ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလင်္ကာပုလဲပန်း ၊ မြန်မာစာပေရဲ့ အငြင်းပွားဆုံး “တ” နဲ့ “တစ်” အပိုင်း (၃)
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မဆလပါတီဥက္ကဋ္ဌ ဦးနေဝင်းရဲ့ဖိအားပေးမှုကြောင့် တဝမ်းပူစသတ်အပြောင်းအလဲတွေ ပေါ်ပေါက်လာပုံ သမိုင်းကို ပထမပိုင်းမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဦးနေဝင်းလိုလားသလို “တ”မှန်သမျှ စသတ်ခဲ့တာမဟုတ်ဘဲ မြန်မာစာအဖွဲ့ဝင်ဆရာကြီးတွေက စသတ်သင့်တာကို သတ်ပြီး စသတ်မပါဘဲ တဝမ်းပူသက်သက်နဲ့ ပြဋ္ဌာန်းသင့်တာတွေကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီတော့ ဘယ်စာလုံးတွေမှာ စသတ်ထည့်ပြီး ဘယ်စာလုံးတွေမှာတော့ စသတ်မထည့်ဘူးဆိုတာကို မြန်မာစာပညာရှင်များက ဘယ်လိုခွဲခြားခဲ့ပါသလဲ။
၁၉၈၆ သတ်ပုံကျမ်းအမှာ
၁၉၈၆ ခုနှစ်ထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းရဲ့ အမှာစာမှာ အချက် ၃ ချက် ဖော်ပြရေးသားထားပါတယ်။
(က) နာမ်၊ မျိုးပြပစ္စည်းတို့နှင့် ယှဉ်တွဲသော “တ” သည် ကိန်းဂဏန်းတစ်ကို အရင်းခံသော ပုဒ်ဖြစ်သဖြင့် စသတ်ဖြင့်ရေးရန်၊
သာဓက ။ ။ တစ်ခု၊ တစ်ဆင့်၊ တစ်ထောက်၊ တစ်ယောက်
(ခ) ဤသို့သော ပုဒ်များတွင် အခြားပုဒ် ထပ်ဆင့်ယှဉ်တွဲလာသည့်တိုင်အောင် သင်္ချာကိန်းဂဏန်း “တစ်” သည် သင်္ချာသဘောမှ ရွေ့လျောခြင်းမရှိသောကြောင့် စသတ်ဖြင့်ပင် ရေးရန်၊
သာဓက ။ ။ တစ်ခုခု၊ တစ်ဆင့်ခံ၊ တစ်ထောက်တစ်နား၊ တစ်ယောက်တစ်လှည့်
(ဂ) ကြိယာ၊ နာမဝိသေသန၊ မြည်သံစွဲပုဒ်များနှင့် ယှဉ်သော အာဂုံပစ္စည်း “တ” ကိုမူ စမသတ်ဘဲရေးရန်
သာဓက ။ ။ တကျက်ကျက် ၊ တခမ်းတနား၊ တစောင်း၊ တဖြူးဖြူး၊ တရိပ်ရိပ်၊ တလွဲ၊ တအံ့တသြ၊ မခို့တရို့၊ မဟုတ်တရုတ်၊ အတတ၊ အမှတ်တရ၊ အရောတဝင်
လို့ဆိုထားပါတယ်။
မြန်မာစာအဖွဲ့ရဲ့ မူထဲမှာ ရှေးအခါက ဘယ်သို့ဘယ်ညာ ရေးခဲ့ကြောင်းဆိုတာကို လုံးဝထည့်သွင်းပြောဆိုမသွားပါဘူး။ ဒါပေမဲ့ မဆုံးဖြတ်ခင်မှာ “ပုဂံခေတ်မှမျက်မှောက်ခေတ်အထိ မြန်မာစာများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့”တယ်လို့ အဲဒီအမှာမှာပဲ ရေးသားထားပါတယ်။ ပုဂံခေတ်အထိ ပြန်လေ့လာခဲ့ပေမဲ့ အဆုံးအဖြတ်ပြုရာမှာတော့ ဘယ်အချိန်တုန်းက ဘယ်လိုသုံးခဲ့လို့ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ မဆုံးဖြတ်ခဲ့ဘဲ ရင်းမြစ်ကိုသာကြည့်ပြီး ဆုံးဖြတ်ခဲ့ကြောင်း အထက်မှာဖော်ပြထားတဲ့ အချက် ၃ ချက်ကိုကြည့်ရင် ထင်ထင်ရှားရှား သိနိုင်ပါတယ်။
အထက်မှာ အချက် ၃ ချက်ဖော်ပြထားပေမဲ့ အနှစ်သာရအရ ၂ ချက်ပဲရှိပါတယ်။ ရင်းမြစ်မှာ ကိန်းဂဏန်းရင်းမြစ်ရှိခဲ့ရင် “တစ်” လို့ရေးမယ်၊ အာဂုံပစ္စည်းဖြစ်ခဲ့ရင် “တ” နဲ့ရေးမယ် ဆိုတဲ့အချက် ၂ ချက်ပါ။
အနက်မှာ ရင်းမြစ်မှာ “တစ်” သဘောပါရင် “တစ်” နဲ့ရေးမယ်ဆိုတာကတော့ ထပ်ရှင်းစရာမလိုပါဘူး။ အာဂုံဆိုတာကို နည်းနည်းရှင်းပါမယ်။
အာဂုံဆိုတာဘာလဲ
အာဂုံဆိုတာ ပါဠိသက်ဝေါဟာရ ဖြစ်ပါတယ်။ အာဂမ ဆိုတဲ့စကားကနေ ဆင်းသက်ပါတယ်။ အာဂမ ဆိုတဲ့ပါဠိစကားဟာ ရောက်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ အာဂုံစကား သို့မဟုတ် အာဂမဆိုတာ သူ့အလိုလိုရောက်လာတာဆိုတဲ့သဘောပါ။ ဒီနေရာမှာ ဆိုလိုချင်တာက ဘာကြောင့်လို့မရည်ရွယ်ဘဲ အသံအားဖြင့် ဖြည့်စွက်ထားတဲ့စကားလုံး၊ အလိုလိုရောက်လာတဲ့ စကားလုံးလို့ဆိုလိုတာဖြစ်ပါတယ်။ တော်တော်များများဟာ အနက်မပါဘဲ သို့မဟုတ် အနက်မထင်ရှားဘဲ အသံအားဖြင့် ရွတ်ဆိုလို့ကောင်းအောင် ဖြည့်စွက်ထားတဲ့ စကားလုံးမျိုးကို ဆိုလိုပါတယ်။ ဒါမျိုးကို ဆရာတော်ဦးကောသလ္လက အနက်မဲ့ရှေ့ဆက်လို့ သုံးလေ့ရှိပါတယ်။
တကျက်ကျက်ဆိုတဲ့ ဝေါဟာရကိုကြည့်ရင် ကျက်ကျက်မှာပဲ အနက်ရှိပါတယ်။ ရှေ့က တကိုတော့ ဆရာတော် ဦးကောသလ္လဆိုရင် အနက်မဲ့ရှေ့ဆက်လို့ ဆိုပါလိမ့်မယ်။ ဆရာကြီးဦးထွန်းတင့်က ဝေါဟာရတိုင်းမှာ အနက်ရှိတယ်လို့ ယူဆပေမဲ့ ဒီနေရာမှာ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အကျယ်မဆွေးနွေးလိုပါဘူး။ ဒီနေရာမှာ တရဲ့အနက်က တစ်အဓိပ္ပာယ်မဟုတ်တာတော့ လုံးဝသေချာပါတယ်။ အဲသလို အနက်မဲ့ရှေ့ဆက်ကို အာဂုံလို့ခေါ်ချင်ခေါ် သို့မဟုတ် စကားလုံးအပိုနဲ့ စကားတန်ဆာဆင်တယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။
ဒါမျိုးဟာ “တ” နဲ့သာ မက အခြားစကားလုံးတချို့နဲ့ တန်ဆာဆင်တာလည်း ရှိပါတယ်။ ကကြီးနဲ့တန်ဆာဆင်ပြီး ကလေးကလား၊ ကသောကမျော၊ ကတောက်ကဆတ်၊ ကသုတ်ကရက် စသဖြင့် ရေးသားတာလည်း ရှိပါတယ်။ ပနဲ့တန်ဆာဆင်ပြီး ပလူးပလဲ၊ ပရောပရီ၊ ပလုတ်ပလောင်း၊ ပရမ်းပတာ စသည်ဖြင့် တန်ဆာဆင်တာလည်း ရှိပါတယ်။ ခနဲ့တို့ ခလယ်တို့ရဲ့ ခခွေးဟာလည်း တန်ဆာဆင်တာပါပဲ။ စနိုးစနောင့်၊ စလိုက်စလျောတို့ရဲ့ စလုံးဟာလည်း တန်ဆာဆင်တာပါ။
အများဆုံးတွေ့ရတဲ့ တန်ဆာဆင်သုံးစွဲတဲ့ အာဂုံစာလုံးကတော့ “အ” ဖြစ်ပါတယ်။ အပြောအဆို၊ အလုပ်အကိုင်၊ အကောင်အထည်၊ အရိပ်အမြွက်၊ အကျောက်အကန်၊ အကျဉ်းအကျပ်၊ အကျိတ်အခဲမှ အစပြုပြီး စာလုံးပေါင်းအလွန်များပြားတာကို စဉ်းစားပြီး ချရေးရင် တွေ့ရပါလိမ့်မယ်။ အဲဒီ “အ” တွေပါလာလို့ အဓိပ္ပာယ် ထူးထူးခြားခြားပိုမလာပါဘူး။ အဲဒီ “အ” တွေ မပါလို့လည်း အဓိပ္ပာယ်ထူးထူးခြားခြား ယုတ်လျော့မသွားပါဘူး။ ဒါပေမဲ့ အဲဒီ “အ” တွေထည့်ခြင်းအားဖြင့် ရွတ်ဆိုရတာ ပိုမိုချောမွေ့ အဆင်ပြေလာပါတယ်။
တချို့စကားလုံးတွေ ခွဲခြားရခက်ခဲ
ဒီတော့ အဓိကအားဖြင့်ဆိုရရင် ကိန်းဂဏန်းကလာတဲ့အနက်ရှိသလား၊ အာဂုံပစ္စည်းဖြစ်သလားဆိုတဲ့ ၂ ချက်ပဲရှိပါတယ်။ ဒါပေမဲ့ လက်တွေ့အသုံးပြုတဲ့အခါ “တ” လား “တစ်” လား ခွဲခြားရတာဟာ ထင်သလောက် မလွယ်ပါဘူး။ တချို့အခြေအနေတွေမှာ သာမန်လူအတွက် တော်တော်ခက်ခက်ခဲခဲ စဉ်းစားရတာမျိုးတွေလည်းရှိတတ်ပါတယ်။ အဲသလို ခက်ခက်ခဲခဲ စဉ်းစားရတဲ့ သာမန်လူတွေထဲမှာ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းထောက်လိုလူတွေတောင် ပါဝင်ကြပါတယ်။ ဒီနေရာမှာ ဆိုလိုတဲ့ သာမန်လူဆိုတာဟာ မြန်မာစာပညာရှင်မဟုတ်သူတိုင်းကို ဆိုလိုပါတယ်။ သတ်ပုံကျမ်းမှာကလည်း စာလုံးတိုင်းပါတာ မဟုတ်ပါဘူး။ စာလုံးတိုင်းပါရင်တောင်မှ “တ”လား”တစ်”လားမကွဲလို့ သတ်ပုံကျမ်းကို အမြဲလှန်ကြည့်နေရမှာက ဟန်မကျလှပါဘူး။
ဥပမာအားဖြင့် တပြိုင်နက်တည်းလား၊ တစ်ပြိုင်နက်တည်းလားဆိုတာကို ခွဲခြားရတာဟာ ထင်သလောက် မလွယ်ကူပါဘူး။ သင်္ချာသဘော၊ အရေအတွက်သဘောပါသလားဆိုတာကို စဉ်းစားဖို့အတွက် လူတော်တော်များများက တစ်ပြိုင်နက်တည်းလို့ ရေးမယ်ဆိုရင် နှစ်ပြိုင်နက်တည်းလို့ရော ရှိသလားလို့ စဉ်းစားတတ်ပါတယ်။ မှန်ပါတယ်။ နှစ်ပြိုင်နက်တည်းရယ်လို့ မရှိပါဘူး။ အဲဒီပြိုင်ဟာ မျိုးပြပစ္စည်းမဟုတ်တာတော့ သေချာပြီ။ ဒါဆိုရင် အဲဒီပြိုင်ဟာ နာမ်လား ကြိယာဝိသေသနလား စဉ်းစားရတာ နည်းနည်းရှုပ်ပါတယ်။ နာမ်ဆိုရင်တော့ တစသတ်နဲ့ရေးရမယ်လို့ ၁၉၈၆ ခုနှစ်ထုတ် သတ်ပုံကျမ်းက ဆိုထားပါတယ်။ ဒီပြိုင်ဟာ ကြိယာဖြစ်ပုံရပါတယ်။ ဒါဆိုရင် တ နဲ့ရေးရမဲ့ သဘောလို့ စဉ်းစားဖွယ်ဖြစ်ပါတယ်။ တကယ်တမ်း သတ်ပုံကျမ်းကိုလှန်ကြည့်ရင် တစ်ပြိုင်နက်တည်းလို့ ရေးရမှာဖြစ်ကြောင်း တွေ့ရပါမယ်။
မှတပါးလား မှတစ်ပါးလား ခွဲခြားရတာလည်း နည်းနည်းခက်ပါတယ်။ အဲဒီပါးရဲ့အနက်က ဘာလဲ။ ပါးဟာ နာမ်လား။ နာမ်ဆိုရင်တော့ ရှေ့မှာ “တစ်” ထည့်ရလိမ့်မယ်။ ဒါပေမဲ့ “မှတပါး” ဟာ “မှအပ” နဲ့ အတူတူပဲ မဟုတ်ဘူးလားလို့ တွေးစရာရှိနေပြန်ပါတယ်။ “အပ”နဲ့ “တပါး” အတူတူဆိုခဲ့ရင်တော့ “တ” ဟာ အာဂုံဖြစ်ပါလိမ့်မယ်။ အဲဒါဆိုရင် စသတ်ထည့်စရာမလိုပါဘူး။ ဒါပေမဲ့ သတ်ပုံကျမ်းမှာတော့ မှတစ်ပါးလို့ ရေးဖို့ ပြဋ္ဌာန်းထားပါတယ်။ ပါးကို နာမ် သို့မဟုတ် မျိုးပြလို့ သတ်မှတ်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
“တခုပ်တရ” ဆိုတဲ့စကားလုံး သတ်ပုံကျမ်းထဲမှာ မဖော်ပြထားပါဘူး။ ခုပ်ရ မှာသာ အနက်ထင်ရှားပြီး “တ” အနက်မထင်ရှားတဲ့အတွက် အာဂုံလို့ယူဆဖွယ်ဖြစ်ပါတယ်။ အဲဒါဆိုရင် မြန်မာစာအဖွဲ့ရဲ့ ပြဋ္ဌာန်းချက်မူအရ “တ” နဲ့ရေးရမှာပါ။
“တဖြစ်လဲ”လား၊ “တစ်ဖြစ်လဲ”လား။ ဒါလည်း စဉ်းစားရတာ နည်းနည်းခက်ပါတယ်။ “တမုဟုတ်ချင်း”လား “တစ်မုဟုတ်ချင်း”လား ဆိုတာလည်း စဉ်းစားရခက်တဲ့အထဲပါတယ်ထင်ပါတယ်။ “တခဲနက်”လား၊ “တစ်ခဲနက်”လား၊ “တဆွေ့ခုန်”လား၊ “တစ်ဆွေ့ခုန်”လား၊ “တသဝေမတိမ်း”လား၊ “တစ်သဝေမတိမ်း”လား၊ “တနင့်တပိုး”လား၊ “တစ်နင့်တစ်ပိုး”လားဆိုတာလည်း အလားတူပါပဲ။
“တစောင်း”ထိုင်တာလား “တစ်စောင်း”ထိုင်တာလား၊ “တလွဲ”ပြောတာလား၊ “တစ်လွဲ”ပြောတာလား ဆိုတာမျိုးတွေမှာ စဉ်းစားစရာရှိပါတယ်။
“သားပုတ္တာကို မှန်စွာငယ်က မဆုံးမသော် မိဘ တစ်လည်/တလည် ရန်သူမည်၏” မှာ တစ်လည် ရေးရမှာလား။ တလည်ရေးရမှာလား။ “လည်” ဟာ နာမ်လား၊ ကြိယာဝိသေသနလား။ ခွဲခြားရတာခက်ပါတယ်။
ဆရာကြီးဦးထွန်းတင့်ရဲခွဲခြားမှတ်သားနည်း
တနဲ့တစ်အရေးအသားကို သာမန်လူတွေခွဲခြားမှတ်သားရတာ ခက်ခဲတဲ့အတွက် ဆရာကြီးဦးထွန်းတင့်က ခွဲခြား မှတ်သားဖို့ လင်္ကာလေး ရေးဖွဲ့ပေးထားပါတယ်။ “ကောင်ထည်ထင်စွ၊ နာမ်မျိုးပြ၊ မုချတစ်ရေးဘိ၊ တည်းနဲ့ဆက်က၊ ယေဘုယျ၊ ရှေ့ကတစ်နဲ့ရှိ၊ တကိုမှန်စွာ၊ အမူရာ၊ ထပ်ကာကြိဝိ၊ စွာ၊ အ လှယ်က အနက်ရ၊ တ ဟုအမှန်သိ” ဆိုတဲ့ လင်္ကာလေးဖြစ်ပါတယ်။
(၁) ကောင်ထည်ထင်စွ၊ နာမ်မျိုးပြ၊ မုချတစ်ရေးဘိ
ကောင်ထည်ထင်ရှားရင်၊ နာမ်ဖြစ်ရင်၊ မျိုးပြဖြစ်ရင် “တစ်” နဲ့ရေးပါလို့ပြောတာဖြစ်ပါတယ်။
မျိုးပြပစ္စည်းတွေနဲ့တွဲရင် တစ်နဲ့ရေးပါဆိုတာက တစ်ခု၊ တစ်ကောင်၊ တစ်ချောင်း၊ တစ်စည်း၊ တစ်ယောက်၊ တစ်ပါး၊ တစ်လုံး၊ တစ်ခြမ်း၊ တစ်ပုဒ်၊ တစ်ပိုဒ်၊ တစ်ချပ် ဆိုတဲ့စကားတွေမှာ မျိုးပြပစ္စည်းတွေဖြစ်တဲ့ ခု၊ ကောင်၊ ချောင်း စတာတွေနဲ့ တွဲထားလို့ တစ်သုံးပါလို့ ပြောတာပါ။
နာမ်ဖြစ်ရင် ရှေ့ကတစ်တွဲပါဆိုတာက အိမ်တစ်အိမ်မှာ၊ လမ်းတစ်လမ်းမှာ၊ တစ်နေ့သောအခါ၊ တစ်တောတစ်တောင်လုံး၊ တစ်မြို့လုံး၊ တစ်နေရာမှာ၊ တစ်ဝါဆိုရင်၊ တစ်မိုးကုန်ရင်၊ တစ်ဆောင်းသစ်ရင် ဆိုတာမျိုးတွေဖြစ်ပါတယ်။
ကောင်ထည်ထင်ရှားလျှင်ဆိုတာကိုတော့ ဆရာကြီးဦးထွန်းတင့်က အခုလို ရှင်းပြပါတယ်။
“တောကလာတော့ ခြံထွက်ပစ္စည်းတွေ တစ်ထမ်းတစ်ပိုးကြီးနဲ့ လာတာပဲဆိုပါတော့ဗျာ။ အဲဒီတစ်ထမ်းတစ်ပိုးကြီးဆိုတာ ထမ်းပိုးလျှက်ဆိုတဲ့ အမူအရာကိုပြတဲ့ကြိယာမဟုတ်ဘဲ အထမ်းအပိုးကြီးကို အကောင်အထည်နဲ့မြင်ရတာဖြစ်လို့ အဲဒါမျိုးကို “တစ်” နဲ့သုံးရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။”
(၂) တည်းနဲ့ဆက်က၊ ယေဘုယျ၊ ရှေ့ကတစ်နဲ့ရှိ
တစ်ပြိုင်တည်း၊ တစ်ပြိုင်နက်တည်း၊ တစ်ချိန်တည်း၊ တစ်ခါတည်း၊ တစ်စိတ်တစ်ဝမ်းတည်း၊ တစ်ပုံစံတည်း၊ တစ်ချိုးတည်း၊ တစ်သွေးတစ်သံတည်း၊ တစ်ယောက်တည်း၊ တစ်မျိုးတစ်စားတည်း စသည်ဖြင့် တည်းပါတဲ့စကားလုံးတွေဆိုရင် ရှေ့ကတစ်ထည့်ဖို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ ခြွင်းချက် အနည်းငယ်ရှိကောင်းရှိနိုင်ပေမဲ့ ယေဘုယျအားဖြင့် တည်းပါရင် တစ်နဲ့ရေးရမယ်လို့ ယေဘုယျမှတ်သားဖို့ ဆရာကြီးက ဆိုပါတယ်။
“တချို့နေရာတွေမှာ တည်းလို့ ထွက်မယ်။ တချို့နေရာတွေမှာ ဒီးလို့ ထွက်မယ်။ တချို့နေရာတွေမှာ ထဲလို့ ထွက်မယ် ဒဲလို့ ထွက်မယ်ပေါ့။ ဘယ်လိုပဲ အသံထွက်ထွက် “တည်း” ရှိနေတယ်နောက်မှာ၊ အလယ်ခေါင်မှာ အခြားစာလုံးပါမယ်။ အဲဒီစာလုံးက နမ်ဖြစ်ချင်လည်း ဖြစ်မယ်။ ကြိယာဖြစ်ချင်ဖြစ်မယ်။ မျိုးပြလည်း ဖြစ်ချင်ဖြစ်ပေါ့။ ဖြစ်ချင်ရာဖြစ်မယ်။ အဲဒီဖြစ်တဲ့ဟာက နောက်က “တည်း” သာပါရင်တော့ မစဉ်းစားနဲ့တော့။ ဒါဘာပဲ ညာပဲ မပြောနဲ့တော့။ သုံးလုံးမှာ အလယ်ခေါင်ကကောင်ကိုထား။ နောက်မှာ “တည်း” ပါရင် ရှေ့က “တစ်” သာရေးလိုက်တော့။ စဉ်းစားမနေပါနဲ့တော့လို့ ဒါက ပြဋ္ဌာန်းထားတာပါ။ ဥပမာ ဘုန်းကြီးနဲ့တော့ ကြမ်းတစ်ပြေးတည်း မထိုင်ပါနဲ့။ “တည်း”ပါတယ်။ “ပြေး”ဟာ ကြိယာပဲ။ အဲဒါကို စဉ်းစားမနေနဲ့တော့။ နာမ်မဟုတ်ပေမဲ့ ဘာပဲဖြစ်နေနေ ရှေ့က တစ်သာရေးလိုက်။ မဟုတ်ရင် ပြေးက ကြိယာဖြစ်နေပါလား ဘာလား စဥ်းစားနေရင် တော်တော်ရှုပ်ထွေးနိုင်တယ်။”
သာမန်အခြေအနေမှာ ကြိယာတို့ ကြိယာဝိသေသနတို့ရှေ့မှာ “တစ်”မဟုတ်ဘဲ “တ” ပဲရေးပါလို့ ဆရာကြီးက နောက်ပိုင်းမှာ ဆက်လက်ပြောထားပေမဲ့ “တည်း” ပါရင်တော့ နာမ်လား၊ ကြိယာလား၊ ကြိယာဝိသေသနလားဆိုတာကို မစဉ်းစားဘဲ “တည်း”ပါသမျှမှာ “တစ်” နဲ့သာရေးပါလို့ ဆိုပါတယ်။ အဲဒါကတော့ ကိန်းဂဏန်းအရေအတွက် သဘော ဖြစ်ခြင်း၊ မဖြစ်ခြင်းအကြောင်းကြောင့် မဟုတ်ဘဲ အားလုံးအရေးသားညီအောင် စံအဖြစ် ပြဋ္ဌာန်းသတ်မှတ်ပေးထားတာလို့ဆိုပါတယ်။
(၃) တကိုမှန်စွာ အမူရာ ထပ်ကာကြိဝိ
အမူအရာကိုဖော်ပြတဲ့ဟာတွေ အထူးသဖြင့် ကြိယာ၀ိသေသနတွေဆိုရင် ရှေ့က “တ” ကိုပဲသုံးပါလို့ ဆရာကြီး ဦးထွန်းတင့်ကဆိုပါတယ်။ ဥပမာအားဖြင့် တပျော်တပါး၊ တယုတယ၊ တရိုတသေ၊ တဖွဲ့တနွဲ့ ဆိုတဲ့စကားလုံးတွေပါ။
ဒါ့အပြင် နှစ်လုံးဆင့်ထပ်ပြီးသုံးတဲ့ကြိယာဝိသေသနစကားလုံးတွေရဲ့ရှေ့ဆိုရင်လည်း “တ” နဲ့ပဲရေးလို့ ဆရာကြီးက မှတ်သားနည်းပေးပါတယ်။ တချို့ဟာ မြည်သံစွဲဖြစ်ချင်ဖြစ်မယ်။ မြည်သံစွဲဟုတ်ချင်မှလည်း ဟုတ်မယ်။ ဘာပဲဖြစ်ဖြစ် နှစ်လုံးဆင့်ထားတဲ့ ကြိယာဝိသေသနတွေရဲ့ ရှေ့မှာ “တ” နဲ့ပဲ ရေးပါလို့ဆိုပါတယ်။
ဥပမာအားဖြင့် တဒုန်းဒုန်းကြားရတာ၊ တဒုတ်ဒုတ်နှက်နေတာ၊ တဝုန်းဝုန်းကျလာတာ၊ တညောင်ညောင်အော်နေတာတွေဟာ မြည်သံစွဲတွေပါ။ အဲသလို နှစ်လုံးဆင့်ထပ်သုံးတဲ့ ကြိယာဝိသေသနတွေရဲ့ရှေ့မှာ “တ” ကိုသုံးပါလို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ တသွင်သွင်စီးနေတာ၊ တသုန်သုန်တိုက်ခတ်နေတာ၊ ချွေးတဒီးဒီးကျနေတာ၊ မိုးလေးတစိမ့်စိမ့်ဖြစ်နေတာတွေဟာ မြည်သံစွဲမဟုတ်ပေမဲ့ အဲသလိုနှစ်လုံးဆင့်ထပ်သုံးတဲ့ ကြိယာဝိသေသနတွေရဲ့ရှေ့မှာလည်း “တ” ကိုသုံးပါလို့ ဆရာကြီးကဆိုလိုတာဖြစ်ပါတယ်။
ဒါကမှတ်လို့လွယ်အောင် ဆရာကြီးက မှတ်နည်းပေးတာပါ။ ပုံသေနည်းထုတ်ပေးတာပါ။ “တ” နဲ့ရေးရခြင်းရဲ့ တကယ့် အကြောင်းရင်းကတော့ အနက်မဲ့ရှေ့ဆက်ဖြစ်နေလို့ ရေးရခြင်း ဖြစ်ပါတယ်။
(၄) စွာ၊ အ လှယ်ကအနက်ရ တ ဟုအမှန်သိ
တချို့စကားလုံးကို ရှေ့က “တ” သုံးရမလား၊ “တစ်” သုံးရမလားဆိုတာ ခွဲခြားမရတဲ့အခါ နောက်က “စွာ” ထည့်ကြည့်ပါ၊ ရှေ့က “အ” ထည့်ကြည့်ပါ။ အဲသလိုထည့်ကြည့်လို့ ဆီလျော်တဲ့ အနက်အဓိပ္ပာယ်ထွက်ရင်တော့ ရှေ့မှ “တ” ပဲထည့်ရမယ်ဆိုတာ သေချာပါပြီလို့ ဆရာကြီးက မှတ်သားနည်းပေးပါတယ်။
“ဆိုလိုတဲ့သဘောက တစောင်းဆိုပါတော့။ တစောင်းလား တစ်စောင်းလား စဥ်းစားရခက်နေတယ်ဆိုရင် “အ” နဲ့ဖလှယ်ကြည့်လိုက်ပါ။ အနဲ့ဖလှယ်ကြည့်လိုက်တော့ တစောင်းဆိုတာ အစောင်းပေါ့။ သြော် နေတာကိုက အစောင်းကြီးကိုး။ အနဲ့ဖလှယ်ကြည့်ခြင်းအားဖြင့် ကြိယာဝိသေသနေ ဖြစ်ကြောင်း ထင်ရှားသွားတယ်။ ဒါမှမဟုတ်ရင် “စွာ” လေးထည့်ကြည့်လိုက်ပါတဲ့။ စွာလေးနဲ့ဆိုတော့ စောင်းစွာပေါ့ဗျာ။ ဒါဆိုရင်တော့ ကြိယာဝိသေသန သေချာပြီ။ ကြိယာဝိသေသနဆိုရင်တော့ ရှေ့က တ ပေါ့။ နောက်တခါ တဝကြီးစားပါလား၊ တစ်ဝကြီးစားပါလား မခွဲခြားတတ်ရင် သူ့ကို စွာလေးနဲ့ ဖလှယ်ကြည့်လိုက်၊ အ လေးနဲ့ ဖလှယ်ကြည့်လိုက်။ တဝစားပါဆိုတာ အဝစားပါလို့ပြောတာ။ တနည်းအားဖြင့် ဝစွာစားပါလို့ပြောတာ။ အဲသလို အ တို့ စွာတို့ ဖြည့်ကြည့်လိုက်လို့ အနက်အဓိပ္ပာယ်ရရင် အဲဒါကိုရှေ့က တစ် မဟုတ်ဘဲ တနဲ့ရေးပါလို့ ဆိုလိုတာဖြစ်ပါတယ်။”
ဒီနေရာမှာလည်း “အ” ထည့်ကြည့်တာ “စွာ” ထည့်ကြည့်တာဟာ ကြိယာဝိသေသန ဟုတ်မဟုတ် ကွဲပြားအောင် စမ်းသပ်တဲ့နည်းကို ဆရာကြီးက ပုံသေနည်းထုတ်ပေးတာသာ ဖြစ်ပါတယ်။ “တ” နဲ့ရေးရခြင်းရဲ့ တကယ့်အကြောင်းရင်းကတော့ အာဂုံ သို့မဟုတ် အနက်မဲ့ရှေ့ဆက်မို့သာ “တ” နဲ့ရေးတာ ဖြစ်ပါတယ်။
ဆောင်းပါးတတိယပိုင်းကောက်ချက်
ဒီဆောင်းပါး တတိယပိုင်းမှာ ဖော်ပြခဲ့တာတွေကိုကြည့်ရင် မြန်မာစာအဖွဲ့က တစ် အရင်းအမြစ်ရှိတာတွေကို တစ် နဲ့ရေးဖို့ပြဋ္ဌာန်းပြီး တ အရင်းအမြစ်ရှိတာတွေကို တ နဲ့ရေးဖို့ပြဋ္ဌာန်းခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပညာရှင်တွေ မဟုတ်တဲ့ သာမန်လူတွေအတွက် တ နဲ့ တစ် ခွဲခြားရတာဟာ တော်တော်ခက်ခဲတယ်ဆိုတဲ့ အချက်ကိုလည်း တွေ့ရပါတယ်။ တချို့ဆိုရင် တမှန်သမျှ စ သတ်ထည့်ရမယ်လို့ ထင်ပြီး “တစ်ချို့” ၊ “တစ်ကယ်” လို့ ရေးကုန်ကြတာတောင်တွေ့ရပါတယ်။ တစ်ချို့ ၊ တစ်ကယ်လို့ ရေးဖို့ မြန်မာစာအဖွဲ့က ဘယ်တုန်းကမှ မပြဋ္ဌာန်းခဲ့ဖူးပါဘူး။
နောက်ဆောင်းပါးမှာ နိဂုံးချုပ်သုံးသပ်ချက်တွေကို ဖော်ပြပါမယ်။ အဲဒီအပိုင်းကိုဖတ်ပြီးမှ မိမိကြိုက်နှစ်သက်ရာကို ဆုံးဖြတ်ကြဖို့ ထပ်မံတိုက်တွန်းချင်ပါတယ်။