ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့် ရွေးကောက်ပွဲနိုင်အောင် ကူညီမယ်လို့ ရုရှားက ကမ်းလှမ်းခဲ့
ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက ဒေါ်နယ်ထရမ့် အနိုင်ရအောင် ကူညီမယ် ဆိုပြီး ရုရှား အစိုးရက ကမ်းလှမ်း ခဲ့တဲ့ အီးမေးလ်စာတွေကို ထရမ့်ရဲ့ သားအကြီးဆုံးက ထုတ်ပြန် လာပါတယ်။
အပြန်အလှန် ရေးသားထားတဲ့ အီးမေးလ်စာတွေကို ကြည့်ရင် ထရမ့်ဂျူနီယာ အနေနဲ့ ရုရှားရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုတဲ့ ဆန္ဒသဘောထား ရှိနေခဲ့တာ တွေ့ရပါတယ်။
ထရမ့်ရဲ့ ပြိုင်ဘက် ဟီလာရီကလင်တန်ရဲ့ အပြစ်အနာအဆာတွေကို ဖော်ပြနိုင်တဲ့ စာရွက်စာတမ်းတွေကို ပေးမယ်ဆိုပြီး ရုရှားဘက်က ကမ်းလှမ်း ခဲ့တာ ဖြစ်ပါတယ်။
ကြားခံ ဆက်သွယ်ပေးသူကို ထရမ့်ဂျူနီယာက အဲဒီလို စာမျိုးတွေ တကယ် ရရင် လိုချင်တယ် ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
အဲဒီလို အီးမေးလ်နဲ့ ဆက်သွယ်ခဲ့ပြီး နောက်ပိုင်း ရုရှား အစိုးရနဲ့ အဆက်အသွယ် ရှိတယ်လို့ ယူဆရတဲ့ ရှေ့နေနဲ့ ထရမ့်ဂျူနီယာက လူချင်း တွေ့ဆုံ ခဲ့ပါတယ်။
အခုလို အီးမေးလ်စာတွေကို လူသိရှင်ကြား ထုတ်ပြန်လာတဲ့ သားဖြစ်သူရဲ့ လုပ်ရပ်ဟာ အင်မတန် ပွင့်လင်း မြင်သာမှု ရှိကြောင်း ပြသလိုက်တာပဲ ဆိုပြီး သမ္မတ ထရမ့်က ချီးကျူး ပြောဆို ပါတယ်။
ထောက်လှမ်းရေး သတင်းအချက်အလက် ဆိုင်ရာ အမေရိကန် လွှတ်တော် ကော်မတီဝင် တစ်ယောက်လည်းဖြစ်၊ အတိုက်အခံ ဒီမိုကရက် တစ်ယောက်လည်း ဖြစ်တဲ့ အဒမ် ရှစ်ဖ်ကတော့ အခု ပေါ်ထွက်လာတဲ့ အချက်အလက်တွေဟာ အင်မတန် စိုးရိမ်စရာ ကောင်းလှတယ်လို့ မှတ်ချက် ချပါတယ်။
ထရမ့် အတွင်းစည်းနဲ့ ရုရှား အကြား ဆက်သွယ်မှု မရှိဘူး ဆိုပြီး တောက်လျှောက် ငြင်းဆို ထားသမျှ အကုန် ပြောင်းပြန်လှန် ပြောင်းလဲသွားတာပဲ လို့ မစ္စတာ ရှစ်ဖ်က ဆိုပါတယ်။