ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကုန်သွယ်ရေးနဲ့ မြောက်ကိုရီးယားအရေး ကန်နဲ့ တရုတ် ဆက်ဆွေးနွေး
အမေရိကန်သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင်ပင်းတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး မပြေလည်မှုတွေ အတွက် ရက် တရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ သဘောတူလိုက်ပါတယ်။
မစ္စတာ ထရမ့်ဟာ ယခင်က တရုတ်ရဲ့ ကုန်သွယ်ရေး လုပ်ကိုင်ပိုင်တွေကို ဝေဖန်တာတွေကို စွန့်ပယ်ပြီး မစ္စတာ ရှီကျင်ပင်းနဲ့ တွေ့ဆုံမှုတွေကို အားရကြောင်း ပြောဆိုခဲ့သလို တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာမှာ အမေရိကန်ဘက်ကို ဘတ်ဂျတ်လိုငွေ ပြနေတာကိုလည်း အဖြေရှာဖို့ ဆွေးနွေးခဲ့ကြပါတယ်။
မစ္စတာ ရှီဘက်ကလည်း သူတို့ အချင်းချင်း ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး ဒီနှစ်ထဲမှာ မစ္စတာ ထရမ့်ကို တရုတ်နိုင်ငံကို အလည်လာရောက်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ထရမ့်ဟာ အမေရိကန်က တောင်ကိုရီးယားမှာ ဒုံးခွင်းဒုံးစနစ် ဘာ့ကြောင့်ထားရသလဲ ဆိုတာကိုလည်း တရုတ်သမ္မတကို ရှင်းပြခဲ့တယ် ဆိုတာကိုလည်း တောင်ကိုရီးယားကို အသိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ဒီကိစ္စကို နိုင်ငံ လုံခြုံရေး အကြောင်းပြချက်နဲ့ ကန့်ကွက်ထားပေမယ့် တောင်ကိုရီးယားနဲ့ အမေရိကန်တို့က မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်တွေကို တုန့်ပြန်ဖို့အတွက်ဖြစ်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။
တရုတ်၊ အမေရိကန် သမ္မတ နှစ်ဦးဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်တွေကို ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာကိုလဲ ဆွေးနွေးခဲ့ကြောင်း မစ္စတာ ထရမ့်ဆီကတဆင့် သိခဲ့ရတယ်လို့ တောင်ကိုရီးယား ဝန်ကြီးချုပ် ဝမ်ကျိုအန်းက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်အပါအဝင် နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က အကူအညီမရခဲ့ရင် အမေရိကန်က သူတို့ကိုယ်ပိုင် နည်းလမ်းနဲ့ ဖြေရှင်းမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆင်က ပြောဆိုထားပါတယ်။