တော်ဝင်မင်္ဂလာပွဲ ဖိတ်စာ ဘယ်သူတွေရ

ဓာတ်ပုံ ရင်းမြစ်, BBC World Service
ဗြိတိသျှမင်းသား ဝီလျံနဲ့ သူ့ချစ်သူ ကိတ် မစ်ဒယ်တန်တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရသူတွေထဲမှာ ဝန်ကြီးချုပ် ဟောင်း တွေဖြစ်ကြတဲ့ တိုနီဘလဲနဲ့ ဂေါ်ဒွန်ဘရောင်းတို့ မပါဝင်တဲ့အတွက် အတိုက်အခံ လေဘာပါတီအမတ်တွေ အံအားသင့်နေကြပါတယ်။
ဒါပေမယ့် သူတို့အရင်တာဝန်ယူခဲ့တဲ့ ကွန်ဆား ဗေးတစ် ဝန်ကြီးချုပ် နှစ်ဦးဖြစ်တဲ့ မာဂရက် သက်ချာ ပါသလို၊ ဂျွန်မေဂျာ တို့ကိုတော့ ဖိတ်ကြားခဲ့ရတာမို့ ဒါဟာ သူတို့အပေါ် တမင်အရေးမစိုက်တဲ့ သဘောထားကို ပြသလားဆိုပြီး ထင်မြင်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် တော်ဝင်မိသားစု ပြောခွင့်ရသူကတော့ မဟုတ်ပါဘူး လို့ ဆိုပါတယ်။
ဆာ ဂျွန်မေဂျာရော၊ မာဂရက် သက်ချာပါနှစ်ဦးစလုံးဟာ ဗြိတိန်နိုင်ငံရဲ့အဆင့်အမြင့်ဆုံး သူကောင်းပြုခြင်းခံရတဲ့ Knights တွေဖြစ်ကြပါတယ်။
မစ္စတာဘရောင်းနဲ့ ဘလဲတို့ကတော့ အခုအချိန်အထိ အဲဒီလို သူကောင်းပြုခံရသူတွေ မဟုတ်ကြသေးပါဘူး။
သောကြာနေ့မှာကျင်းပ မယ့် မင်္ဂလာပွဲကိုတက်ရောက် ဖို့ဖိတ်ကြားခံရတဲ့ ဧည့်သည်တော် ၁၉၀၀ ထဲမှာအတိုက်အခံဖက်က ဆိုလို့အကြီးဆုံး အတိုက်အခံ ဖြစ်တဲ့ လေဘာပါတီ ခေါင်းဆောင် အက်ဒ် မီလီဘန် တယောက်သာ ပါဝင်ပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် လူသန်း ၂၀၀၀ လောက်အထိ ရုပ်မြင်သံကြားကနေ ကြည့်ရှုကြမယ့် ဒီမင်္ဂလာပွဲကို ကိုယ်တိုင် တက်ရောက်ကြမယ့် သူတွေထဲမှာ နာမည်ကျော် ဘောလုံးသမားဒေးဗစ်ဘက်ဟမ်တို့ စုံတွဲပါဝင်သလို၊ နိုင်ငံတကာမှာရှိတဲ့ တော်ဝင်မိသားစု ဝင်တွေကိုလည်း ဖိတ်ကြားထားပါတယ်။
နိုင်ငံတကာက သံတမန်တွေစာရင်းထဲမှာ မြောက်ကိုးရီးယားတို့၊ အီရန်တို့၊ ဇင်ဘာဘွေတို့လို နိုင်ငံတွေကိုလည်း တွေ့ရပါတယ်။




