ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖာနီဗယ်၊ လူမျိုးစုံ ပေါင်းမကူးတဲ့ အဖွဲ့အစည်းကို တွေ့ခဲ့သူ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဦးကြီးလို့ လူသိများခဲ့တဲ့ မစ္စတာ ဖာနီဗယ်ကို မြန်မာနိုင်ငံသုတေသနအသင်းနဲ့ ဂန္ထလောကမဂ္ဂဇင်းတည်ထောင်သူ၊ လွတ်လပ်ရေး ရပြီးနောက် စီးပွားရေး အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအဖြစ် လူသိများ ကြပါတယ်။
တကယ်က ဖာနီဗယ်ဟာ မြန်မာပြည်ကို အခြေခံပြီး လူမျိုးရေးနဲ့ ပတ်သက်တဲ့ သဘောတရားတခု ထူထောင်ခဲ့သူအဖြစ် အာရှလေ့လာရေး နယ်ပယ်မှာ ထင်ရှားပါတယ်။ လူမျိုးစုံ ပေါင်းမကူးတဲ့ အဖွဲ့အစည်းတွေအကြောင်း သူ့ရေးသားချက် တွေနဲ့ ဗြိတိသျှနဲ့ အနောက်နိုင်ငံသားတွေ ကျွန်ပြုတာ ခံခဲ့ရတဲ့ နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေအကြောင်းကို ရှင်းပြခဲ့ပါတယ်။ ကိုလိုနီမူဝါဒတွေနဲ့ ကျင့်သုံးပုံတွေအကြောင်း သူရေးခဲ့တဲ့ စာအုပ်တွေကိုလည်း ကနေ့ထက်ထိ မြန်မာပြည်နဲ့ တခြားကိုလိုနီဟောင်း နိုင်ငံတွေကို လေ့လာရာမှာနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မူဝါဒတွေ ချမှတ်ရာမှာ ရည်ညွှန်းပြုနေရဆဲ ဖြစ်ပါတယ်။
လူစဉ်မီလာအောင် သွန်သင်ဆုံးမ
ဖာနီဗယ်ဟာ မြန်မာနိုင်ငံမှာ ကြေးတိုင်မင်းကြီးအဖြစ် အမှုထမ်းခဲ့တဲ့ ဗြိတိသျှ အုပ်ချုပ်ရေး အရာရှိကြီး ဖြစ်ပါတယ်။ တောင်ငူသူ မာဂရက်မညွန့် ဆိုတဲ့ ရှမ်းအမျိုးသမီးနဲ့ လက်ထပ်ခဲ့ပြီး မြန်မာပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင် ခဲ့ပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ မြန်မာပြည်က ထွက်သွားခိုင်းလို့ ထွက်သွားရပြီးနောက် ရန်ကုန်တက္ကသိုလ်မှာ စီးပွားရေးပညာ အထူး ပါမောက္ခအဖြစ် စာသင်ပေးဖို့ ကမ်းလှမ်းချက်အရ ပြန်လာဖို့ ပြင်နေတုန်း ကိန်းဘရစ်မြို့မှာ ၁၉၆ဝ က ၈၂ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ကိုလိုနီခေတ် မြန်မာပြည်မှာ လာရောက်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသားတွေထဲက မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေကို ချစ်ခင်ကြသူတွေက နိုင်ငံတိုးတက်အောင် သူတို့နည်းနဲ့ သူတို့ ကူညီခဲ့ကြတာတွေ ရှိပါတယ်။ မြန်မာတွေကို မတိုးတက် သေးတဲ့ ခေတ်ဟောင်းလက်ကျန်တွေ အဖြစ် စေတနာထားသူတွေရှိသလို မြန်မာတွေကို သင်ပြပေးဖို့ အနောက်တိုင်းသားတွေမှာ တာဝန်ရှိတယ် သဘောထားပြီး ကူညီသူတွေလည်း ရှိပါတယ်။ ဒီလိုနည်းနဲ့ မြန်မာပြည်ရဲ့ ပညာရေး၊ အနုပညာ နဲ့ လူမှုစီးပွားရေး နယ်ပယ်တွေမှာ ခေတ်မီဆန်းသစ်မှုတွေ ပေါ်ထွန်းလာတာ ဖြစ်ပါတယ်။
ဖာနီဗယ်ကို သူနဲ့ရင်းနှီးတဲ့ မြန်မာလူငယ်တွေ ခေါ်ကြတဲ့အတိုင်း မြန်မာတွေရဲ့ ဦးကြီးအဖြစ်လည်း လူသိများပါတယ်။ ဦးကြီးဟာ နှစ်ပေါင်း ၆ဝ နီးပါး မြန်မာတွေရဲ့ ကံကြမ္မာကို လူစဉ်မီလာအောင် သွန်သင်ဆုံးမသြဝါဒပေးသွားတယ်လို့ ခေတ်စမ်းစာပေ ခေါင်းဆောင် တယောက်ဖြစ်တဲ့ ကဗျာဆရာ ပါမောက္ခ မင်းသုဝဏ် ခေါ် ဦးဝန်က သူ့အတွက် နှုတ်ခွန်းဆက် စာတမ်းမှာ ရေးသားခဲ့ပါတယ်။ ဖာနီဗယ် မြေတောင်မြှောက်ပေးသွားသူတွေထဲမှာ ခေတ်စမ်းစာပေသမားတွေ ပါသလို သခင်ဘသောင်းလို နိုင်ငံရေးသမားတွေလည်း ပါပါတယ်။ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ မီးတုတ်သခင်သိန်းမောင်ကြီးကို စာအုပ်ပညာသင်ကြားဖို့ ဗြိတိန်ကို လွှတ်တာလည်း ဖာနီဗယ် ဖြစ်ပါတယ်။
ဖာနီဗယ်ရဲ့ ဂန္ထလောက မဂ္ဂဇင်းပါ မြေအုတ်များ ပြိုလေရာ ကျောက်အုတ်ဖြင့် တည်ဆောက်အံ့ ဆိုတဲ့ ဆောင်ပုဒ်ကလည်း နာမည်ကြီးပါတယ်။ မြန်မာနိုင်ငံ ကိုလိုနီဘဝ ရောက်ပြီးနောက် မြန်မာ့ထုံးစံတွေ ပျောက်ကွယ်ပြီး နိုင်ငံခြား လွှမ်းမိုးမှု ကြီးစိုးလာချိန်မှာ မျိုးချစ်စိတ် ပြင်းထန်သူတွေက အသစ်ဝင်လာတဲ့ ယဉ်ကျေးမှု၊ ပညာနဲ့ ပစ္စည်းကိရိယာတွေကို ငြင်းဆန်သလို ဒါတွေကို အထင်ကြီးပြီး မြန်မာမှု တွေကို ပစ်ပယ်သူတွေ ရှိလာပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရဲ့ စီးပွားရေးကလည်း မြန်မာတွေလက်ထဲ မရှိတော့ဘဲ ဗြိတိသျှနဲ့ အိန္ဒိယ တရုတ်နွယ်ဖွားတွေက လွှမ်းမိုးလာပါတယ်။ ဖာနီဗယ်က ဒီဒုက္ခတွေက လွတ်အောင် မြန်မာပြည်ကို ပညာဖောင်ကြီးနဲ့ ကယ်တင်ဖို့ ကြံတယ်လို့ မင်းသုဝဏ်က ဆိုပါတယ်။
မြန်မာပြည်မှာ မျိုးချစ်စိတ်တွေ ပြန်လည်နိုးထလာချိန် ၂ဝ ရာစုဆန်းမှာပဲ ဗုဒ္ဓဘာသာအသင်းအဖွဲ့တွေ ပေါ်လာသလို ဝိုင်အမ်ဘီအေအသင်းကိုလည်း ဖွဲ့စည်းပြီး နိုင်ငံရေး နိုးကြားမှုတွေ ရှိလာပါတယ်။ ဒီအချိန်မှာပဲ ဖာနီဗယ်က ယိုးဒယား အသင်း၊ ဘင်္ဂလားအသင်းတွေကို အတုယူပြီး မြန်မာနိုင်ငံသုတေသနအသင်းကို ၁၉၁ဝ မှာ ဆော်သြတည်ထောင်ခဲ့ပါတယ်။ ဒီအသင်းမှာ ဗြိတိသျှ အုပ်ချုပ်ရေး အရာရှိတွေ၊ တက္ကသိုလ်ပညာရှင်တွေနဲ့ မြန်မာ အရာရှိတွေ၊ ပညာတတ်တွေ စုဝေးပြီး မြန်မာပြည် သမိုင်းနဲ့ အကြောင်းအရာတွေကို လေ့လာဆွေးနွေးကြပါတယ်။ အသင်းထုတ် ဂျာနယ်တွေမှာ သူ့လက်ရာ ဆောင်းပါးတွေ ပါတတ်ပြီး တခါတလေ တအုပ်လုံးကို သူတယောက်တည်း ဒိုင်ခံရေးတတ်တယ်လို့လည်း မြန်မာ့စွယ်စုံကျမ်းမှာ ပါရှိပါတယ်။
လွတ်လပ်ရေးပေးဖို့ တင်ပြ
မစ္စတာဖာနီဗယ်ဟာ အရာရှိဘဝမှာပဲ မြန်မာနိုင်ငံ အုပ်ချုပ်ရေး ပြုပြင်ဖို့ လာစုံစမ်းတဲ့ ဝှိုက်ကော်မတီကို မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးဖို့ တင်ပြခဲ့ပါတယ်။ လွတ်လပ်ရေး မပေးချင်တဲ့ ဗြိတိသျှအစိုးရနဲ့ သူ အဆင်မပြေဖြစ်ပြီး အလုပ်က ထွက်ခဲ့ပြီးနောက် မြန်မာပြည် စာအုပ်ဆိုင်ကို ၁၉၂၄ မှာ ဖွင့်ခဲ့ပါတယ်။ ဒီစာအုပ်ဆိုင်မှာ သူကိုယ်တိုင်ထိုင်ပြီး ဗဟုသုတလိုက်စားသူတွေ သိချင်တဲ့အချက်တွေကို အပင်ပန်းခံ ရှာပေးတတ်တယ်လို့ ကုလသမဂ္ဂ ဦးသန့်က ရေးခဲ့ပါတယ်။ အဲဒီက ဂန္ထလောကမဂ္ဂဇင်းထုတ်ပြီး ခေတ်စမ်းစာပေကို အစပျိုးခဲ့သလို မြန်မာပြည်မှာ ဘာသာပြန်လုပ်ငန်း ဖွံ့ဖြိုးဖို့ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းကို ၁၉၂၈ မှာ တည်ထောင်ခဲ့ပါတယ်။ လွတ်လပ်ရေးရခါနီးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ အစပြု ခဲ့တဲ့ ဘာသာပြန်စာပေအသင်းနဲ့ စာပေဗိမာန်တို့ဟာ ဒီအသင်းရဲ့ အမွေခံတွေ ဖြစ်ကြပါတယ်။
ဖာနီဗယ်ဟာ ဖေဘီယန်ဆိုရှယ်လစ်ဝါဒီတယောက် ဖြစ်တဲ့အတွက် သူ့အမြင်တွေကလည်း မြန်မာပညာတတ်တွေကြားမှာ စိမ့်ဝင်ခဲ့ပါတယ်။ ပညာမာန၊ လူမျိုးမာန၊ ရာထူးမာနတွေ ကင်းပြီး အမှန်တရား အတွက် ဆောင်ရွက်ရာမှာ သတ္တိရှိသူ လို့ စွယ်စုံကျမ်းက ချီးကျူးခဲ့ပါတယ်။ အစိုးရ၊ ကုန်သည်၊ သတင်းစာ၊ နိုင်ငံရေးစတဲ့ လောတွေမှာ အယုတ်တရားကို တွေ့ရင် ပြစ်တင်ရှုတ်ချဖို့ ဝန်မလေးသူ၊ ရန်သူဖြစ်ရလည်း အရေးမစိုက်သူလို့ ဆိုပါတယ်။ ဒီလို ထက်မြက်ပေမယ့် အကြင်နာ တရားရှိပြီး တကိုယ်ကောင်းစိတ် လုံးဝကင်းတယ်လို့ စွယ်စုံကျမ်းမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာစကားကို ရေရေလည်လည်ပြောတတ်ပြီး မြန်မာသီချင်းဂီတကို ဝါသနာပါသူ ဖြစ်တဲ့အတွက် ပတ္တလားစတဲ့ မြန်မာတူရိယာတွေကို တီးခတ်နိုင်သလို ဗြိတိန်ကို မင်းသုဝဏ်နဲ့ သွားစဉ်ကလည်း သင်္ဘောပေါ်မှာ မြကြိုးနွယ် သီချင်းကို မောင်းဆိုင်းနဲ့ တီးတယ်လို့ သိရပါတယ်။ ဒါကြောင့် ကိန်းဘရစ်တက္ကသိုလ်မှာ မြန်မာစာပေ၊ သမိုင်းနဲ့ ဥပဒေကထိက လုပ်ခဲ့သလို မြန်မာ အင်္ဂလိပ်အဘိဓာန်ကို လန်ဒန်တက္ကသိုလ်က ပြုစုရာမှာလည်း ပါဝင်ခဲ့ပါတယ်။
နောက် လွတ်လပ်ရေး ရခါနီးမှာ စီမံကိန်းအကြံပေးအဖြစ် မြန်မာပြည် ပြန်လာဖို့ ဗိုလ်ချုပ်အောင်ဆန်း ဖိတ်ကြားချက်ကို လက်ခံပြီး အကြံပေးပါရဂူအဖြစ် ၁ဝ နှစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၉ မှာ နိုင်ငံခြားသားအကြံပေးတွေကို ပြန်ခိုင်းချိန်မှာ သူ့ကို ရက်တိုးပေးခဲ့လို့ ၁၈၆၂ မှ ၁၉၄၁ ထိ မြန်မာပြည်ရဲ့ လူမှုရေးနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုစစ်တမ်းကြီး ကို အပြီးသတ် ပြုစုပေးခဲ့ပါတယ်။ ဒီစစ်တမ်းကို ဝန်ကြီးချုပ် ဦးနု တောင်းပန်မှုနဲ့ ၁၉၅၂ ကတည်းက ပြုစုခဲ့တာ ဖြစ်ပါတယ်။ အခုထိ သူပြုစုခဲ့တဲ့ စာအုပ်တွေကို မြန်မာပြည် စီးပွားရေး နိုင်ငံရေး လေ့လာမှုတွေမှာ အသုံးပြုနေရဆဲ ဖြစ်ပါတယ်။
လူမျိုးစုံ ပေါင်းမကူးတဲ့ လူ့အဖွဲ့အစည်း
ဒီထဲမှာ အထင်ရှားဆုံးက လူမျိုးစုံ ပေါင်းမကူးတဲ့ လူ့အဖွဲ့အစည်း အကြောင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ အိန္ဒိယ၊ တရုတ်နဲ့ တိုင်းရင်းသားဆိုသူတွေအကြား စျေးပြင်ကနားမှာ ထိတွေ့ ဆက်ဆံတာကလွဲပြီး တခြားအဆက်အဆံ မရှိသလောက် နည်းတာ၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်တာနဲ့ မြန်မာနိုင်ငံမှာ သူမြင်တွေ့ခဲ့တဲ့ အိန္ဒိယသားတွေအပေါ် မနှစ်လိုတဲ့သဘောထားတွေကို အခြေခံပြီး ဒီလို လူ့အဖွဲ့အစည်းတွေအကြောင်း သူရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီရေးသားချက်ကြောင့်ပဲ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှဆိုင်ရာ သုတေသနစာပေတွေ ရေးသားကြသူတွေအထဲမှာ သဘောတရားအဆိုတခု တင်ကျန်အောင် ထားခဲ့သူ ဆိုလို့ ရှားရှားပါးပါး ရှိတဲ့ ပညာရှင်တွေထဲမှာ ဖာနီဗယ် ပါဝင်ခဲ့ပါတယ်။ ဖာနီဗယ်အမြင်အရ ဒီလို ပုံမမှန် ဖြစ်နေတဲ့ လူမျိုးစုံ ပေါင်းမကူးတဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာဟာ အနောက်တိုင်းရဲ့ ကျွန်ပြုအုပ်စိုးမှု ရလဒ်တွေ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတွေက အအုပ်စိုးခံတွေဟာ သူတို့ဘဝ သာယာဝပြော ရေးကို သူတို့ဘာသာ ဆောင်ရွက်နိုင်မှ စီးပွားရေး ဖွံ့ဖြိုးမှုလည်း ပေါ်လာနိုင်တယ်လို့ ဖာနီဗယ်က ရေးခဲ့ပါတယ်။ မြန်မာပြည်မှာ ဗြိတိသျှနဲ့ လက်ဝေခံ အိန္ဒိယနဲ့ တရုတ်လုပ်ငန်းရှင်တွေ အုပ်စီးထားမှုကြောင့် မြန်မာလူမျိုး အများစု စီးပွားရေးမှာ အနှိမ်ခံခဲ့ရတာတွေကို သူက အင်ဒိုနီးရှားဖြစ်လာမယ့် ကိုလိုနီတွေမှာ ဒတ်ချ်တွေရဲ့ ကျွန်ပြုမှုနဲ့ နှိုင်းယှဉ်ရေးခဲ့ပါတယ်။
မြန်မာပြည်မှာ အိန္ဒိယက စျေးပေါပေါနဲ့ လာပြီး အလုပ်လုပ်သူတွေကြောင့် မြန်မာတွေ အလုပ်မရတာ၊ အဲဒါရဲ့ နောက်ဆက်တွဲ မြန်မာပိုင်စီးပွားရေး အားနည်းတာနဲ့ အမျိုးသားလှုပ်ရှားမှုတွေ ပြင်းထန်လာတဲ့ အကြောင်းတွေကိုလည်း ဖာနီဗယ် ရေးခဲ့ပါတယ်။ မြန်မာပြည်မှာ လူမျိုးအခြေခံတဲ့ နိုင်ငံရေးရပိုင်ခွင့်တွေကြောင့် နိုင်ငံရေးမှာ ကွဲပြား အားပြိုင်တာတွေ ဖြစ်နေတာ၊ မြန်မာနိုင်ငံရေးသမားတွေ အာဏာရဖို့ လူနည်းစု လူချမ်းသာတွေနဲ့ ဗြိတိသျှအစိုးရအပေါ် မှီခိုနေရတာတွေ ကိုလည်း ဖာနီဗယ် ထောက်ပြခဲ့ပါတယ်။ ဒီအတွက် မြန်မာပြည် အုပ်ချုပ်ရေးမှာ စျေးကွက်ကို အရေးပေးလွန်းတဲ့ ဗြိတိသျှ အစိုးရရဲ့ မူတွေကို ဖာနီဗယ်က ဝေဖန်ခဲ့သလို မြန်မာတွေ လွတ်လပ်ရေးရဖို့အတွက် အသိပညာရှိမှ ဖြစ်မယ် ဆိုတဲ့ အမြင်ကိုလည်း သူက တစိုက်မတ်မတ် လှုံ့ဆော်နေခဲ့ပါတယ်။
နောက် ကိုလိုနီခေတ် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်မှုတွေကနေ တိုးတက်အောင် ဗြိတိသျှ အစိုးရက ကြိုးစားပေးခဲ့တယ် ဆိုပေမယ့် မြန်မာအမျိုးသားရေး ဝါဒနဲ့ လူမျိုးခြား လွှမ်းမိုးတဲ့ အနောက်တိုင်း အရင်းရှင်စနစ် ပဋိပက္ခ ဖြစ်လာပြီး အဲဒီကနေ လူမှု မတည်မငြိမ် ဖြစ်လာတယ်လို့ ဖာနီဗယ်က သုံးသပ်ပါတယ်။ ၁၉ဝ၄ စစ်ပွဲမှာ ဂျပန်က ရုရှားကို နိုင်ချိန်မှာတော့ မြန်မာတွေဟာ အနောက်တိုင်းပညာကို သုံးပြီး အမျိုးသားရေး လှုပ်ရှား လာကြတယ်လို့လည်း ဖာနီဗယ်က ဆိုပါတယ်။ ဒါပေမဲ့ အနောက်တိုင်းပညာရေးရဲ့ အခြေခံဖြစ်တဲ့ စည်းကမ်းသေဝပ်မှုကို မရယူတဲ့အပြင် နိုင်ငံရေးနဲ့ ဘာသာရေး ရောယှက်ခဲ့တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။ ဥပဒေအောက်မှာ ခြင်္သေ့နဲ့ နွားကို တန်းတူထားခဲ့လို့ ဒီလိုကမောက်ကမဖြစ်ကုန်တာလို့လည်း ဆိုပါတယ်။
ဖာနီဗယ်ကို မြန်မာအမျိုးသားရေးသမားတွေကို ထောက်ခံသူ၊ ကရင်၊ အိန္ဒိယနဲ့ တခြား လူမျိုးငယ်တွေကို အားမပေးသူအဖြစ်လည်း ရှုမြင်သူတွေ ရှိပါတယ်။ ဒီထဲမှာ ယဉ်ကျေးမှု အမျိုးသားရေးဝါဒကို ပုံဖော်ခြင်း ဆိုပြီး သုတေသနအသင်း ရဲ့ ပထမ ၂၅ နှစ်အကြောင်း ရေးတဲ့ ကားရိုးလ်အန်းဘိုရှီယာလည်း ပါဝင်ပါတယ်။ ဒီလို ဖာနီဗယ်နဲ့ ခေတ်ပြိုင် မြန်မာလူကြီးတွေရဲ့ မြန်မာဗဟိုပြု အမြင်ကြောင့် နိုင်ငံစည်းလုံးရေးမှာ ထိခိုက်ခဲ့တယ်လို့ ယူဆကြသလို မြန်မာလူများစုရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအင်အားကို ဗြိတိသျှအစိုးရ ဖိနှိပ်ထားခဲ့လို့ မြန်မာအမျိုးသားရေးဝါဒ ပိုပြီး အစွန်းရောက်ခဲ့တယ်လို့ သုံးသပ်သူတွေလည်း ရှိကြပါတယ်။
ဖာနီဗယ်ရဲ့အမြင်တွေကို ကိုလိုနီဆန်တယ်လို့ ဝေဖန်သူတွေ ရှိပေမယ့် သူ့ကိုယ်တွေ့သုံးသပ်ချက်တွေ ဖြစ်လို့ ဆင်ခြင်လေ့လာသင့်တဲ့ ရေးသားချက်တွေ ဖြစ်ပါတယ်။