ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လုံခြုံရေးအကြံပေး ပုဂ္ဂိုလ်ဟောင်းအပေါ် စစ်ဆေးမှု ရပ်ဖို့ FBIကို ထရမ့်ပြောတယ်လို့ဆို
အမေရိကန် နိုင်ငံတော် လုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်း Michael Flynn နဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးနေမှုကို ရုတ်သိမ်းလိုက်ဖို့ FBI ထောက်လှမ်းရေးအဖွဲ့ကို အမေရိကန် သမ္မတ ထရမ့်က ပြောခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ရာမှာ သမ္မတထရမ့် အစိုးရအနေနဲ့ နောက်ထပ် အခြေအတင် အငြင်းပွားစရာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အိမ်ဖြူတော် အစိုးရရုံးကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပါတယ်။
သမ္မတ ထရမ့်နဲ့ အဲဒီအချိန်က FBIအဖွဲ့ ညွှန်ကြားရေးမှူးဖြစ်သူ James Comey တို့အကြား ဖေဖေါ်ဝါရီလက စကားပြောဆိုခဲ့မှုနဲ့ ပတ်သက်လို့ The New York Times နဲ့ တခြား အမေရိကန် သတင်းဌာနတွေက ဖေါ်ပြခဲ့တဲ့ အဲဒီသတင်းက မှန်ကန် တိကျမှု မရှိဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။
အဲဒီ စွပ်စွဲချက် သတင်းတွေဟာ သမ္မတ ထရမ့်နဲ့ တွေ့ဆုံအပြီး မစ္စတာ Comey ရေးခဲ့တယ် ဆိုတဲ့ မှတ်တမ်းတခုကို အခြေခံပြီး ရေးသား ဖေါ်ပြခဲ့ကြတာ ဖြစ်ပါတယ်။
မစ္စတာ Comey ကို သမ္မတထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်က ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
ဗိုလ်ချုပ်ကြီး Michael Flynn ဟာ ရုရှား သံအမတ်ကြီးနဲ့ သူ အဆက်အသွယ် ရှိတာကို မဟုတ်သလို လှည့်စားပြောခဲ့အပြီး ရာထူးကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။