ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီးယူ ကနေဒါ ကုန်သွယ် စာချုပ် သဘောတူညီချက် မရ
ဥရောပသမဂ္ဂနဲ့ ကနေဒါ နိုင်ငံတို့ လွတ်လပ်တဲ့ ကုန်သွယ်ရေး စာချုပ်နဲ့ ပတ်သက်ပြီး သဘောတူညီချက်မရဘဲ ကနေဒါက အစည်းအဝေးထဲကနေ ထွက်ခွာသွားပါတယ်။
ကနေဒါလို ဥရောပတန်ဖိုးကို မျှဝေနားလည်တဲ့ နိုင်ငံမျိုးနဲ့တောင်မှာ အီးယူဟာ သဘောတူညီချက်မရနိုင်ခဲ့ဘူးလို့ ကနေဒါ ကုန်သွယ်ရေး ဝန်ကြီးက အပြစ်တင်ပြောဆိုပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ပြည်သူ ၃ သန်းခွဲလောက်က ကန့်ကွက်ကြတဲ့ အတွက် သဘောတူညီချက် မရနိုင်တာ ဖြစ်ပါတယ်။
အီးယူဘက်ကတော့ လုပ်ငန်းစဉ်တွေ မပြီးဆုံးသေးပါဘူးလို့ ဆိုပါတယ်။
ကနေဒါ စိုက်ပျိုးရေးဝန်ကြီးဟောင်းဖြစ်ခဲ့ဖူးသူ လွှတ်တော်အမတ် ဂျယ်ရီ ရစ်ဇ် ကတော့ ဘယ်လ်ဂျီယံလို နိုင်ငံထဲမှာ ပြည်နယ်က ဆယ်ခုရှိတဲ့ အနက် ငါးခုကမြောက်ဖက် ငါးခုကတောင်ဖက်မှာ ရှိကြပြီး အဲဒီအထဲမှာ မြောက်ဘက် ပြည်နယ်တွေကသာ ကနေဒါနဲ့ ကုန်သွယ်မှု လုပ်ကြတာပါ။ တောင်ဘက် ပြည်နယ်တွေကဘာမှ မသက်ဆိုင်သလို ဖြစ်နေပါတယ်။
ဒီလိုကွဲပြားမှုတွေကြောင့် ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက် ရရှိဖို့ ခက်နေတာဖြစ်တယ်လို့ သူကဆိုပါတယ်။