ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငြိမ်းချမ်းရေး နိုဘယ် ဆုကြေးတွေ အကုန်လှူမယ်လို့ ကိုလံဘီယာ သမ္မတ ပြော
အခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့တဲ့ ကိုလံဘီယာ သမ္မတ ဟွမ် မဲန်နွဲ ဆန်းတော့စ် က သူရရှိတဲ့ ဆုကြေးငွေ တွေကို တိုင်းပြည်ရဲ့ ပြည်တွင်းစစ်ဒဏ် ခံခဲ့ရသူတွေကို အကူအညီ ပေးရေးမှာ ထည့်ဝင် လှူဒါန်း သွားမယ်လို့ ဆိုပါတယ်။
ကိုလံဘီယာ နိုင်ငံမှာ ရာစုနှစ် ထက်ဝက်ကျော် ကြာမြင့် နေပြီ ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခ ချူပ်ငြိမ်းအောင် FARC သူပုန် အဖွဲ့နဲ့ကြား ငြိမ်းချမ်းရေး သဘောတူမှု ရအောင် ယူနိုင်ခဲ့တဲ့ အတွက် သမ္မတ ဆန်းတော့စ် ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့် ခဲ့ပါတယ်။
နော်ဝေနိုင်ငံ မြို့တော် အော်စလို မှာ ရှိတဲ့ နိုဘယ်ဆု ကော်မတီ ကနေ သမ္မတ ဆန်းတော့စ် ကို ဆုကြေးငွေ ဒေါ်လာ ၉ သိန်းကျော် ပေးအပ် သွားမှာ ဖြစ်ပါတယ်။
သမ္မတ ဆန်းတော့စ်နဲ့ တင်မ်ကိုချင်ကို လို့ အသိများတဲ့ FARC သူပုန် အဖွဲ့ ခေါင်းဆောင် တို့ လက်မှတ် ရေးထိုး ခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ် ပါ အချက် အလက်တွေကို လက်ခံမလား ဆိုတာကို ပြည်လုံးကျွတ် ဆန္ဒ ကောက်ခံ ခဲ့တာမှာတော့ လက်မခံရေး ဘက်က ပွတ်ကာသီကာ နိုင်ခဲ့ပါတယ်။
ဒါ့ကြောင့် ကိုလံဘီယာ ငြိမ်းချမ်းရေး ပျက်စီး မသွားရလေအောင် အစိုးရ အပါအဝင် အဓိက နိုင်ငံရေး ပါတီကြီးတွေ စုပေါင်းပြီး နည်းလမ်း ရှာဖွေ နေကြပါတယ်။