ဝိုင်အမ်ဘီအေက NLD၊ မြန်မာ့အကြမ်းမဖက် နိုင်ငံရေး

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စဖိုဒ့်တက္ကသိုလ်ဘွဲ့ရ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ဒေသတွင်း အာရှနိုင်ငံတွေမှာ သူနဲ့ခေတ်ပြိုင် အောက်စဖို့ဒ်နဲ့ ကိန်းဘရစ် တက္ကသိုလ်ထွက် ခေါင်းဆောင်တွေ ရှိခဲ့ရာမှာ စင်္ကာပူက လီကွမ်ယု (ကိန်းဘရစ်)၊ အိန္ဒိယက ရာဂျစ်ဂန္ဓီ (ကိန်းဘရစ်)၊ ပါကစ္စတန်က ဘနာဇီယာဘူတို (အောက်စဖို့ဒ်)၊ ထိုင်းက အဖိဆစ် ဝေ့ချာချီဝ (အောက်စဖို့ဒ် ) စသဖြင့် ရှိကြပြီး သားစဉ်မြေးဆက် အောက်စဖို့ဒ်၊ ကိန်းဘရစ်မှာ ပညာသင်ခဲ့တဲ့ နိုင်ငံရေး ပညာရေးနဲ့ ဥပဒေ မျိုးဆက်တွေ အာရှမှာ အထင်အရှား ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း ၁၉၆၂ မတိုင်ခင်က ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ပညာသင်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ဥပဒေပညာရှင်တွေ၊ အရာရှိကြီးတွေ ရှိခဲ့ပြီး နန်းရင်းဝန်၊ ဝန်ကြီးချုပ်၊ တရားဝန်ကြီး၊ အတွင်းဝန် စတဲ့ ကြီးလေးတဲ့ တာဝန်တွေ ထမ်းရွက်ခဲ့ကြပါတယ်။ ဒီခေါင်းဆောင် တွေဟာ လူရည်တတ် အထက်တန်းလွှာက လာကြသူတွေ ဖြစ်လို့ အနောက်တိုင်းလိုလားတဲ့ အရင်းရှင်တွေ ဆိုပြီး စစ်တပ်ကြီးစိုးတဲ့ ဆိုရှယ်လစ်ခေတ်မှာ မှိန်ဖျောက်ခံခဲ့ရ ပါတယ်။ ဒါကြောင့် ၁၉၈၈ မှာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး စင်မြင့်ပေါ် ရောက်လာပြီးနောက် အနောက်အုပ်စု ရုပ်သေးအဖြစ် စစ်အစိုးရ စာနယ်ဇင်း တွေက တိုက်ခိုက်ခဲ့ကြတာဟာ အနောက်တိုင်း ပညာတတ် ခေါင်းဆောင်မှုကို မနှစ်မြို့တဲ့ အမျိုးသားရေးအမြင်ကဲတဲ့ စစ်ဝါဒပုံစံ ဖြစ်နေပါတယ်။

ဉာဏ်သစ်လောင်း ရတနာပုံသားများ

ရာစုနှစ်တွေနဲ့ချီပြီး ပဒေသရာဇ်ခေတ်မှာ ကျန်နေရစ်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံအောက်ပိုင်း ဗြိတိသျှအောက် ရောက်ပြီးမှ ပြည်ပကို အသုတ်လိုက် ပညာသင် စေလွှတ်တာတွေ ရှိလာပါတယ်။ ကနောင်မင်းသားကြီးနဲ့ ကင်းဝန်မင်းကြီး၊ ယောအတွင်းဝန်တို့ ခေါင်းဆောင်တဲ့ ဒီ ဉာဏ်သစ်ပွင့် လှုပ်ရှားမှုမှာ အိန္ဒိယ၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ နိုင်ငံတွေကို မြန်မာလူငယ် အများအပြား စေလွှတ်ပြီး စက်မှု၊ လက်နက်လုပ်နည်း၊ စစ်ပညာတွေ သင်ယူစေပါတယ်။ ဒီပညာသင် အုပ်စုထဲကပဲ ပန်းတဉ်းဝန်၊ ဖန်ချက်ဝန်၊သံချက်ဝန်၊ မြင်းဝန် စတဲ့ ရာထူးတွေနဲ့ မြန်မာဘုရင့်အမှုတော်ကို ထမ်းရွက်ရတဲ့ လူငယ်မှူးမတ်တွေ ပေါ်ထွက် လာပြီး ဒီထဲက သံချက်ဝန် ဦးမြူကို ၁၈၈၅ မှာ ပြင်သစ်ကို သံအမတ်အဖြစ် စေလွှတ်ခဲ့ပါတယ်။

ဦးမြူဟာ မြန်မာထီးနန်းဆုံးရှုံးချိန်မှာ သူစွမ်းသလောက် ဥရောပကနေ ကြိုးစားခဲ့ပေမယ့် ကိုလိုနီနိုင်ငံအချင်းချင်း စားကျက်လုပွဲမှာ ဥရောပနိုင်ငံကြီးတွေ လက်ရှောင်နေကြတဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးလက်ကျန် မြန်မာပညာသင်တွေကို စုစည်းပြီး သံချက်ဝန် မန္တလေးပြန်ခဲ့ရပါတယ်။ သူနဲ့ လန်ဒန်တိုင်း သတင်းစာ မေးမြန်းခန်းမှာ နိုင်ငံဆုံးရှုံးရမှုအတွက် စိတ်မကောင်းဖြစ်ရပေမယ့် မြန်မာဘက်က အမှားတွေကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဦးသန့်ပြန်ဆိုတဲ့ သံချက်ဝန်ထောက်မင်းနှင့်ပါတော်မူဆောင်းပါးအရ သိရပါတယ်။ တကယ်က မန္တလေး နန်းတွင်းမှာ ကွဲနေတဲ့ အုပ်စုတွေထဲမှာ နိုင်ငံခြားပြန်အုပ်စုက ကင်းဝန်မင်းကြီးနဲ့ နီးစပ်ပြီး တင်းမာပြီး စစ်တိုက်လိုတဲ့ တိုင်တား မင်းကြီး အုပ်စုက စုဘုရားလတ်နဲ့ နီးစပ်တာ ဖြစ်ပါတယ်။

စစ်တိုက်ရေးကို မလိုလားပေမယ့် နိုင်ငံကျဆုံးရပြီးနောက် အသစ်တက်လာတဲ့ ဗြိတိသျှအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သူ ဆိုလို့ နိုင်ငံခြားပြန်တွေ ထဲမှာ ဒီပဲယင်းဝန်ထောက် ဖြစ်လာမယ့် ဦးမြဲလောက်သာ ပါပါတယ်။ ယောအတွင်းဝန်ရဲ့သမက် အိန္ဒိယကပြန်လာတဲ့ ရွှေပြည်မောင်မောင်ကလေးကို အင်္ဂလိပ် အရေးပိုင်က မြို့အုပ်လုပ်ခိုင်းတဲ့အခါ ငါတို့မှာ ကျွန်ခေတ်ရောက်နေတာ ကံဆိုးလှပါပြီ၊ ဒီလို ကျွန်ခေတ်မှာ အင်္ဂလိပ်ရဲ့ လက်ပါးစေအရာရှိ လုပ်ရင် နှစ်ထပ်ကွမ်းကျွန်ဖြစ်သလို နေမှာပေါ့လို့ သူ့ယောက္ခမ အတွင်းဝန်ကတော် ခင်ဖြူက တားမြစ်ခဲ့ပါတယ်။ ရွှေပြည်မောင်မောင်ကလေးဟာ မန္တလေး ကောလိပ်ဖွင့်ရေးကို တခြားမြို့လူကြီးတွေနဲ့အတူ နှစ်ပေါင်းများစွာ နှိုးဆော်ခဲ့သလို သူ့နေအိမ်မှာ ပြင်သစ်၊ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တွေထားပြီး ဖတ်ရှု တယ်လို့ သူ့အနွှယ်အဆက်များက ပြောပါတယ်။

မောင်မောင်ကလေးနဲ့အတူ အိန္ဒိယကို သွားပြီး ကိုလ်ကတ္တားက ဒိုဗီတန်ကောလိပ်မှာ စာသင်ခဲ့တဲ့ မန္တလေးဆိုင်းတန်းက မဟာသီရိဘောဂသာရ သူဌေး ဦးဇံသား ဦးကျော်ကတော့ အောက်စဖိုဒ့် တက္ကသိုလ်မှာ ပထမဆုံး တက်ရောက်သင်ကြားခဲ့တဲ့ မြန်မာလူမျိုးလို့ သိရပါတယ်။ ဦးကျော်ဟာ လန်ဒန်က ဝတ်လုံရှေ့နေဘွဲ့ ကို ယူပြီး အောက်မြန်မာပြည်မှာ စက်ရှင်တရားသူကြီး ဖြစ်ခဲ့သလို သာယာဝတီဘက်မှာ ရှေ့နေ အဖြစ် အသက်မွေးခဲ့ပါတယ်။ ဦးကျော်နဲ့ ရွှေပြည် မောင်မောင်ကလေးကို မင်းတုန်းမင်းက အမေရိကန်ပို့ ပညာသင် စေလိုပေမယ့် ဗြိတိသျှဘက်က ကဖျက်ယဖျက်လုပ်လို့ အိန္ဒိယပဲ ရောက်ခဲ့ ကြောင်း မောင်မောင်ကလေးရဲ့သား ဂျပန်ခေတ် ဗမာပြည် လွတ်လပ်ရေး စီစဉ်မှုအဖွဲ့ဝင်နဲ့ မန္တလေး မြို့တော်ဝန်ဟောင်း ဝတ်လုံ ဦးခင်မောင်ဒွေးက စာရေးဆရာညိုမြကို ပြောပါတယ်။

ဝတ်လုံ မောင်သောင်းဘေများ

၁၉ ရာစုကုန်နဲ့ ၂ဝ ရာစုဆန်း မြန်မာပြည်မှာ စပါးစျေးနဲ့ ကျွန်းစျေးကောင်းပြီး သားတွေကို ပြည်ပ ပညာသင်ပို့နိုင်တဲ့ မြေပိုင်ရှင် မိသားစုတွေ များခဲ့ ကြောင်း ၂ဝ ရာစု မြန်မာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးမျက်နှာဖုံးများ စာတမ်းမှာ သံအမတ်ဟောင်း ဦးသက်ထွန်းက ရေးပါတယ်။ ဒီလိုပို့ခဲ့လို့ ရှေ့နေနဲ့ ဝတ်လုံတွေ များလာပြီး အစိုးရအလုပ်မဝင်ဘဲ နိုင်ငံရေးထဲ ဝင်သူတွေ များတယ်လို့လည်း သိရပါတယ်။ ဒီအခြေအနေဟာ ခေတ်ပြိုင် အိန္ဒိယ၊ မလေး စတဲ့ တခြား အာရှကိုလိုနီနိုင်ငံတွေနဲ့ ဆင်တူပြီး နိုင်ငံရေး နိုးကြားမှုကို ဒီနိုင်ငံခြားပြန်နဲ့ ခေတ်ပညာတတ်တွေက ဦးဆောင်ခဲ့ကြပါတယ်။

တကယ်က မြန်မာပြည်အောက်ပိုင်း ဗြိတိသျှအောက် ရောက်ကတည်းက ရခိုင်နဲ့ မော်လမြိုင်ဘက်က ကြေးရည်တတ်သားသမီးတွေနဲ့ ခရစ်ယာန် သာသနာပြု အဆက်အသွယ်ရှိသူတွေ ပြည်ပကို ပညာသင်သွားနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး မြန်မာဆရာဝန် တွေ ဖြစ်တဲ့ အမ်းဗရို့စ်ဒီ ရိုဇာရီယိုနဲ့ ဒေါက်တာရှောလူး၊ ရခိုင်သူဌေးဦးရဲကျော်သူသား ဝတ်လုံဦးချန်ထွန်း၊ ကျောက်စာဝန်ဟောင်း တော်စိန်ခို စတဲ့ အောက်ပိုင်းက ပညာတတ်တွေ အစောဆုံး ပေါ်ထွက်ခဲ့ပါတယ်။ ၁၈၇၈ ရန်ကုန်မှာ အစိုးရကောလိပ်ကျောင်းဖွင့်ပြီးနောက် ပြည်တွင်းမှာ ဘွဲ့ရသူတွေ ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဆေး၊ စက်မှု ပညာနဲ့ ဘွဲ့လွန်အတွက် ပြည်ပကို သွားရတာက ၁၉၂ဝ ရန်ကုန်တက္ကသိုလ်ဖွင့်ချိန်ထိ ဖြစ်ပါတယ်။

ဒီလို ပြည်ပကို ခက်ခက်ခဲခဲ ငွေကုန်ခံပြီး ပညာသင်ရတဲ့အတွက် အဲဒီခေတ်မှာ ပညာတတ်ရှားပြီး ပညာတတ်အများစုက ချမ်းသာသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့လို အင်္ဂလိပ်စာမတတ်တဲ့ သာမန်လူတွေအပေါ် နင်းနှိမ်ချိုးဖဲ့ မလေးမစားပြုကြတယ်လို့ သခင် ကိုယ်တော်မှိုင်းရဲ့ ခွေးဋီကာမှာ ပါရှိ ပါတယ်။ ဒီလို အနောက်တိုင်းဆန်တဲ့ ဝတ်လုံပညာတတ်တွေအကြောင်း စာဖွဲ့သရုပ်ဖော်ခဲ့သူကတော့ ဝတ္ထုရေးဆရာကြီး ဦးလတ်ဖြစ်ပြီး ၁၉၁၄ က ထုတ်တဲ့ သူ့ရဲ့ နာမည်ကျော် ရွှေပြည်စိုးဝတ္ထုမှာ ဝတ်လုံတော်ရ မောင်သောင်းဘေ အကြောင်း ဟာသဆန်အောင် ပုံဖော်ခဲ့ပါတယ်။ ဒီပညာတတ်တွေဟာ အင်္ဂလိပ်စာကို အထူးပြု သင်ကြားခဲ့သူတွေဖြစ်ပြီး သူတို့သင်ခဲ့ရတဲ့ ခရစ်ယာန်သာသနာပြုကျောင်းတွေမှာ မြန်မာစာကို သေချာသင်မပေးလို့ မြန်မာစာပိုင်း အားနည်းကြပါတယ်။

ကိုလိုနီခေတ် မင်းတိုင်ပင် ခေါင်းဆောင်များ

ဒီလို ပညာတတ်မာနရှိကြပေမယ့် ဒီခေတ်ပညာတတ်လူတန်းစားကပဲ မြန်မာ့နိုင်ငံရေးကို အစပြုခဲ့တာ ဖြစ်ပါတယ်။ ၁၉ဝ၆ မှာ တည်ထောင်တဲ့ ဝိုင်အမ်ဘီအေနဲ့ ၁၉၂ဝ က စတဲ့ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီးရဲ့ ခေါင်းဆောင်တွေဟာ ရန်ကုန်၊ အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်၊ ဂျာမနီနိုင်ငံတွေမှာ ပညာ သင်ခဲ့ကြတဲ့ ပညာတတ်တွေ ဖြစ်ကြပါတယ်။ နောက်ပြီး ဗြိတိသျှအလိုတော်ရိလို့ သတ်မှတ်ခံရတဲ့ ရွှေတောင်ကြားပါတီ ခေါင်းဆောင်တွေနဲ့ အစိုးရခန့် ဝန်ကြီးချုပ်တွေဟာလည်း ဘိလပ်ခေါ် ဗြိတိန်ပြန် ဝတ်လုံတွေ များကြပါတယ်။ ဒါကြောင့် တို့ဗမာ အစည်းအရုံးမပေါ်ခင် မြန်မာပြည်နိုင်ငံရေးဟာ ဝတ်လုံနဲ့ သူဌေး သူကြွယ်တွေ ကြီးစိုးတဲ့ နိုင်ငံရေး ဖြစ်ပါတယ်။

ဒီလို ပညာတတ် လူချမ်းသာတွေ ကြီးစိုးတဲ့အတွက် ၁၉၃ဝ ပြည့်လွန်နှစ်တွေအလယ်ပိုင်းထိ မြန်မာပြည်နိုင်ငံရေးမှာ ရွေးကောက်ပွဲအခြေပြု အရင်းရှင် ပါလီမန် နိုင်ငံရေးနဲ့ ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းတဲ့ ဝံသာနု ဂျီစီဘီအေ၊ သံဃာ့သမဂ္ဂီနဲ့ ကုမ္မာရီအသင်းတွေရဲ့ အခွန်မပေးရေး၊ အစိုးရနဲ့ မပူးပေါင်းရေး စတဲ့ နန်းကိုအော်ပရေးတစ် နိုင်ငံရေး ဆိုပြီး ကွဲပြားခဲ့ပါတယ်။ ဝံသာနုတွေ နယ်မှာ အားကောင်းပေမယ့် ဂိုဏ်းဂဏကွဲပြားမှု၊ ခြစားမှု တွေကြောင့် အိန္ဒိယက ကွန်ဂရက်ပါတီလို အင်အားမကြီးခဲ့ပါဘူး။ ဝံသာနုခေါင်းဆောင်ကြီး ဦးချစ်လှိုင်ဟာ ဦးပု၊ ဦးဘဘေ၊ ဦးသိမ်းမောင်၊ ဆာမောင်ကြီး စတဲ့ သူနဲ့ ခေတ်ပြိုင် ဘိလပ်ပြန်နဲ့ ခေတ်ပညာတတ် ပါလီမန်နိုင်ငံရေးခေါင်းဆောင်ကြီးတွေလိုပဲ နောက်ပိုင်းမှာ ရွေးကောက်ပွဲဝင်ပြီး ရာထူးခွဲဝေယူတဲ့ နိုင်ငံရေးကို လိုက်ခဲ့ပါတယ်။ ဒါကြောင့် တို့ဗမာ အစည်းအရုံးရဲ့ ပြင်းထန်တဲ့ နိုင်ငံရေးလမ်းကြောင်းဟာ ပါလီမန်နိုင်ငံရေးသမားတွေရဲ့ ပြုပြင်ရေးနဲ့ သွားတဲ့လမ်းကြောင်းနဲ့ မတူဘဲ ဒုတိယကမ္ဘာစစ် ဖြစ်ခါနီး နိုင်ငံရေး တင်းမာလာချိန်မှာ ပိုပြီး ထောက်ခံမှု ရလာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် မဖြစ်မီက လွှတ်တော်အမတ်တွေ အကြောင်း သိန်းဖေမြင့်ရဲ့ မင်းတိုင်ပင် ဝတ္ထုတိုမှာ ရေးဖွဲ့ခဲ့တာကလည်း ခေတ်ပြကြေးမုံအဖြစ် တွင်ကျန်ရစ်ခဲ့ပါတယ်။

မြန်မာပြည် လွတ်လပ်ရေးဟာ ကမ္ဘာစစ်ကို အမှီပြု ဖြစ်လာတဲ့ ဘီအိုင်အေတပ်မတော်နဲ့ သခင်နိုင်ငံရေးသမားတွေကြောင့် ရခဲ့တာ ဖြစ်ပေမယ့် ပြုပြင်ရေး ဝါဒီ ပညာတတ်လူချမ်းသာတွေကြောင့် ဒိုင်အာခီ၊ ၉၁ ဌာနစတဲ့ အုပ်ချုပ်ရေး ပြုပြင်မှုတွေ ရရှိပြီး အိန္ဒိယကနေ ၁၉၃၇ မှာ နိုင်ငံခွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြုပြင်ရေးတွေ လုပ်ဖို့ အိန္ဒိယနဲ့ လန်ဒန်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာပြည်က နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ လူမျိုးစု ခေါင်းဆောင်တွေကို ဖိတ်ကြားလေ့ ရှိပါတယ်။ ဒီထဲမှာ ရှမ်း၊ ကရင်၊ ရခိုင် နိုင်ငံခြားပညာတတ် ခေါင်းဆောင် တွေလည်း ပါဝင်ပါတယ်။ ဒီလူနည်းစု ခေါင်းဆောင်တွေကပဲ မြန်မာပြည်ကို ဗြိတိန်လို လူမျိုးစု လေးစု ကြီးစိုးတဲ့ နိုင်ငံအဖြစ် ပြောင်းလဲဖွဲ့ဖို့၊ ရှမ်းပြည်ကို ဗြိတိသျှလက်အောက်ခံ သီးခြားနိုင်ငံအဖြစ် ထားရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာပြည် အုပ်ချုပ်ရေးမှာ ဗြိတိသျှနဲ့ အိန္ဒိယနွယ်ဖွားတွေ ကြီးစိုးနေတာကို လျှော့ပြီး မြန်မာတွေကို တိုးမြှင့်ခန့်ဖို့ တောင်းဆိုတာတွေကိုလည်း ဒီမြန်မာ ပညာတတ် လူချမ်းသာတွေကပဲ ခေါင်းဆောင်ခဲ့ကြပါတယ်။ ဒီအကျိုးရလဒ်အဖြစ် မြန်မာထဲက အိုင်စီအက်ခေါ် အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း အရာရှိတွေ ထွက်ပေါ်လာပြီး လွတ်လပ်ရေးခေတ် နိုင်ငံခြားအရာရှိတွေ ပြန်ချိန်မှာ နိုင်ငံကို သူတို့ စီမံနိုင်ခဲ့ကြပါတယ်။ နိုင်ငံရေးမှာသာမက စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ ပညာရေး စတဲ့ဘက်တွေမှာ နိုင်ငံခြားပြန် ပညာတတ် နိုင်ငံခြားသားနဲ့ မြန်မာ ပြည်ဖွားတွေ ကြီးစိုးခဲ့တာကို ဗြိတိသျှခေတ်ထုတ် ၂ဝ ရာစု မြန်မာပြည် ပုံရိပ်များ၊ မည်သူမည်ဝါ မြန်မာပြည်မှာ (၁၉၂၇)စတဲ့ စာအုပ်တွေအရ သိရပါတယ်။

လွတ်လပ်ရေးနှစ်ခေတ် ပညာတတ် ဝန်ကြီးများ

၁၉၄၂ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ကို ဂျပန်သိမ်းထားချိန်မှာ ရုပ်ပြခေါင်းဆောင်အဖြစ် စစ်မဖြစ်ခင် ဗြိတိသျှခေတ်မှာ နန်းရင်းဝန် လုပ်ခဲ့တဲ့ ဒေါက်တာဘမော်ကို ရွေးချယ်ခဲ့ပါတယ်။ ဒေါက်တာဘမော်ဟာ သူ့အစ်ကို ဒေါက်တာဘဟန်နောက် မြန်မာလူမျိုးထဲက ဒုတိယမြောက် ပါရဂူဘွဲ့ကို ပြင်သစ်မှာ ဆွတ်ခူးခဲ့တဲ့ ပညာတတ် ခေါင်းဆောင် ဖြစ်ပါတယ်။ သခင်နိုင်ငံရေးသမားတွေလို လက်နက်ကိုင်လမ်းကို မရွေးခဲ့ပေမယ့် သခင်ခေါင်းဆောင် တွေ ဂျပန်နဲ့ အဆက်အသွယ်ရဖို့ သူ့ပါတီက ကူညီခဲ့ပါတယ်။ ဂျပန်ခေတ်မှာ သြဇာ အာဏာမရှိပေမယ့် ဂျပန်တော်လှန်ရေးမှာ တပ်မတော်ကို သစ္စာ မဖောက်ဘဲ နှုတ်လုံခဲ့ပါတယ်။

၁၉၄၃ မှာ ဂျပန်ပေးတဲ့ လွတ်လပ်ရေး ရပြီးနောက် ဖွဲ့တဲ့ အစိုးရမှာ သခင်ခေါင်းဆောင်တွေနဲ့အတူ စစ်မဖြစ်ခင်က လက်ကျန် ပညာတတ်နိုင်ငံရေးသမား တွေနဲ့ ဝါရင့်ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။ ဒီထဲမှာ လန်ဒန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံကျောင်းဆင်း ဦးအေး၊ ကာလကတ္တားတက္ကသိုလ်ဘွဲ့ရ ဦးထွန်းအောင်နဲ့ ဒေါက်တာသိန်းမောင် စတဲ့ ဝန်ကြီးတွေ ပါပါတယ်။

ကမ္ဘာစစ်အပြီး ဗြိတိန်ကပေးတဲ့ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးမှာ ဒေါက်တာဘမော်အုပ်စု ပြန်ခေါင်းထောင်မလာခဲ့ပေမယ့် ပညာတတ် နိုင်ငံခြားပြန်တွေကို ရာထူးကြီးကြီးပေးတဲ့ခေတ်က ဆက်ကျန်နေခဲ့ပါတယ်။ ဒီထဲမှာ အထင်ရှားဆုံးက ကိန်းဘရစ်နဲ့ ဒဗ္ဗလင်ဘွဲ့ရ နိုင်ငံခြားရေးဝန်ကြီး အိုင်စီအက် ဦးတင်ထွဋ် ဖြစ်ပြီး ၁၉၄၈ မှာ အစိုးရက ထွက်ပြီး ကွန်မြူနစ်သူပုန်ကို တိုက်ဖို့ တပ်ထောင်နေချိန်မှာ လုပ်ကြံခံခဲ့ရပါတယ်။ သူမရှိတဲ့နောက် အတွင်းဝန်ချုပ်၊ ရဲချုပ် စတဲ့ သူနဲ့နီးစပ်တဲ့ ဘိလပ်ပြန် ပညာတတ် အရာရှိကြီးတွေ ပြည်ပပို့ခံရပြီး တပ်ထဲက ကရင်စစ်ဗိုလ်တွေနဲ့ တပ်ချုပ် စမစ်ဒွန်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာတို့ပါ ဖယ်ရှားခံခဲ့ရ ပါတယ်။

ဦးတင်ထွဋ်တို့ အုပ်စုပြုတ်သွားပေမယ့် ဖဆပလအစိုးရမှာ လိဒ်တက္ကသိုလ်က မဟာဘွဲ့ရ ဦးအုန်း၊ တရားရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ကိန်းဘရစ် ဘွဲ့ရ ဝတ်လုံ ဒေါက်တာဧမောင်တို့ ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီပညာတတ်တွေဟာ ဖဆပလအစိုးရကို ကြိုးကိုင် နေတဲ့ ဆိုရှယ်လစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ရဲ့ သြဇာကို မလွန်ဆန်နိုင်တော့ပါဘူး။ ဒါကြောင့် သူတို့နဲ့နီးစပ်တဲ့ ဝန်ကြီးချုပ် ဦးနုနဲ့ အုပ်စုဖွဲ့ပြီး ပထစခေတ်ကို ထူထောင်ခဲ့ပေမယ့် ၁၉၆၂ အာဏာသိမ်းပွဲမှာ အဆုံးသတ်ခဲ့ရပါတယ်။ ဦးနုရဲ့ ပထစအဖွဲ့မှာ ဦးဗိုလ်သခင် သုံးဖွဲ့ ရှိတဲ့အနက် ဦးအဖွဲ့မှာ အိုင်စီအက်ဦးချမ်းသာ၊ ဘီစီအက် ဦးချစ်ဖေစတဲ့ ဗြိတိန်နဲ့ သြစတြေးလျပြန် ပညာတတ် အရာရှိဟောင်းတွေ ပါဝင်ခဲ့ပါတယ်။

လူမျိုးစုခေါင်းဆောင်တွေထဲက ရှမ်းစော်ဘွားတွေထဲမှာလည်း ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျနိုင်ငံတွေမှာ ပညာသင်ခဲ့ကြတဲ့ မိုးမိတ်၊ သီပေါ၊ ကျိုင်းတုံ စတဲ့ စော်ဘွားလူတော်တွေ ရှိကြပြီး ဒီထဲက ကိန်းဘရစ်မဟာဘွဲ့ရ မိုးမိတ်စော်ဘွား စဝ်ခွန်ချိုကို ရှမ်းပြည်နယ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူး ပူးတွဲ ပေးခဲ့ပြီး ဒုတိယဝန်ကြီးချုပ်ထိ ခန့်အပ်ခဲ့ပါတယ်။ စဝ်ခွန်ချိုဟာ နိုင်ငံခြားသူကို လက်ထပ်ထားသူတွေထဲက လွတ်လပ်ပြီးခေတ် မြန်မာပြည်မှာ ရာထူး အမြင့်ဆုံး ရခဲ့သူလည်း ဖြစ်ပြီး သူ့နောက် နှစ် ၅ဝ ကျော်မှ ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံရာထူးရခဲ့ပါတယ်။

၁၉၅၂ မှာ မြန်မာပြည်သမတ တင်မြှောက်ခံရတဲ့ ဒေါက်တာဘဦးဟာလည်း ကိန်းဘရစ်တက္ကသိုလ်က မဟာဘွဲ့ရတဲ့ ဝတ်လုံပညာတတ်ဖြစ်ပြီး လွတ်လပ်ပြီးခေတ်မှာ ပထမဆုံး တရားဝန်ကြီးချုပ်လည်း ဖြစ်ခဲ့ပါတယ်။ ဖဆပလခေါင်းဆောင်တွေဟာ ရန်ကုန်တက္ကသိုလ် ဘွဲ့ရတဲ့အထိသာ ပညာတတ် ကြပေမယ့် ဘိလပ်ပြန် ဝတ်လုံပညာတတ်ကြီးတွေကို သဘောကျကြောင်း ဒေါက်တာမောင်မောင်ရဲ့ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်မှာ ပါရှိပါတယ်။ ဒါကြောင့် ဒေါက်တာသိမ်းမောင်၊ ဒေါက်တာမြင့်သိန်း စတဲ့ ဘိလပ်ပြန် ဝတ်လုံပညာတတ်တွေကို တရားဝန်ကြီးချုပ်ရာထူးတွေ ပေးခဲ့ပြီး ၁၉၆၂ အာဏာသိမ်းချိန်မှာ ဒေါက်တာမြင့်သိန်း ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်တပ်ခေတ်နဲ့ တပ်တပိုင်းခေတ် ပညာတတ်ဝန်ကြီးများ

၁၉၆၂ နောက်ပိုင်း ဝန်ကြီးရာထူးအများစုကို စစ်ဗိုလ်တွေ ကြီးစိုးခဲ့ပေမယ့် ဘီစီအက်ဦးဘညိမ်နဲ့ ဒေါက်တာမောင်မောင်လို ပညာတတ်တွေလည်း စစ်ကောင်စီထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒုဝန်ကြီးရာထူးတွေမှာ ပညာရှင်တွေ ခန့်ပြီး စစ်ဗိုလ်တွေ အပေါ်က ကြီးစိုးတဲ့ အစိုးရ ပုံစံကိုတော့ ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်ကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်၊ ဦးသိန်းစိန်ခေတ်ထိ တွေ့ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာလည်း စစ်ဗိုလ်ဟောင်းတွေ ဝန်ကြီးဆက်ဖြစ် ခဲ့ကြပါတယ်။ ဒီစနစ်ဟာ ပညာသိပ်မတတ်လှတဲ့ နိုင်ငံရေးသမားတွေ ဝန်ကြီး လုပ်တာနဲ့ မထူးခြားလှဘူး ဆိုပေမယ့် ဌာနတွေမှာ စစ်ဗိုလ်တွေရဲ့ ချုပ်ကိုင် စွက်ဖက်မှု ပိုများပြီး ခြစားမှုက အဆိုးဆုံး ရောက်သွားခဲ့ပါတယ်။ ဒေါက်တာညီညီ၊ ဒေါက်တာခင်မောင်ဝင်း၊ ဒေါက်တာဖေသိန်း စတဲ့ ပညာတတ် ပါမောက္ခတချို့ကို ဝန်ကြီးခန့်တာတွေ စစ်တပ်ခေတ် တလျှောက်မှာ တွေ့ခဲ့ရပေမယ့် စစ်ဗိုလ်ချုပ်တွေကို မလွန်ဆန်နိုင်တဲ့ ရုပ်ပြဝန်ကြီးတွေ ဖြစ်ပါတယ်။

လမ်းစဉ်ပါတီခေတ်မှာ တွေ့ရတဲ့ နောက်ထပ် နိုင်ငံခြားပြန်တအုပ်ကတော့ ဂျပန်ပြန်တွေ ဖြစ်ပါတယ်။ ဂျပန်မှာ စစ်ကြီးအတွင်းက ပညာသင် စေလွှတ် ခံရတဲ့ စစ်ဗိုလ်ငယ်တွေ ၁၉၆၂ နောက်ပိုင်း စစ်အစိုးရမှာ ဗိုလ်မှူးကြီးအဆင့်နဲ့ ဝန်ကြီး၊ အတွင်းဝန်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒီထဲက ထင်ရှားသူတွေက ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးလွင်၊ ဗိုလ်မှူးကြီ စိန်မြ၊ ဒုတိယဗိုလ်မှူးကြီး သိန်းဟန် စသူတွေ ဖြစ်ပါတယ်။ သူတို့ အဆက် အသွယ်နဲ့ ဂျပန်က စီးပွားရေး အကူအညီတွေ မြန်မာပြည် ရရှိပြီး ဆိုရှယ်လစ်တံခါးပိတ်ခေတ်မှာ ကယ်ပေါက်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီဝန်ကြီး အများစု ရာထူးချထုတ်ပယ်တာတွေ ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ နီးစပ်တဲ့ ဗိုလ်ချုပ်ကြီးစန်းယုရဲ့ ဆိုဗီယက်အုပ်စုက အာဏာကို ဆက်ချုပ်ကိုင်ခဲ့ပါတယ်။ ဖဆပလခေတ် ဗြိတိန်နဲ့ အမေရိကန်မှာ ပညာသင်ခဲ့ကြတဲ့ စစ်အရာရှိတွေထဲ ရာထူးအမြင့်ဆုံး ရခဲ့သူကတော့ ဗြိတိန်ကို စစ်သင်တန်းသွားခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သူရ ဦးထွန်းတင် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လက်ထက် သူကိုယ်တိုင် ပညာတတ်နိုင်ငံရေးသမားဖြစ်လို့ ပညာတတ်တွေကို အစိုးရထဲ ပိုနေရာပေးမယ် ခန့်မှန်းကြပေမယ့် ဦးသိန်းစိန်ခေတ်က အစိုးရအကြံပေးတွေလောက် နေရာမရတာကို တွေ့ရပါတယ်။ စီးပွားရေးပြုပြင်ဖို့ အမေရိကန်နဲ့ ဗြိတိန်ပြန် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ဒေါက်တာဘိုဘိုငယ် စသူတွေကို ဒုဝန်ကြီး၊ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတွေ ခန့်ခဲ့ပေမယ့် နိုင်ငံရေးဘက်ပိုင်းမှာတော့ ပညာတတ်တွေကို နေရာမပေးလှဘဲ သူရ ဦးရွှေမန်းအုပ်စုက စစ်ဗိုလ်ဟောင်းတွေ နေရာရခဲ့ကြပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်သယံဇာတဘက်မှာတော့ ဂျာမနီနဲ့ အမေရိကန် ဘွဲ့ရ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနဲ့ ဦးအုန်းဝင်းတို့ကို ဝန်ကြီး ခန့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရအဖွဲ့မှာ ဝန်ကြီးတွေထက် အတိုင်ပင်ခံရဲ့ သြဇာက ပိုကြီးမားနေခဲ့သလို စီးပွားရေးဆိုင်ရာ ဝန်ကြီးနှစ်ယောက်ရဲ့ ဒေါက်တာဘွဲ့အတု ပြဿနာကြောင့်လည်း အစိုးရ သိက္ခာကျခဲ့ပါတယ်။ သမ္မတ ရာထူးမှာတော့ လန်ဒန်မှာ ပညာသင်ခဲ့တဲ့ ဦးထင်ကျော်ကို ခန့်အပ်ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်စုစုလွင်ကလည်း သြစတြေးလျမှာ ပညာသင်ခဲ့တာကို တွေ့ရ ပါတယ်။ ဒါဟာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဒေါ်ခင်မေသန်းနောက်ပိုင်း ပြည်ပမှာ ပညာသင်ခဲ့ဖူးတဲ့ ပထမဆုံး နိုင်ငံအကြီးအကဲ မောင်နှံ ဖြစ်ပါတယ်။

ပြည်တွင်းစစ်နဲ့ ပညာတတ်နိုင်ငံရေး

၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ ပြည်တွင်းစစ် တကျော့ပြန် ဆိုးရွားလာသလို အစိုးရနှစ်ရပ် စင်ပြိုင် ပေါ်ထွန်းခဲ့ပါတယ်။ ဒီလို စစ်ပြိုင် တိုက်ခိုက်ကြတဲ့ နှစ်ဖက်လုံးမှာ ပညာရှင်အကြံပေးတွေ ပါသလို ပညာတတ်ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတချို့လည်း ပါလာပါတယ်။ ဒါပေမဲ့ ဒီလို စစ်ဖြစ် နေချိန်မှာ ပညာတတ်တွေရဲ့ ကဏ္ဍက ဘယ်လောက်ကြီးမားနိုင်မလဲ ဆိုတာက ၁၉၄၂ ကနေ ခုထိ စစ်အခိုးမသေသေးတဲ့ မြန်မာပြည်နိုင်ငံရေးအရ မျှော်လင့်ချက်နည်းနေပါတယ်။ ပညာတတ်တွေကို စီးပွားရေး လူမှုရေးအပိုင်းမှာသာ သုံးပြီး အရေးကြီးတဲ့ နိုင်ငံရေးပိုင်းမှာ မထားတာဟာ လွတ်လပ်ပြီး ခေတ် မြန်မာနိုင်ငံရေးရဲ့ သရုပ်လို ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၂ဝ က ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်တည်ထောင်တာဟာ အောက်စဖို့ဒ်၊ ကိန်းဘရစ်တက္ကသိုလ်တွေလို ပညာရပ်ဝန်းနဲ့ သီးသန့်မွေးထုတ် တဲ့ ပညာတတ်တွေ ပေါ်ထွန်းဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အောက်စဖို့ဒ်ပုံစံ လှေလှော်အသင်းနဲ့ အားကစားရုံ၊ စကားစစ်ထိုးဖို့ ကျောင်းသားသမဂ္ဂ စတာတွေ ထားရှိပြီး ကျောင်းသားတွေကို မြေတောင်မြှောက်ခဲ့ပေမယ့် ပညာတတ်အခွင့်ထူးခံအလွှာတရပ် မွေးထုတ်တာကို မကြိုက်တဲ့ မြန်မာ့အမြင်အရ မအောင်မြင်ခဲ့ဘဲ သပိတ်နဲ့ တိုးခဲ့ကြောင်း ကိုလိုနီအောက်က အိန္ဒိယနဲ့မြန်မာ ပညာတတ်ဘဝ စာအုပ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရေးခဲ့ပါတယ်။

မြန်မာပြည်လွတ်လပ်ရေးကို ရန်ကုန်တက္ကသိုလ်သမဂ္ဂခေါင်းဆောင်တွေက ရယူခဲ့တယ် ဆိုပေမယ့်လည်း ပြင်းထန်တဲ့ နိုင်ငံရေးအမြင်နဲ့ လက်ဝဲစွန်းသန်သူ တွေ များတဲ့အတွက် စစ်ပြီးခေတ် မြန်မာနိုင်ငံရေးမှာ မတည်ငြိမ်မှုတွေနဲ့ ပြွမ်းတီးနေခဲ့ပါတယ်။ နောက်ပြီး အဲဒီကျောင်းသားခေါင်းဆောင်မှုက လူမျိုးစု ပြဿနာကို မဖြေရှင်းနိုင်ဘဲ စကတည်းက မအောင်မမြင်တဲ့ ပြည်ထောင်စုစနစ်နဲ့ ပြည်တွင်းစစ်သာ နှစ် ၇ဝ ကျော် ကြာခဲ့ပါတယ်။ ကျောင်းသားတွေ ဖွဲ့ခဲ့တဲ့ စစ်တပ်ရဲ့ ကြီးစိုးမှုကလည်း ကနေ့ထိ ထိန်းချုပ်မရ ဖြစ်နေပါတယ်။

ဗြိတိသျှပုံစံ နိုင်ငံရေး စီးပွားရေး ပညာရေး စနစ်တွေနဲ့ နိုင်ငံတည်ဆောက်ဖို့ ၂ဝ ရာစု အစကတည်းက ရည်မှန်းခဲ့ပေမယ့် မြန်မာပြည်ရဲ့ ပဒေသရာဇ်ပုံစံ နိုင်ငံရေးနဲ့ လူမျိုးစုပြဿနာ၊ စီးပွားရေး မဖွံ့ဖြိုးမှုနဲ့ ပညာရေး ခေတ်နောက်ကျမှု စတဲ့ လိုအပ်ချက်တွေကြောင့် ဗြိတိသျှပုံစံ ပါလီမန်နိုင်ငံရေး ပျက်စီးခဲ့ သလို အောက်စဖို့ဒ်လို တက္ကသိုလ်မျိုး တည်ထောင်ဖို့ကလည်း အနှစ်တရာလောက် နောက်ကျသွားခဲ့ပါတယ်။

နိုင်ငံမှာ ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး ပြည်ထောင်စုပုံစံမှန်မှသာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲနဲ့ စစ်တပ်မပါတဲ့ နိုင်ငံရေးက ပေါ်ထွန်းလာဖို့ ရှိပါတယ်။ ဒီမတိုင်ခင်မှာတော့ စစ်နားတုန်းခဏ စီးပွားလူမှုရေး အဆင့်မြင့်ဖို့ ကြိုးပမ်းချက်တွေ မှန်သမျှ သဲထဲရေသွန် ထပ်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၈ ကစတဲ့ အကြမ်းမဖက် မြေပေါ်နိုင်ငံရေးဟာ ၁၉၆၂ မတိုင်ခင်က ပါလီမန်နိုင်ငံရေးကို ပြန်မသွားနိုင်ဘဲ ၁၉၄၈ ပြည်တွင်းစစ်အစ နိုင်ငံပြိုကွဲမှုလိုမျိုး အခြေအနေနဲ့ အဆုံးသတ်ခဲ့ပါတယ်။