ဗိုလ်ချုပ်ရုပ်တုဆန္ဒပြသူတွေကို ရဲတားဆီး

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ် အောင်ဆန်း မြင်းစီးကြေးရုပ် ထားရှိမှာနဲ့ ပတ်သက်လို့ ဇူလိုင်လ ၃ ရက်မနက်က ကရင်နီလူငယ်တွေစုစည်းပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီလိုဆန္ဒပြနေစဉ်အတွင်းမှာပဲ ဆန္ဒပြလူငယ်တဦးဖြစ်တဲ့ ကရင်နီပြည်နယ် လူငယ်သမဂ္ဂက ဖိလစ်စိုးအောင်ကို ရဲတပ်ဖွဲ့က နာရီအနည်းငယ် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဆန္ဒပြသူလူငယ်တွေရဲ့ တောင်းဆိုချက်အရ ပြည်နယ် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့တယ်လို့ လွတ်မြောက်လာတဲ့ ကိုဖိလစ်စိုးအောင်က ဘီဘီစီကို ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ် မြင်းစီးကြေးရုပ် ထားရှိမှာနဲ့ ဆန္ဒပြသူတွေ

ဓာတ်ပုံ ရင်းမြစ်, KNIC

ဓာတ်ပုံ ပုံစာ, ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ် မြင်းစီးကြေးရုပ် ထားရှိမှာနဲ့ ဆန္ဒပြသူတွေ

ဗိုလ်ချုပ် အောင်ဆန်းကို လေးစားသလို ဗိုလ်ချုပ် ရဲ့ မူဝါဒတွေကိုလည်း ထောက်ခံပေမယ့် ကရင်နီပြည်နယ်ဟာ သီးခြားပြည်နယ်ဖြစ်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင် ဘာသာစကားနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ရှိတဲ့အတွက် ဗိုလ်ချုပ် ရုပ်တုထားမှာထက် တိုင်းရင်းသား ခေါင်းဆောင် ရုပ်တုတွေကို ထားဖို့ပဲ လက်ခံယုံကြည်တယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

ဒီလိုဆန္ဒပြပွဲ မတိုင်ခင်ကတည်းက ကယားပြည်နယ်အစိုးရကို ကရင်နီလူငယ်တွေဘက်က အိတ်ဖွင့်ပေးစာ ပေးခဲ့ပြီးတော့ ဒီရုပ်တုထားရှိရေး ကန့်ကွက်တဲ့ လက်ကမ်းစာစောင်တွေကိုဖြန့်ဝေတာတွေ လုပ်ခဲ့ပါတယ်။

ဒီလက်ကမ်းစာစောင် ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ဇွန်လ (၂၆) ရက်က စပြီး မြို့နယ် ၈ ခုမှာ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ကမ်းစာစောင်မှာတော့ ကရင်နီပြည်ရဲ့ သမိုင်းကြောင်း၊ ဗိုလ်ချုပ် ကြေးရုပ် ထားမယ့်အပေါ် စိုးရိမ်ပူပန်ချက် ၊ သုံးသပ်ချက်တွေအပြင် အကြံပြုတိုက်တွန်းတာတွေကို ရေးသားထားပြီး လူထုကို ဖြန့်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ လူထု ဟစ်တိုင်ကွင်းမှာ စုစည်ပြီး ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားရာမှာ ပြည်နယ်အစိုးရက တားဆီးခဲ့တာဖြစ်ပြီးတော့ ဆန္ဒပြသူတွေနဲ့ တားဆီးထားတဲ့ ရဲတပ်ဖွဲ့တွေကြား အနည်းငယ် အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီလို ဗိုလ်ချုပ် ကြေးရုပ် ကန့်ကွက်တဲ့ လှုပ်ရှားမှုမှာ ကယောလူငယ်၊ ဂေဘားလူငယ်၊ ကယန်းလူငယ်၊ ကယားလူငယ်၊ ကော်ယော်လူငယ်နဲ့ ကရင်နီလူငယ်တို့ ပါဝင်ခဲ့ကြပြီး နောက်ထပ် ဒီထက်ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ကိုဖိလစ်စိုးအောင်က ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာလည်း ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ကို ထားရှိဖို့အတွက်လုပ်ခဲ့တဲ့ အတွက် ဒေသခံ တိုင်းရင်းသားတွေက ကန့်ကွက်မှုတွေ ရှိနေခဲ့ပါတယ်။