မြောက်ကိုးရီးယားနဲ့ဆွေးနွေးဖို့ တောင်ကိုးရီးယားကမ်းလှမ်း
မြောက်ကိုးရီးယားဘက်က မစ်ဆိုင်းဒုံး စမ်းသပ်ပြီးနောက် သတင်းပတ်အတော်ကြာ တင်းမာမှုတွေ ဖြစ်နေချိန်မှာပဲ တောင်ကိုးရီးယားဘက်က မြောက်ကိုးရီးယားနဲ့ စစ်ရေးဆိုင်ရာ ဆွေးနွေးမှုလုပ်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
တကယ်လို့ နှစ်ဘက် တွေ့ဆုံဖြစ်ရင် ဒါက ၂၀၁၅ နောက်ပိုင်း ပထမဆုံးအကြိမ် အဆင့်မြင့်ကိုယ်စားလှယ်တွေ တွေ့ဆုံတာ ဖြစ်လာမှာပါ။
ကိုးရီးယားနှစ်နိုင်ငံကြား နယ်စပ်မှာ ''စစ်ရေးတင်းမာမှုမြင့်မားစေတဲ့ ရန်လိုမှုတွေ အားလုံး'' ရပ်တန့်ဖို့ ရည်ရွယ်တာလို့ တောင်ကိုးရီးယားက အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
တောင်ကိုးရီးယားသမ္မတ မွန်းဂျေအင်းကလည်း မြောက်ကိုးရီးယားနဲ့ နီးကပ်စွာ ဆွေးနွေးလိုတယ်လို့ အရင်ကတည်းက ပြောထားခဲ့ပါတယ်။
မြောက်ကိုးရီးယားဘက်ကတော့ တောင်ကိုးရီးယားဘက်က ကမ်းလှမ်းမှုကို တုံ့ပြန်တာ မတွေ့ရသေးပါဘူး။






