စစ်အာဏာသိမ်းမှုနောက် စာပေအမှောင်ခေတ်ကို ပြန်ရောက်တော့မှာလား

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ၁ရက်မှာ မြန်မာပြည်သူတွေ ကြုံတွေ့ရတာတော့ ဖုန်းအဆက်အသွယ်ပြတ်တောက်မှုတွေနဲ့ သတင်းဌာနလိုင်းတချို့ တီဗီဖန်သားပြင်တွေပေါ်ကနေ ပျောက်ကွယ်သွားတာပါ။

အဲဒီနောက်တော့ အာဏာသိမ်းသတင်းတွေ ရေးသား တင်ဆက်ကြတဲ့ သတင်းဌာနတချို့ကို လိုင်စင်ပိတ်သိမ်းလိုက်ပြီး သတင်းထောက်တွေ ဆက်တိုက်ဖမ်းဆီးခံလိုက်ရသလို ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေ စတင်ကန့်သတ်ခံလိုက်ရပါတယ်။

အာဏာသိမ်းပြီး တနှစ်ကျော်အကြာမှာတော့ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက ဖိနှိပ်ကန့်သတ်မှုတွေက စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေကို ဦးတည်လာပါတယ်။

ထုတ်ဝေတဲ့စာအုပ်ထဲက အကြောင်းအရာတချို့အပေါ်မူတည်ပြီး စာအုပ်ထုတ်ဝေတဲ့စာအုပ်တိုက်တွေကို ပိတ်သိမ်းတာ တရားစွဲတာတွေ ဆက်တိုက်ဆိုသလို လုပ်လာပါတယ်။

ဒါတွေဟာ ပြီးခဲ့တဲ့ကာလတစ်ခုက စာပေလောကအမှောင်ကျခဲ့တဲ့ ခေတ်တစ်ခုဆီ ပြန်သွားနေတာလားဆိုတဲ့ မေးခွန်းတွေလည်း စာနယ်ဇင်းလာကမှာ ရှိလာပါတယ်။

စာပေလောကအပေါ် စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေ

စစ်အာဏာသိမ်းတာ တနှစ်ကျော်ပြီးနောက်ပိုင်း ဧပြီ ၈ရက်နေ့မှာတော့ အငြင်းပွားဖွယ်စာအုပ်တစ်အုပ်ဖြစ်ခဲ့တဲ့ ရှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်ဝါဒစာအုပ်ကို တခါပြန်ထုတ်ဝေခဲ့တဲ့ ဝင်းတိုးအောင်ပုံနှိပ်တိုက်နဲ့ ရန်အောင်စာပေတိုက်တို့ကို စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့်ပိတ်လိုက်ပြီး စာအုပ်တိုက်ကို တရားစွဲဆိုထားပါတယ်။ ဒီစာအုပ်ဟာ ဘာသာရေးအရအငြင်းပွားမှုဖြစ်ဖွယ်ရှိတာကြောင့် ပိတ်သိမ်းထားတဲ့စာအုပ်တစ်အုပ် ဖြစ်တယ်လို့ စာရေးဆရာတချို့က ပြောပါတယ်။

'' သူတို့ခွင့်မပြုခဲ့တဲ့စာအုပ်တစ်အုပ်ကိုသွားပုံနှိပ်မိတာပါ။ ထုတ်တာကစက်တင်ဘာလကထုတ်တာပါ။ ဧပြီလလောက်မှ ဒီစာအုပ်ကို မဖြန့်ချိရဘူး ပြောတယ်။ ပထမတော့ မှတ်ပုံတင် ရုပ်သိမ်းတယ်။အဲဒီကနေ စာအုပ်တွေ ပြန်သိမ်းတယ်။ စာအုပ်ထုတ်တဲ့ ကျွန်တော်တို့ စာအုပ်တိုက်ကိုရော စာအုပ်ကိုပုံနှိပ်တဲ့ ပုံနှိပ်တိုက်ကိုလည်း ပုံနှိပ်လိုင်စင်ပိတ်သိမ်းတယ်။ အခုလည်း ကျွန်တော်တို့ တရားဆက်ရင်ဆိုင်နေရပါတယ်''လို့ ပိတ်သိမ်းခံလိုက်ရတဲ့ ရန်အောင်စာအုပ်တိုက်က တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

ရှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်ဝါဒစာအုပ်ဟာဆိုရင် ၁၉၈၁ ခုနှစ်ကစပြီး ပြည်ထဲရေးနဲ့သာသနာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြီး ပိတ်ပင်ထားတဲ့စာအုပ်ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက်မှာတော့ အမျိုးသားချင်းချစ်ကြိုက်မှုအကြောင်းကို ဇာတ်လမ်းရေးသားဖော်ပြထားတဲ့''My Possessive Step-Bro '' ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့တဲ့ ရွှေလာဘ်စာပေကိုလည်း စစ်ကောင်စီက ညစ်ညမ်းစာပေထုတ်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ထုတ်ဝေခွင့် ထပ်မံပိတ်သိမ်းခဲ့ပါတယ်။

မေလထဲမှာတော့ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုအကြောင်းကို အင်္ဂလိပ် ဥပဒေပညာရှင် Ronan Lee ရေးသားထားတဲ့''Myanmar's Rohingya Genocide: Identity, History and Hate Speech"ဆိုတဲ့ စာအုပ်ကိုထုတ်ဝေခဲ့တဲ့ လွင်ဦးစာပေကို ပုံနှိပ်ထုတ်ဝေခြင်းဥပဒေကို ချိုးဖောက်တယ်ဆိုပြီး စစ်ကောင်စီက ထုတ်ဝေခွင့် ထပ်ပိတ်ခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်က ပြန်ကြားရေးဝန်ကြီးဌာနကတော့ အခုပိတ်သိမ်းလိုက်တဲ့စာအုပ်တိုက်တွေ၊ ပုံနှိပ်လုပ်ငန်းတွေဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမှာပါတဲ့ ထုတ်ပြန်ချက်တွေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး လိုင်စင်ပိတ်သိမ်းတာတွေ၊ တရားစွဲဆိုတာတွေ လုပ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာတော့ ရန်ကုန်အပါအဝင် မြို့ကြီးတွေက ပုံနှိပ်တိုက်တွေမှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အရေးအသားတွေပါတဲ့ စာတွေကို ပုံနှိပ်တာမလုပ်ဖို့ကိုလည်း စစ်ကောင်စီကသတိပေးတာတွေ လုပ်ခဲ့တယ်လို့ စာအုပ်ထုတ်ဝေသူတချို့က ပြောပါတယ်။

'' ဘယ်လိုပုံစံလဲဆိုတော့ အရင်တုန်းက ရပ်ကွက်ထဲက မိထ္ထူဆိုင်တွေမှာ ချဲထီနဲ့ပတ်သက်တာ မကူးပေးရဘူးဆိုပြီး စာလိုက်ကပ်သလိုမျိုး ပုံနှိပ်စက်တွေမှာ တော်လှန်ရေးနဲ့ပတ်သက်တာ ပုံနှိပ်တာ မလုပ်ရဘူးလို့ စာကပ်လာတာ'' လို့ နွေဦးပွင့်သစ် မဂ္ဂဇင်းက အယ်ဒီတာက ပြောပါတယ်။ ဒါတွေကြောင့် သူတို့စာအုပ်တိုက်ကို ပုံနှိပ်စာအုပ်အစား အွန်လိုင်းစာမျက်နှာကနေထုတ်ဝေတဲ့ အွန်လိုင်းမဂ္ဂဇင်းအဖြစ်ပြောင်းထုတ်ခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တကျော့ပြန် စာပေအမှောင်ခေတ်လား

၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးချိန်ကစလို့ အစိုးရ အဆက်ဆက် နှစ်ပေါင်း ၅၀ လောက် ကျင့်သုံးခဲ့တဲ့ စာပေစိစစ်ရေးမူဝါဒကတော့ တစ်ခေတ်တစ်ခါက ''စာပေကင်ပေတိုင်'' လို့ တင်စားရတဲ့အထိ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

စာပေစိစစ်ရေးက ခွင့်မပြုလို့ စာအုပ်မထွက်ရတာတွေ စာအုပ်အဖြဲခံရတာ၊ စာအုပ်ကို ငွေမင်နဲ့ပိတ်ထားတာ စတဲ့ ဆင်ဆာကန့်သတ်ချက်တွေ ရှိခဲ့တဲ့ကာလတစ်ခုကိုလည်း မြန်မာ့စာပေလောကမှာ ဖြတ်သန်းခဲ့ကြရပါသေးတယ်။

စာအုပ်ကိုငွေမှင်နဲ့ပိတ်ပြီး ဆင်ဆာလုပ်တာကြောင့် ဓာတ်ဆီ၊ ရေနံဆီနဲ့ ငွေမင်ကိုဖျက်ပြီး စာဖတ်ကြတဲ့ ဓလေ့လည်းရှိခဲ့တဲ့အထိ စာပေလောကဟာ အမှောင်ခတ်ကို ဖြတ်ခဲ့ကြရဖူးတယ်လို့ ဝါရင့်စာနယ်ဇင်းဆရာကြီးတွေက ပြောဆိုခဲ့ဖူးပါတယ်။

နှစ်ပေါင်း ၅၀နီးပါးလောက် မြန်မာ့စာပေစာနယ်ဇင်းလောကမှာရှိခဲ့တဲ့ စာပေစိစစ်ရေးကိုတော့ ၂၀၁၂ ခုနှစ် သြဂုတ်လမှာ ဖျက်သိမ်းခဲ့ပါတယ်။

'' လွတ်လပ်ရေးရပြီး ဝန်ကြီးချုပ်ဦးနုခေတ်မှာလည်း တချို့စာအုပ်တွေကို ပြည်ထဲရေးက ထုတ်ပြန်တဲ့ စည်းကမ်းနဲ့ မညီညွတ်ဘူးဆိုပြီး ပိတ်ခဲ့တာတွေရှိတယ်။ဆရာဗန်းမော်တင်အောင်ရဲ့စာအုပ်လိုပေါ့။ ဘာသာရေးနဲ့ပတ်သက်တဲ့ အစွန်းရောက်တဲ့ စာအုပ်တချို့ပေါ့၊ အဲဒီတုန်းကလည်း တမျိုးပိတ်တယ်။"

" စာပေစိစစ်ရေးလက်ထက်မှာလည်း ပိတ်တာတွေဖျက်တာတွေများတယ်။ များတယ်ဆိုတာတောင် သူစိစစ်ပြီးမှ ပြန်ထုတ်တဲ့ကာလကျတော့ သူ့အနေနဲ့ကြိုပြီးတော့ ပိတ်ထားတော့ ထွက်လာတာက ပိတ်တာနည်းသွားတာပေါ့လေ။"

"လွန်ခဲ့သော ဒီမိုကရေစီ ၅ နှစ်ကာလကတော့ ပိတ်တာနည်းတာပေါ့လေ။ သိသိသာသာ ပိတ်တာမရှိပါဘူး။ အဲဒီကာလမှာတော့ နိုင်ငံရေးစာအုပ်ခေတ်အစားဆုံးကာလလို့ ပြောလို့ရတယ်။နိုင်ငံရေးစာအုပ်တွေ အများကြီးထွက်တယ်။ နိုင်ငံရေးစာအုပ်ထဲမှာမှ ဒီမိုကရေစီစာအုပ်ရော၊ ကွန်မြူနစ်ဝါဒ၊ မတ်စ်ဝါဒနဲ့ပတ်သက်တဲ့စာအုပ်ရော လွတ်လွတ်လပ်လပ် အများကြီး ထွက်ကြတယ်။ အဲဒီ ၅ နှစ်ထက်စာရင်တော့ အခုက ပိတ်တာ အရေအတွက် ပိုလာတာပေါ့'' လို့ စာနယ်ဇင်းလောကရဲ့ ဝါရင့်စာရေးဆရာ ဟိန်းလတ်က ဘီဘီစီကို ပြောပါတယ်။

''ဆက်ကြည့်ရမယ်။ အခုက သုံးလေးအုပ်ပဲ ရှိသေးတယ်။ နောက်ထပ်စာပေစိစစ်ရေးဆိုတာမပေါ်ဘဲနဲ့ ထပ်ပြီးတော့ စာအုပ်တိုက်တွေ ပိတ်နေမယ်ဆိုရင်တော့ အမှောင်ခေတ်လို့ ပြောလို့ရတာပေါ့လေ။ အခုကတော့ အရေအတွက်က နည်းနေသေးတယ်ဆိုတော့ စောင့်ကြည့်ရမယ့်ကာလ ဖြစ်ပါတယ်'' လို့ စာရေးဆရာ ဟိန်းလတ်က အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေနဲ့ပတ်သက်လို့ သုံးသပ်ပြောပါတယ်။

စာဖတ်နှုန်း၊ စာအုပ်ထွက်ရှိမှုနဲ့ မြင့်တက်လာတဲ့ စက္ကူစျေးကွက်

တဖက်မှာလည်း စစ်အာဏာသိမ်းမှု၊ နိုင်ငံရေးအပြောင်းအလဲနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့အတူ ကျပ်တည်းမှုတွေကြားမှာ လူထုရဲ့စာအုပ်ဖတ်နိုင်တဲ့ နှုန်းထားဟာလည်း ကျဆင်းနေပါတယ်။ ဒါ့အပြင် ပြောင်းလဲလာတဲ့ စက်သုံးဆီစျေးနဲ့အတူ စက္ကူစျေးနှုန်းမြင့်တက်မှုဟာလည်း စာအုပ်တိုက်တွေအတွက် အခက်တွေ့လာစေတာပါ။

''အရင်နှစ် ၆ လပိုင်းထက်စာရင် အခုနှစ် ၆လပိုင်းက ပိုဆိုးတယ်။ အဲဒါက နှစ်ချက်ရှိတယ်။ တစ်ချက်ကတော့ စက္ကူစျေးက အဆမတန်မြင့်နေတယ်။ပုံနှိပ်တိုက်တွေမှာ စက္ကူတွေ သိုလှောင်ထားတာ အရင်တုန်းက ရှိတယ်။အခုတော့ အဲလိုမဟုတ်ဘူး စာအုပ်သွားရိုက်မယ်ဆိုမှ ဒီစာအုပ်က ဘယ်လောက်ရိုက်မလဲ ဖောင်ဘယ်နှစ်ဖောင်ရှိလဲ။ အဲဒါကိုတွက်ပြီးမှ စက္ကူသွားဝယ်တာ။ စက္ကူစျေးကလည်း မနေ့ကနဲ့ ဒီနေ့မတူဘူး။ ပေါက်စျေးအတိုင်း ယူရတယ်။ ဖလင်ဖိုးတွေ တက်တယ်။"

"အရင် ၃၀၀၀တန် စာအုပ်က ၇၀၀၀ ဖြစ်လာတယ်။ ပြည်သူလူထုအများစုက စားဝတ်နေရေး ကျပ်တည်းတော့ စာအုပ်ဝယ်ဖို့ဆိုတာ ငွေပိုလျှံမှ တော်တော်ဝါသနာပါမှ ဝယ်တာ။ အရင်တုန်းက တစ်အုပ် ၃၀၀၀ တောင်မှ မြန်မာပြည်တပြည်လုံး အုပ်ရေ ၅၀၀ တောင် မကုန်တာ။ အခုလို စားဝတ်နေရေးခက်ခဲတဲ့ ကာလမှာ ၃၀၀၀ တန်စာအုပ်ဟာ ၇၀၀၀ ဖြစ်လာတော့ ပိုပြီးတော့အဝယ်နည်းသွားတယ်''လို့ စာရေးဆရာ ဟိန်းလတ်က စာအုပ်စာပေစျေးကွက်အပေါ် သုံးသပ်ပြပါတယ်။

စာပေယဥ်ကျေးမှုမထွန်းကားတော့တဲ့ နိုင်ငံတစ်ခုရဲ့ အနာဂတ်

အခုလိုကန့်သတ်ချက်တွေ အဘက်ဘက်က ဆုတ်ယုတ်မှုတွေကြောင့် မြန်မာ့စာပေစျေးကွက်ကျဆင်းလာတာတွေရဲ့ နောက်ဆက်တွဲမှာ စာနယ်ဇင်းလောကနဲ့အသက်မွေးဝမ်းကျောင်းလုပ်တဲ့ စာရေးဆရာ၊ ကာတွန်းဆရာတွေလည်း ဖန်တီးမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်ခဲ့ကြရပါတယ်။ လက်ချိုးရေတွက်လို့ရတဲ့ ပမာဏသာကျန်တော့တဲ့ စာအုပ်၊ မဂ္ဂဇင်း၊ သတင်းစာတွေကြောင့် ကာတွန်းရေးဆွဲတဲ့ကာတွန်းဆရာတချို့လည်း အသက်မွေးဝမ်းကျောင်းပြောင်းရတာတွေ ရှိလာပါတယ်။

'' စျေးကွက်မရှိလို့ စာအုပ်မထုတ်နိုင်၊ စာအုပ်မထုတ်နိုင်တော့ စာအုပ်မဖတ်နိုင်ကြ၊ ဒီလိုနဲ့ မမျှော်လင့်နိုင်တဲ့ အခြေအနေတွေနဲ့ ပိန်းပိတ်မှောင်သွားတော့မှာ။"

"နိုင်ငံတစ်ခုမှာဘယ်လောက်ပဲ အွန်လိုင်း၊ ရုပ်သံတွေ ထွန်းကားပေမယ့် ပုံနှိပ်ထုတ်ဝေတဲ့စျေးကွက်တစ်ခုကတော့ ရှိနေကြတယ်။ မြန်မာနိုင်ငံမှာတော့ ဝမ်းနည်းထိတ်လန့်စရာအနေအထားရောက်နေပြီ။"

"ပညာရေးမှာဆိုရင်လည်း ကျောင်းကသင်တဲ့စာအုပ်တွေသင်ပြီး အပြင်စာတွေဖတ်မှ၊ လေ့လာမှ IQ,EQ တိုးတက်မယ်။ ပညာရေးနိမ့်ကျရင် အသိဉာဏ်၊ စဥ်းစားဆင်ခြင်တဲ့ဉာဏ်နိမ့်ကျမယ်။ စာပေယဥ်ကျေးမှု မထွန်းကားတဲ့ နိုင်ငံရဲ့စံနှုန်းက ကျမှာပဲ'' လို့ စာရေးဆရာ ဟိန်းလတ်က သုံးသပ်ပါတယ်။

စာအုပ်စာပေထုတ်ဝေခွင့်နဲ့ပတ်သက်လို့တော့ စာပေစိစစ်ရေးရှိစဥ်ကာလကတည်းက စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ သူတချို့က ထုတ်ဝေခွင့်ရကြတာ များတာကြောင့် အခုလို စစ်အာဏာသိမ်းကာလမှာ စစ်ကောင်စီနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့စာအုပ်စာပေတိုက်တွေကို ကန့်သတ်မှုတွေပိုလုပ်လာပြီး ပြည်သူတွေရဲ့သိပိုင်ခွင့်တွေကိုကန့်သတ်တာ ဖြစ်တယ်လို့ လည်း စာရေးဆရာတချို့က သုံးသပ် ပြောဆိုကြ ပါတယ်။

'' တိုင်းပြည်အနာဂတ်အတွက် အနာဂတ်စာပေလောက မြန်မာပြည်သူသိပိုင်ခွင့်ကို ကန့်သတ်တာက ထည့်တောင် ပြောစရာ မလိုပါဘူး။ တိုင်းပြည်အနာဂတ်ကို ထည့်မစဥ်းစား၊ လူထုအကျိုးကို ထည့်မစဥ်းစားတဲ့ စစ်အုပ်စု ဖြစ်နေတယ်''လို့ စာရေးဆရာ ဝေမှူးသွင်ကလည်း သုံးသပ်ပြောပါတယ်။