီနေရာတဝိုက်မှာ အင်အား ရစ်ချတာ စကေး ၆.၃ ရှိတဲ့ ငလျင်လှုပ်သွားခဲ့တယ်လို့ အတည်ပြုထားပါတယ်။

ဒါဟာ ၁၀ နှစ် အတွင်းမှာ မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက် နျူးကလီးယား စမ်းသပ်မှုလည်း ဖြစ်ပါတယ်။

အခုလို စမ်းသပ်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကတဆင့်

'ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားကင်းစင်ရေးအတွက် နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ အားထုတ်မှုတွေကို မြောက်ကိုရီးယားက လက်ခံ ဖြေရှင်းဖို့ တိုက်တွန်းပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အခြေအနေ ပိုဆိုးမလာအောင် အမှားအယွင်းတွေ ထပ်မလုပ်ဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို သွားဖို့လိုတယ်' ဆိုပြီး ကြေညာခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရမ့်ကလည်း မြောက်ကိုရီးယားဟာ အမေရိကန်အတွက် ခြိမ်းခြောက်မှု တခု ဖြစ်နေရုံသာမက တရုတ်အတွက်လည်း အရှက်ရစရာ ဖြစ်တယ်လို့ ဝေဖန်လိုက်တဲ့အပြင် မြောက်ကိုရီးယားကို ချော့မော့ပြီး စည်းရုံးလို့ ရမယ်လို့ တောင်ကိုရီးယားဘက်က ယူဆခဲ့တာလဲ အလုပ်မဖြစ်ခဲ့ကြောင်း ဝေဖန်ထားပါတယ်။

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ အနုမြူ စွမ်းအင် အေဂျင်စီ အပါအဝင် ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ယူကေတို့ကလည်း မြောက်ကိုရီးယားရဲ့ ဗုံးစမ်းသပ်မှုကို ရှုတ်ချ အပြစ်တင်ခဲ့ကြပါတယ်။

အခုလို ဗုံးစမ်းသပ်မှုပြုလုပ်ရာ ကီလ်ဂျူနယ်မြေမှာ ပေါက်ကွဲမှုကြောင့် ဖြစ်ခဲ့တဲ့ ငလျင်ဟာ ၂၀၁၆ စက်တင်ဘာလတုန်းက ဗုံးစမ်းသပ်မှုကြောင့် ဖြစ်တဲ့ ငလျင်ထက် ဆယ်ဆ နီးပါး ပိုပြီး ပြင်းထန်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

ဟိုက်ထရိုဂျင်ဗုံးဟာ သမရိုးကျ နျူးကလီးယားဗုံးထက် အဆပေါင်းများစွာ ပြင်းထန်ပြီး နျူးကလီးယားဗုံးဟာ အနုမြူ ဒြပ်စင်တွေကို ဖြိုခွင်းပြီး ပေါက်ကွဲစေတာ ဖြစ်ပေမယ့် ဟိုက်ဒရိုဂျင်ဗုံးကတော့ အနုမြူ ဒြပ်စင်တွေကို ပေါင်းစည်းစေပြီး ပေါက်ကွဲမှုအား ပိုကောင်းအောင် လုပ်ထားတာ ဖြစ်ပါတယ်။