အမေရိကန်နဲ့ ရုရှား နျူကလီးယားလက်နက် လျော့ချရေး သဘောတူ

President Obama discusses with Russia President on telephone
ဓာတ်ပုံ ပုံစာ, မဟာဗျူဟာမြောက် နျူကလီယား ထိပ်ဖူး ၃၀ ရာခိုင်နှုန်း အထိ လျော့ချမှာ ဖြစ်ပါတယ်

အမေရိကန် သမ္မတအိုဘားမားနဲ့ ရုရှားသမ္မတ ဒမက်ထရီ မက်ဗီရေးဒက် တို့ဟာ နှစ်နိုင်ငံ နျူကလီးယား လက်နက်လျော့ချရေး စာချုပ် တခုကို သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။

သဘောတူညီချက်ကို သူတို့ ၂ ဦးဟာ တယ်လီဖုန်းနဲ့ နောက်ဆုံးပိတ်ဆွေးနွေးခဲ့ပြီး နောက်မှာ သမ္မတအိုဘားမားက တခြား တိုင်းပြည်တွေ ဟာလည်း နျူကလီယား မပြန့်ပွားရေး သဘောတူစာချုပ် အရ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို အခုအချိန်မှာ လုပ်ဆောင် သင့်ပြီလို့ ပြောကြားလိုက်ပါတယ်။

မစ္စတာအိုဘားမားဟာ ရှေ့လကျရင် သမ္မတ မက်ဗီရေးဒက်နဲ့ ပရတ်မြို့မှာ တွေ့ဆုံပြီး ဒီသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးကြမှာ ဖြစ်ပါတယ်။

အခုသဘောတူညီချက်အရ အမေရိကန်နဲ့ ရုရှားတို့ဟာ သူတို့ရဲ့ မဟာဗျူဟာမြောက် နျူကလီးယား ထိပ်ဖူး ၃ ပုံ ၁ ပုံ အထိ လျော့ချမှာ ဖြစ်ပြီး၊ ထိပ်ဖူးတပ်ဆင်ထားတဲ့ ဒုံးကျည် အတော်များများကိုလည်း ဖျက်သိမ်းပစ်မှာ ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်က ရှိခဲ့တဲ့ နှစ်နိုင်ငံ လက်နက်လျော့ချရေး သဘောတူစာချုပ် ဒီဇင်ဘာလမှာ သက်တန်းကုန်တဲ့အခါ အခုသဘောတူညီချက်နဲ့ အစားထိုးမှာဖြစ်ပါတယ်။