ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဂ္ဂဇိန်က မဂ္ဂဇင်း၊ ခေတ်သစ်မြန်မာယဉ်ကျေးမှု ပုခက်များ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၂ဝဝဝ ပြည့်နှစ်လောက်က ဗြူတီမဂ္ဂဇင်းမှာ မြန်မာပြည်ရဲ့ အကောင်းဆုံး မဂ္ဂဇင်းသုံးစောင်ဆိုပြီး ၁၉၄၆ က ဒဂုန်တာရာရဲ့ တာရာမဂ္ဂဇင်း၊ ၁၉၄၇ က ထုတ်တဲ့ ဦးကျော်ရဲ့ ရှုမဝမဂ္ဂဇင်းနဲ့ ၁၉၈၇ က စတဲ့ မောင်ဝံသရဲ့ အတွေးအမြင်စာစောင်တွေကို ဂုဏ်ပြု ဖော်ပြခဲ့ပါတယ်။ အနှစ် ၁၂ဝ နီးပါး သက်တမ်း ရှိခဲ့တဲ့ မြန်မာမဂ္ဂဇင်းတွေဟာ ၂ဝ၂၁ ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက် အသက်ဆက်ရခက်နေပြီး စစ်အစိုးရဝါဒဖြန့်နဲ့ ပုဂ္ဂလိက မဂ္ဂဇင်း တချို့ပဲ ကျန်တော့တာကို တွေ့ရပါတယ်။ မဂ္ဂဇင်းတွေ ပျောက်သွားရင် စာပေသမားတွေအတွက် ဘုံပျောက်သလို ဖြစ်မယ့်အပြင် ရသစာပေ တိမ်ကောမှုနဲ့ ရင်ဆိုင် ရနိုင်ပါတယ်။ အင်တာနက်ပေါ်မှာလည်း ရသ စာပေမဂ္ဂဇင်းရယ်လို့ ကြီးကြီးမားမား မရှိဘဲ သတင်း အသားပေး စာမျက်နှာတွေသာ များပါတယ်။
ကိုလိုနီခေတ်က မဂ္ဂဇိန်များ
၁၈ -၁၉ ရာစုတွေအတွင်း မြန်မာနိုင်ငံမှာ စာပုံနှိပ်ပညာ ရောက်ရှိလာပြီးနောက် အောက်ပိုင်းကစပြီး ပြဇာတ်နဲ့ ဘာသာရေးစာအုပ်တွေ စျေးကွက်ထဲ ရောက်လာပြီး အပတ်စဉ်နဲ့ ရက်ခြားသတင်းစာတွေ ထုတ်လာပါတယ်။ အဲဒီနောက် ဝတ္ထုနဲ့ တခြား လောကီစာတွေ ထွန်းကားလာပြီး ဂျာနယ်၊ မဂ္ဂဇင်း တွေလည်း ၂ဝ ရာစုအတွင်းမှာ ပေါ်ထွန်းလာကြပါတယ်။ မဂ္ဂဇိန်နဲ့ မဂ္ဂဇဉ်းဆိုပြီး စာလုံးပေါင်းခဲ့ဖူးတဲ့ မဂ္ဂဇင်းစာအုပ်တွေဟာ သတင်းစာတွေ လောက် လူဖတ်မများပေမယ့် သက်ရောက်မှု သြဇာကြီးပါတယ်။ ဒီစာစောင်တွေကတဆင့် ခေတ်သစ်မြန်မာစာပေ လှုပ်ရှားမှုတွေ ပေါ်ထွန်းခဲ့သလို နိုင်ငံရေး သြဇာ တွေလည်း ထူထောင်ခဲ့ကြပါတယ်။
အစောဆုံးတွေ့ရတဲ့ မြန်မာမဂ္ဂဇင်းက ၁၉၁၁ ထုတ် ရတနာပုံမဂ္ဂဇိန် ဖြစ်ပါတယ်။ မန္တလေးကထုတ်တဲ့ ဒီမဂ္ဂဇင်းငယ်ဟာ အဲဒီအချိန်မှာ ရန်ကုန်နဲ့ တခြား မြို့တွေမှာ ထုတ်နေကြတဲ့ မဂ္ဂဇိန်နာမည်ခံ စာစောင်တွေအတွက် လှပ် ထားတဲ့ အုတ်တချပ် ဖြစ်ပါတယ်။ ဒီစာစောင်မှာ ဝတ္ထုလို့မပါရှိဘဲ ပညာပေးကဏ္ဍတွေ သာများတယ်ဆိုပြီး လူထုဒေါ်အမာက မဂ္ဂဇိန်လေးတစောင် ဆောင်းပါးမှာ ရေးသားပါတယ်။ ဒီမဂ္ဂဇိန်မှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ ဝင်တွေအတွက် တရား စာပေတွေနဲ့ မြန်မာရှေးဟောင်းကဗျာတွေ ပါတဲ့အပြင် ပထဝီနဲ့ ပညာရေး ဆောင်းပါးတွေလည်း ပါရှိပါတယ်။
အဲဒီနောက် ၁၉၁၄ မှာ ရန်ကုန်ကနေ ဦးရွှေကြူးရဲ့ မြန်မာ့အလင်းမဂ္ဂဇင်းပေါ်ထွက်လာပါတယ်။ ဒီစာစောင်ဟာ မြန်မာ့အလင်းသတင်းစာကြီးရဲ့ ရှေ့ပြေး ဖြစ်ရုံမက ခေတ်မီအတွေးအခေါ်တွေ အများအပြားပါဝင်တဲ့ မဂ္ဂဇင်း ဖြစ်ပါတယ်။ ခေတ်မီအတွေးအခေါ် ပညာရပ်တွေနဲ့ ရှေးဟောင်းစာပေ ကျမ်းဂန်တွေ ကို ရောယှက်တင်ဆက်တဲ့ ဒီမဂ္ဂဇင်းဟာ နောင်လာမယ့် မြန်မာစာပေမဂ္ဂဇင်းတွေရဲ့ နမူနာဖြစ်ခဲ့ပါတယ်။ ဒီမဂ္ဂဇင်းမှာ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ဦးရွှေဇံအောင် စတဲ့ ပညာရှင်တွေရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ဆောင်းပါးတွေနဲ့ သကုဏ္ဍလလို အိန္ဒိယ စာပေတွေက ဘာသာပြန်ဝတ္ထုတွေလည်း ဖော်ပြခဲ့ပါတယ်။ နောက် ဦးရွှေကြူးရဲ့ ရှိတ်စပီးယားပြဇာတ် ဘာသာပြန်တွေနဲ့ ဂျွန်ဗန်ညန်ရဲ့ ပီးလဂရင်းပရိုဂရတ် ခရစ်ယာန်ဝတ္ထုဘာသာပြန်ကိုလည်း မြန်မာတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။
၁၉၁၇ က စတဲ့ ပညာ့အလင်းနဲ့ သူရိယမဂ္ဂဇင်းတွေမှာတော့ ပီမိုးနင်းနဲ့ ရွှေဥဒေါင်းတို့ရဲ့ စုံထောက် ဝတ္ထုတိုတွေ ပါလာပါပြီ။ မောင်စံရှားဝတ္ထုတွေဟာ ၁၉၆ဝ ကျော်ထိ မြန်မာမဂ္ဂဇင်းတွေမှာ ဆက်ပါနေပြီး ခုထက်ထိလည်း အကြိမ်ကြိမ် ပုံနှိပ်ခဲ့ရပါတယ်။ နောက် သူရိယမှာ အနယ်နယ်အရပ်ရပ်က စာဖတ်သူ တွေဆီက ဝတ္ထုတိုတွေ ပို့ပေးဖို့ ခေါ်ယူတဲ့အတွက် ဒဂုန်ရွှေမျှား၊ ဒဂုန်ခင်ခင်လေး စတဲ့ စာရေးဆရာသစ်တွေ ပေါ်ထွက်လာပါတယ်။မြန်မာ့အလင်းနဲ့ သူရိယဟာ ထိပ်သီးသတင်းစာကြီးနှစ်စောင်ကို မွေးထုတ်ပေးခဲ့တဲ့ တိုက်ကြီးတွေ ဖြစ်တဲ့ အတိုင်း နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးတွေနဲ့ ဝတ္ထုကောင်း တွေပါတဲ့ မဂ္ဂဇင်းတွေကို ထုတ်ဝေခဲ့ပါတယ်။ သခင် ကိုယ်တော်မှိုင်းမဖြစ်သေးတဲ့ မစ္စတာမောင်မှိုင်းရဲ့ လေးချိုးကြီးတွေနဲ့ မြန်မာပြည်မှာ ကာတွန်းကို လူသိများအောင် လုပ်ပေးခဲ့တာလည်း သူရိယကပဲ ဖြစ်ပါတယ်။
၁၉၂ဝ မှာတော့ ဒဂုန်မဂ္ဂဇင်းကြီး ပေါ်ထွက်လာပါတယ်။ နှစ်ကျပ်တန်မဂ္ဂဇင်းအဖြစ် ထူထူထဲထဲ ထွက်ပေါ်လာတဲ့ ဒီမဂ္ဂဇင်းဟာ မြန်မာအဆွေတိုက်ရဲ့ ကြော်ငြာ ဖြစ်သလို အေဝမ်းရုပ်ရှင်အတွက် ရုပ်စုံမဂ္ဂဇင်းကြီးလည်း ဖြစ်ပါတယ်။ ဒီစာစောင်ကနေ ဒဂုန်ဘွဲ့ခံတဲ့ စာရေး ဆရာတွေ အများအပြား မွေးထုတ် ပေးခဲ့ပြီး ဒဂုန်နတ်ရှင်၊ ဒဂုန်ခင်လေးဆွေ၊ ဒဂုန် ဦးစန်းငွေ၊ ဒဂုန်တာရာ စတဲ့ ကလောင်တွေ ထင်ရှားခဲ့ပါတယ်။ နောက်ပြီး တက္ကသိုလ် ကဏ္ဍကိုလည်း ၁၉၃ဝ ကျော်မှာ ဖွင့်လှစ်ပြီး ပေါ်ခါစ ခေတ်စမ်းစာပေကို ပင်မရေစီးက စာဖတ် ပရိသတ်တွေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီမဂ္ဂဇင်းပါ နီတိမဉ္ဇရီနဲ့ ယုဝတီ စက္ခုကဏ္ဍတွေက ကဗျာလင်္ကာနဲ့ ဆောင်းပါးတွေဟာ အမျိုးသမီးစာဖတ်ပရိသတ်နဲ့ ပညာတတ်မြောက်မှုနှုန်းမှာ အကျိုးကြီးကြောင်း အမေရိကန် ရတ်ဂတ်စ် တက္ကသိုလ်က အမျိုးသမီးသမိုင်း ပါမောက္ခ ချိအဲ အိကိယက ကိုလိုနီခေတ် မြန်မာအမျိုးသမီးတွေရဲ့ ခေတ်မီမှုကို ပြန်ပုံဖော်ခြင်း စာအုပ်မှာ ရေးပါတယ်။
ကြေးတိုင်မင်းကြီးဟောင်း ဖာနီဗယ်ရဲ့ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းက ထုတ်တဲ့ ဂန္ထလောက ကတော့ တက္ကသိုလ်နယ်မြေမှာသာ လူသိများပြီး အပြင်မှာ လူသိနည်းပေမယ့် သူ့ရဲ့သြဇာကလည်း နောက်ပိုင်း ခေတ်တွေထိ ရိုက်ခတ်ပါတယ်။ ဒီမဂ္ဂဇင်းမှာ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ရဲ့ ခေတ်စမ်း ပုံပြင်တွေနဲ့ ကဗျာတွေ ပါရှိပြီး ဒီအရေးအသားတွေက စစ်ပြီးခေတ် မြန်မာစာပေနဲ့ မြန်မာစာအရေးအသားမှာ သြဇာကြီးခဲ့ပါတယ်။ နောက်ပြီး ဒီမဂ္ဂဇင်း ဟာ မြန်မာတက္ကသိုလ်ပညာတတ်တွေနဲ့ ဗြိတိသျှအရာရှိတွေ၊ ပါမောက္ခတွေရဲ့ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးဆွေးနွေးတဲ့ စာပေတလင်းလည်း ဖြစ်ပါ တယ်။ ဒီမဂ္ဂဇင်းရဲ့ အရိပ်အာဝါသ အကြောင်း ကွယ်လွန်သူ စာရေးဆရာကြီး မြသန်းတင့်က တိတ်ဆိတ်စွာ အိပ်ပျော်နေသော အောက်ခြေပင်မြစ်များ ဆိုပြီး ဆောင်းပါးတစောင် ရေးခဲ့ပါတယ်။ ဒီမဂ္ဂဇင်းဆောင်ပုဒ်ဖြစ်တဲ့ မြေအုတ်များ ပြိုလေရာ၊ ကျောက်အုတ်ဖြင့် တည်ဆောက်အံ့ ဟာလည်း ကနေ့ ထက်ထိ တွင်ကျန်ရစ်ပါတယ်။
၁၉၃ဝ ကျော်မှာ ပေါ်ထွက်လာခဲ့တဲ့ ကြီးပွားရေးနဲ့ တိုးတက်ရေး မဂ္ဂဇင်းတွေကတော့ နိုင်ငံရေးပိုဆန်ပြီး ဒီထဲမှာ ကြီးပွားရေးက ပိုခေတ်ဆန်ပါတယ်။ တိုးတက်ရေးမဂ္ဂဇင်းပါ သခင်ကိုယ်တော်မှိုင်းနဲ့ မြကေတုတို့ရဲ့ ပန်တူ-မန္တန် ရာဇဝင်အငြင်းအခုံ ဆောင်းပါးတွေကြောင့် မဂ္ဂဇင်း စောင်ရေ တက်ခဲ့ပြီး ကြီးပွားရေးမှာပါတဲ့ နေသူရိန် ကလောင်နဲ့ မဟာဆွေ ရေးတဲ့ မကြောက်တရား ဆောင်းပါးတွေကြောင့်လည်း သခင်အောင်ဆန်း၊ ကိုအောင်ကျော် စတဲ့ ကျောင်းသားခေါင်းဆောင်တွေက ဒီမဂ္ဂဇင်းကို လက်စွဲထား ဖတ်ရှုခဲ့ကြပါတယ်။ ကြီးပွားရေးကို ထုတ်ဝေတဲ့ ဦးလှဟာ စစ်ပြီးခေတ် လူထုသတင်းစာကို ထုတ်ဝေသူဖြစ်ပါတယ်။ ကြီးပွားရေးကလောင်ရှင်တွေထဲမှာ သိပ္ပံမောင်ဝ ၊ သခင်သန်းထွန်း၊ သီပေါမင်းသမက်တော် လတ်သခင် စတဲ့ နာမည်ကျော်တွေ ပါဝင်ပြီး မောင်ဝက တင်တင့်နာမည်နဲ့ ခေတ်ပြင်ပြဇာတ်တွေ ရေးခဲ့ပါတယ်။
စစ်ပြီးခေတ် မဂ္ဂဇင်းတိုက်ပွဲများ
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မှာ စာရေးဆရာ စာစောင်ပဲ မဂ္ဂဇင်းအနေနဲ့ စာရေးဆရာအသင်းက ထုတ်ဝေနိုင်ခဲ့ပြီး စစ်ပြီးခေတ်မှာတော့ မဂ္ဂဇင်း သစ်တွေ အပြိုင်းအရိုင်း ပေါက်ဖွားလာပါတယ်။ ဒီထဲက နာမည်ကျော် သွေးသောက်၊ တာရာနဲ့ရှုမဝ မဂ္ဂဇင်းတွေ ပါပြီး ဒီမဂ္ဂဇင်းစင်မြင့်တွေကနေ စာရေး ဆရာသစ်တွေ အများကြီး မွေးထုတ်ပေးခဲ့ပါတယ်။ စစ်မဖြစ်ခင်နဲ့မတူဘဲ ကမ္ဘာ့စစ်အေးရဲ့ နိုင်ငံရေးဝါဒတိုက်ပွဲတွေ စာနယ်ဇင်းထက်မှာ ပေါ်လာတဲ့ အတွက် မြန်မာစာပေလောကကို ရိုက်ခတ်ခဲ့ပါတယ်။ ဒီထဲမှာ လက်ဝဲကဗျာဆရာ ဒဂုန်တာရာရဲ့ တာရာ မဂ္ဂဇင်းဟာ ထုတ်ဝေချိန်တိုတောင်းပြီး စောင်ရေ နည်းပေမယ့် နောက်မျိုးဆက်တွေထိ သြဇာကြီးခဲ့ပါတယ်။ ဦးကျော်ရဲ့ ရှုမဝမဂ္ဂဇင်းကတော့ လက်ဝဲလက်ယာ စာပေတွေကို မျှအောင်ထည့်ပြီး ပရိသတ် ကြိုက်နဲ့ စာပေတန်းဝင်စာတွေကို စုံလင်အောင် တင်ဆက်ခဲ့လို့ အနှစ် လေးဆယ်ကျော် သက်တမ်းရှည်ခဲ့ပါတယ်။
တာရာရဲ့ စင်တင်ကလောင်တွေထဲမှာ နာမည်ကျော် စာရေးဆရာမ ကြည်အေးပါသလို ဗန်းမော်တင်အောင်၊ မြသန်းတင့် စတဲ့ လက်ဝဲစာရေးဆရာကြီး တွေရဲ့ လေ့ကျင့်ကွင်းလည်း ဖြစ်ခဲ့ပါတယ်။ စာပေသစ်ရဲ့ ဖခင်လို့ ဒဂုန်တာရာကို ရည်ညွှန်းခဲ့ကြပြီး သူ့မဂ္ဂဇင်းကနေ နိုင်ငံတကာ လက်ဝဲစာပေ သဘော တရားတွေနဲ့ ဘာသာပြန် ကဗျာ၊ ဝတ္ထုတွေကို လှိုင်လှိုင် တင်ဆက်ခဲ့ပါတယ်။
ရှုမဝရဲ့ အချစ်၊ အလွမ်း၊ ဟာသ၊ ဘဝသရုပ်ဖော် စတဲ့ စာပေနယ်စုံမှာ တင့်တယ်၊ သန်းဆွေ၊ သော်တာဆွေနဲ့ ခင်နှင်းယု စတဲ့ စာပေကလောင်ကြီးတွေ ပေါက်ဖွားခဲ့ကြပြီး ၁၉၈ဝ ကျော်ထိ ရှုမဝ စင်တင်ဆိုတဲ့ ကလောင်ရှင်ဂုဏ်ထူးဟာ မြန်မာစာပေလောကမှာ မှတ်ကျောက်တင် ကျန်ရစ်ခဲ့ပါတယ်။ တော်ရုံ လက်ရာကောင်းရုံနဲ့ ချက်ချင်း စာမူမရွေးဘဲ လက်ရာမှန်လာ ငြိမ်လာတဲ့အထိ စာရေးဆရာကို ပျိုးထောင်တာက ရှုမဝရဲ့ နည်းဖြစ်ပါတယ်။ ရှုမဝ စင်ပေါ်မှာ ဇေယျ၊ ဇော်ဂျီ၊ ရွှေဥဒေါင်း၊ စတဲ့ ကလောင်ကြီးတွေရဲ့ စာပေဆောင်းပါးတွေအပြင် ပညာရှင်စုံရဲ့ လက်ရာတွေကိုလည်း ဖတ်ရှုနိုင်တဲ့အတွက် ရှုမဝ မဂ္ဂဇင်း တွေကို ခေတ်အဆက်ဆက် သိမ်းဆည်းဖတ်ရှုကြပါတယ်။ ဂျာနယ်ကျော်မမလေး၊ ကြယ်နီ၊ မောင်သာရ၊ စိန်စိန် စတဲ့ စာပေရှင်တွေရဲ့ လက်ရာဝတ္ထုတွေ၊ ဒေါင်းနွယ်ဆွေ၊ နောင်၊ ဗန်းမော်ညိုနွဲ့ စတဲ့ ကဗျာရှင်တွေရဲ့ လက်မွန်တွေလည်း ရှုမဝမှာ ထွန်းတောက်ခဲ့ပါတယ်။
တာရာ၊ ရှုမဝနဲ့ တက်တိုး၊ တင့်တယ်တို့ ထုတ်တဲ့ ပဒေသာမဂ္ဂဇင်းတွေမှာ လက်ဝဲလက်ယာ စာပေဝါဒတွေ ငြင်းခုံဆွေးနွေးကြတာ ခေတ်စားခဲ့ပြီး အနုပညာသည် အနုပညာအတွက်နဲ့ အနုပညာသည် ပြည်သူ့အတွက် ဆိုတဲ့ ကြွေးကြော်သံနှစ်ရပ်ကြား အားပြိုင်မှုက ၂၁ ရာစု ဆန်းထိ ရှိခဲ့ပါတယ်။ ပြည်တွင်းစစ်အရှိန်ကြောင့် လက်ဝဲဝါဒ မြန်မာပြည်မှာ ခေတ်စားနေပြီး ဒါကို တန်ပြန်ဖို့ အနောက်အုပ်စုသံရုံးတွေက လက်ယာစာပေတွေကို ဖြန့်ချိအားပေးတာတွေ ရှိခဲ့ပါတယ်။ ဖိနှိပ်မှု တချို့ ရှိခဲ့ပေမယ့် အုပ်စိုးသူ ဖဆပလတွေက ဒီမိုကရေစီ အစိုးရလို့ ကြွေးကြော်ထားတဲ့ အတွက် ၁၉၆၂ မတိုင်ခင်မှာ စာပေ လွတ်လပ်ခွင့် အရှိဆုံးလို့ ပြောလို့ရတဲ့ တခေတ် ဖြစ်ပါတယ်။
၁၉၅၂ မှာ တပ်မတော် ဝါဒဖြန့်ချိရေးအတွက် မြဝတီမဂ္ဂဇင်း ထွက်ပေါ်လာပါတယ်။ မြဝတီဟာ ကွန်မြူနစ်ဝါဒဖြန့်မှုကို တန်ပြန်ဖို့ ငွေအလုံးအရင်းသုံးပြီး ဖဆပလအစိုးရနဲ့ စစ်တပ်က ထုတ်တဲ့ မဂ္ဂဇင်း ဖြစ်သလို ခေတ်မီတဲ့ အမျိုးသမီးဓာတ်ပုံ မျက်နှာဖုံးတွေ စတင် အသားပေးသုံးခဲ့တဲ့ မဂ္ဂဇင်းဖြစ်ပါတယ်။ နာမည်ကြီး စာရေးဆရာတွေကို စာမူခပိုပေးပြီး စည်းရုံးတာ၊ မဂ္ဂဇင်း စာမျက်နှာအထူပြိုင်ပြီး ရှုမဝကိုတိုက်တာတွေ မြဝတီက လုပ်ပါတယ်။ နောက်ဆုံး လေးနှစ်အကြာမှာ မြဝတီစောင်ရေ တသောင်းရှစ်ထောင်ကျော်သွားပြီး ရှုမဝအယ်ဒီတာ ထွက်သွားရတယ်လို့ မေရီကယ်လ်ဟန်ရဲ့ ရန်သူမွေးခြင်း၊ မြန်မာပြည်က စစ်နဲ့ နိုင်ငံတည်ဆောက်ခြင်း စာအုပ်မှာ ပါပါတယ်။ မြဝတီမှာပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပါရီပြန်ကိုကိုမောင်က ဆောင်းပါးတွေ ရေးပြီး ဖော်ထုတ်ခဲ့သလို တောခိုကွန်မြူနစ်တွေကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ထည့်ခဲ့ပါတယ်။
၁၉၆ဝ မှာတော့ ကွယ်လွန်သူ ကဗျာစာဆို ငွေတာရီကို ဂုဏ်ပြုတဲ့ ငွေတာရီမဂ္ဂဇင်းကို ခင်ပွန်းသည် မင်းယုဝေက ထုတ်ဝေခဲ့ပါတယ်။ ငွေတာရီဟာ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းပြီး လေးနက်တဲ့ စာပေမဂ္ဂဇင်း တစောင်အဖြစ် အောင်မြင်ခဲ့ပေမယ့် ငွေကြေးမဖူလုံတဲ့အတွက် စစ်တပ်က ဝယ်ယူပြီး ခုထိ ထုတ်ဝေနေပါတယ်။ ၁၉၇ဝ ပြည့်လွန်နှစ်တွေမှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်မင်းသား ဝင်းဦးရဲ့ စန္ဒာမဂ္ဂဇင်းဟာလည်း မြန်မာပြည်မှာ အော့ဖ်ဆက်နဲ့ ရိုက်တဲ့ ပထမဆုံး မဂ္ဂဇင်းအဖြစ် ထင်ရှားခဲ့သလို ရှေးဟောင်းစာပေတွေနဲ့ ရသစာပေတွေ တင်ဆက်တဲ့ မဂ္ဂဇင်းအဖြစ် အောင်မြင်ခဲ့ပါတယ်။
အမှောင်ခေတ်က မီးတိုင်များ
၁၉၆၂ နောက်ပိုင်း ငွေစက္ကူနဲ့ ပြည်သူပိုင်သိမ်းတာ၊ ဆန်ရှားပါးတာ စတဲ့ စီးပွားရေး ပြဿနာတွေအပြင် နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် မဂ္ဂဇင်းတွေ အရှိန် ကျလာသလို စာမျက်နှာလည်း နည်းလာပါတယ်။ စာပေစိစစ်ရေးက မထိန်းချုပ်သေးပေမယ့် သတိထား ရေးနေကြရချိန် ဖြစ်လို့ ၁၉၅ဝ ကျော်တုန်း ကလို လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ စာပေမဂ္ဂဇင်းတွေ ရှားလာပါတယ်။ ဒီအချိန်မှာ လက်ဝဲစာပေသမားတွေ အားထားရတဲ့ မိုးဝေမဂ္ဂဇင်း ၁၉၆၉ မှာ ထွက် လာပါတယ်။ မိုးဝေဟာ တော်လှန်စာပေတခေတ် ထူထောင်ခဲ့တဲ့ မဂ္ဂဇင်းဖြစ်ပြီး ဗီယက်နမ်စစ်နဲ့ နိုင်ငံတကာ လက်ဝဲလှုပ်ရှားမှုကို စစ်အစိုးရအောက်မှာ ရနိုင်သမျှ အသားပေး ဖော်ပြခဲ့ပါတယ်။ မော်ဒန်ကဗျာလို့ သိကြတဲ့ ခေတ်ပြိုင်ကဗျာလှုပ်ရှားမှုဟာလည်း မိုးဝေစင်မြင့်ကနေ အရှိန်အဟုန်နဲ့ ကြီးထွား လာပြီး ရှုမဝ၊ သွေးသောက်စတဲ့ လက်ဟောင်းမဂ္ဂဇင်းတွေမှာ မဖော်ပြတဲ့ ကဗျာသစ်တွေကို မိုးဝေက အားပေးခဲ့ပါတယ်။
၁၉၈ဝ ကျော်မှာတော့ မဂ္ဂဇင်းသစ်တွေ ပေါ်လာပြီး တပ်မှူးကြီးဟောင်း မိသားစုတွေနဲ့ စာရေးဆရာမတချို့ကို လိုင်စင်ချပေးခဲ့ပါတယ်။ ဒီထဲမှာ ဗိုလ်မှူးကြီးစောမြင့်ရဲ့ မဟေသီနဲ့ စာရေးဆရာမ ခင်ဆွေဦးရဲ့ စံပယ်ဖြူမဂ္ဂဇင်းတွေ အထူးထင်ရှားခဲ့ပါတယ်။ မဟေသီဟာ ၁၉၉ဝ ကျော်ထိ အအောင်မြင်ဆုံး စာပေမဂ္ဂဇင်းဖြစ်ခဲ့ပြီး ရှုမဝအလွန် မြန်မာစာပေလောကရဲ့ ထီးချက်စောင့်မဂ္ဂဇင်းကြီး ဖြစ်ခဲ့ပါတယ်။ မဟေသီရဲ့ စာအိုးကဏ္ဍက ဝေဖန်ချက်တွေ လှုပ်ခတ်ခဲ့သလို မဟေသီက တင်ပေးလိုက်တဲ့ လက်ရာသစ်တွေကနေ ၂၁ ရာစု မြန်မာစာပေ ခေါင်းဆောင် စာရေးဆရာတွေကို မွေးဖွား ပေးခဲ့ပါတယ်။ စံပယ်ဖြူမှာတော့ အမျိုးသမီးရေး နှိုးဆော်သံတွေ၊ စာပေလှုပ်ရှားမှုသတင်းတွေနဲ့ ဝေစည်ခဲ့ပါတယ်။
၁၉၉ဝ ကျော် တတိယစစ်အစိုးရကာလ စာပေစိစစ်ရေး ပိုတင်းကျပ်လာချိန်မှာ မြန်မာလူငယ်တွေ စောင့်ဖတ်ကြတဲ့ မဂ္ဂဇင်းတွေကတော့ မောင်ဝံသရဲ့ အတွေးအမြင်စာစောင်နဲ့ တင်မောင်သန်းတည်းဖြတ်တဲ့ သင့်ဘဝအောင်မြင်ရေးမဂ္ဂဇင်းဖြစ်ပါတယ်။ နှစ်အုပ်စလုံး ဝတ္ထုကဗျာ မပါတဲ့ အတွေးအခေါ်နဲ့ လူမှုပြုပြင်ရေး မဂ္ဂဇင်းတွေ ဖြစ်ကြပြီး ကလောင်ရှင်ကြီးတွေနဲ့ တက္ကသိုလ်တွင်းပြင်က ပညာရှင်တွေရဲ့ အသံကို ကြားရတဲ့ စာရင်ပြင်နှစ်ခု ဖြစ်ပါတယ်။ သင့်ဘဝမှာပါတဲ့ မုသား၊ ကြောက်စိတ်၊ ဆရာဝန်မလုပ်သောဆရာဝန်များ စတဲ့ မျက်နှာဖုံးဆောင်းပါးတွေကို စာအုပ်သီးခြားရိုက်ရတဲ့အထိ အောင်မြင်ခဲ့ ပါတယ်။ ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာတော့ ဒေါက်တာနေဝင်းမောင်ရဲ့ လစ်ဗင်းကာလာနဲ့ ကျော်ဝင်းရဲ့ သဝေ့ဗ် မဂ္ဂဇင်းတွေမှာ ခေတ်မီ ပြောင်းလဲရေးနဲ့ ဆိုင်တဲ့ စာတွေ အများအပြားပါခဲ့ပြီး ၂ဝ၁ဝ ပြောင်းလဲရေးလမ်းကို ဒီမဂ္ဂဇင်းတွေက ခင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
၁၉၉ဝ ကျော်မှာ စျေးကွက်စီးပွားရေး ဖော်ဆောင်လာတဲ့အတွက် ဓနနဲ့ မြန်မာ့ဓနလို စီးပွားရေးမဂ္ဂဇင်းတွေ အောင်မြင်ခဲ့ပါတယ်။ နက္ခတ္တရောင်ခြည်၊ ဂမ္ဘီရ စတဲ့ ဆိုရှယ်လစ်ခေတ်မှာ များများမရှိခဲ့တဲ့ ဗေဒင်နက္ခတ်လိုင်းက မဂ္ဂဇင်းတွေလည်း ထွန်းကားခဲ့ပါတယ်။ ၂ဝဝဝ ပြည့်လွန် နှစ်တွေမှာ ဗြူတီ၊ အိုင်ဒီယာ စတဲ့ လူငယ်ကြိုက်မဂ္ဂဇင်းတွေ ပေါ်လာသလို ထိုင်း၊ စင်္ကာပူနိုင်ငံတွေက ကြော်ငြာနဲ့ အလှပုံတွေ အသားပေးတဲ့ မဂ္ဂဇင်း တွေလည်း မြန်မာ ပြည်မှာ ထွက်လာပါတယ်။ ဟန်သစ်၊ ပင်လယ် စတဲ့ စာပေမဂ္ဂဇင်းတွေ ပေါ်ခဲ့ပေမယ့် ခဏနဲ့ ရပ်သွားကြတဲ့ အတွက် စာချစ်သူတွေ အားလျော့ခဲ့ရ ပါတယ်။
သရောအလွန် မြန်မာပြည်
၂ဝ၁ဝ နောက်ပိုင်းမှာ စာပေစိစစ်ရေး မရှိတော့ပေမယ့် စာပေမဂ္ဂဇင်းရယ်လို့ ကျကျနနပြစရာ မရှိတော့ဘဲ ရွှေအမြုတေ မဂ္ဂဇင်းသာ ကျန်ခဲ့ပြီး ရုပ်ရှင် တေးကဗျာနဲ့ ကလျာ စတဲ့ တချိန်က အောင်မြင်ခဲ့တဲ့ စာပေမဂ္ဂဇင်းတွေ ပျောက်ကွယ်ခဲ့ရပါတယ်။ ရွှေအမြုတေမှာလည်း ရှုမဝ၊ မဟေသီခေတ်ကလို အားကောင်းမောင်းသန်နဲ့ စာပေဆိုင်ရာတွေ အများအပြား မပါနိုင်တော့ဘဲ ရုပ်ရှင်ဂီတ သတင်းနဲ့ ဝတ္ထု၊ ဆောင်းပါးတွေ တွဲဖတ်ရတဲ့ပုံစံ ဖြစ်ခဲ့ပါတယ်။ ၂ဝ၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ရွှေအမြုတေပါ ရပ်သွားခဲ့ပြီး စာရေးဆရာတွေ အတွက် စာပေ လမ်းစတွေ ပျောက်ခဲ့ရပြီး စစ်တပ်ထုတ် မြဝတီနဲ့ ငွေတာရီသာ ကျန်ခဲ့ပါတယ်။
၂ဝဝဝ ပြည့်လွန်နှစ်တွေကတည်းက စာပေသရောကြီး ခိုင်းတော့မလား ဆိုပြီး လူထုစိန်ဝင်းလို ဝါရင့် စာရေးဆရာတွေက သတိပေးခဲ့ကြတာဟာ တကယ် ဖြစ်လာခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်ကျဆင်းမှုတွေကြောင့် စာပေအနုပညာဘက်မှာလည်း အားလျော့စရာ အများအပြား ဖြစ်ခဲ့ပါတယ်။ စစ်တပ် လက်အောက်မှာ တအိအိကျဆင်းခဲ့တဲ့ စာပေရေစီးကို ပုံမှန်ပြန်စီးအောင် မစွမ်းနိုင်ခဲ့လို့ ဒီလိုပုံလဲတဲ့အထိ ဖြစ်ရသလား ၊ စာပေသမားတွေဘက်က ပရိသတ်ကို စွဲဆောင်စည်းရုံးနိုင်တဲ့ အရည်အသွေး ချို့ငဲ့လို့ စာပေမြစ်တစင်း ခန်းခြောက်ရသလား ဆိုတာကတော့ တွေးစရာ အများကြီး ရှိနေပါတယ်။ နိုင်ငံရေး ပြန်ကောင်းလာရင်တော့ စာပေအနုပညာလောက ပြန်ခေါင်းထောင်လာမယ်လို့ပဲ မှန်းဆနေကြပါတယ်။ စာပေ၊ ဖျော်ဖြေရေးနဲ့ ပညာရပ် လိုင်းပေါင်းစုံက မဂ္ဂဇင်းတွေ ပြန်ပေါ်လာမှ အနှစ် ၁ဝဝ ကျော် မြန်မာမဂ္ဂဇင်းလောက ပြန်မွေးဖွားလာမှာ ဖြစ်ပါတယ်။