မြောက်ဦး ယူနက်စကိုနဲ့ အလှမ်းဝေးနေဦးမလား

ရခိုင်ရှေးဟောင်းသမိုင်းဝင်မြို့တော်ဟောင်းတစ်ခုဖြစ်တဲ့ မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရဖို့ အစိုးရ၊ ဌာနဆိုင်ရာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်နေကြပါတယ်။

မြောက်ဦးဟာ ရခိုင်သမိုင်းရဲ့နောက်ဆုံး မင်းနေပြည်တော်မြို့ဖြစ်ပြီး ဘုရင် ၄၈ ဆက် ထီးနန်းစိုးစံခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

ဘုရင်မင်းဆက် အများအပြားစိုးစံခံတဲ့ ထီးနန်းစိုက်ရာမြို့ဖြစ်တဲ့အတွက် မြောက်ဦးဟာ နန်းတော်ရာကုန်း၊ မြို့ရိုးတံတိုင်းတွေ၊ ခံတပ်တွေ၊ ကျုံးတွေအပြင် ဘုရင်တွေ တည်ထားကိုးကွယ်ခဲ့တဲ့ ဘာသာရေးအဆောက်အအုံတွေ၊ စေတီပုထိုးတွေလည်း အမြောက်အမြားတည်ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

အရှေ့ဘက်မှာ လေးမြို့မြစ်လို့ခေါ်တဲ့ (အဥ္စနနဒီ)ရှိပြီး အနောက်ဘက်မှာ ကုလားတန်မြစ်လို့ခေါ်တဲ့ (ကစ္ဆပနဒီ) စီးဆင်း လျက်ရှိကာ တခြားချောင်းငယ်ပေါင်းများစွာတို့ဟာလည်း မြို့ဧရိယာအတွင်းမှာ ဖြတ်သန်းစီးဆင်း နေကြသလို တောင်တန်းတွေ ပတ်လည်ဝိုင်းရံထားတဲ့မြို့ ဖြစ်ပါတယ်။

မြောက်ဦးဟာ ရှေးဘုရင်တွေ စစ်ရေးမဟာဗျူဟာအရ တည်ဆောက်ခဲ့ကြတဲ့ မြို့တော်ဟောင်းတစ်ခုဖြစ်တဲ့အတွက် ကျုံးတွေ၊ တံတိုင်းတွေ၊ ခံတပ်တွေစတဲ့ စစ်ရေးအတွက်အသုံးပြုတဲ့ အစီအမံတွေကိုလည်း တခြားမြို့တော်ဟောင်းတွေမှာထက် အများအပြားတည်ရှိနေတာကို တွေ့ရပါတယ်။

မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကို အသိအမှတ်ပြုခံရဖို့ ဆေင်ရွက်ရာမှာ မြောက်ဦးမှာရှိတဲ့ အမွေအနှစ်အားလုံး စာရင်းဝင်ဖို့မဟုတ်ပါဘူး။

အမွေအနှစ်ပေါင်းများစွာတွေထဲက ရှေးဘုရင်တွေ ရေနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်ခဲ့ကြတဲ့ (Water Management Plan) အစိတ်အပိုင်းနဲ့ နန်းတော်ရာကုန်း၊ မြို့ရိုးတံတိုင်း၊ ကျုံး၊ ညီလာခံသဘင်ကျင်းပခဲ့တဲ့နေရာတွေ၊ စပါးကျီတွေ အပါအဝင် အမွေအနှစ် ၂၇ ခုကို တင်သွင်းဖို့ အဓိကဆောင်ရွက် နေကြတာပါ။

Water Management Plan ကတော့ ကျုံးတွေ၊ မြောင်းတွေ၊ ဆည်တွေ၊ ရေတံခါးတွေကို စစ်ရေးအတွက် အသုံးပြုတဲ့ အခါမှာ ရေတွေကို ဘယ်လိုစီမံ ခန့်ခွဲခဲ့သလဲ၊ ရှေးဘုရင်တွေရဲ့ ရေနဲ့ပတ်သက်ပြီး စီမံအုပ်ချုပ်မှု၊ နိုင်နိုင်နင်းနင်း အသုံးချမှုတွေကို ထူးခြားတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆောင်ရွက်နေကြတာပါ။

လူနဲ့သဘာဝကြောင့် ပျက်စီးမှုတွေ

မြောက်ဦးမှာတည်ရှိတဲ့ အမွေအနှစ်တွေဟာ ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးသလို သဘာဝကြောင့်တစ်မျိုး၊ လူတွေကြောင့် တစ်ဖုံ ပျက်စီးနေပါတယ်။ ဒါတွေကိုထိန်းသိမ်းကာကွယ်မှုပြုလုပ်နိုင်ဖို့အတွက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကိုအသိအမှတ်ပြုခံရဖို့ လိုအပ်လာခဲ့ပါတယ်။

ဒါ့ကြောင့် ရှေးဟောင်းသုတေသနဌာနနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး စတင်ဆောင်ရွက် ခဲ့ကြတာပါ။ အဲ့ဒီလုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သမိုင်းအထောက်အထား ရှာဖွေရေး ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ ဒေါ်ခင်သန်းက ပြောပါတယ်။

စတင်ဆောင်ရွက်ကြတဲ့အခါမှာ ဒေသတွင်း တည်ငြိမ်မှုတွေ ရှိနေတဲ့အတွက် ကွင်းဆင်းလေ့လာမှုတွေ၊ စစ်တမ်းကောက်ယူတာတွေကို ကောင်းကောင်းမွန်မွန်နဲ့ အနှောင့်အယှက်မရှိ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ရှေးဟောင်းသုတေသနဌာန မြောက်ဦးဌာနခွဲမှာ ဝန်ထမ်းအင်အားနည်းပါးတဲ့အတွက် စစ်တမ်းကောက်ယူမှုအပြည့်အဝမလုပ်နိုင်တာတွေ၊ မြောက်ဦးနဲ့ပတ်သက်လို့ ကျွမ်းကျင်မှု မရှိတာ၊ လုပ်ငန်းစဉ်တွေအတွက် ဘတ်ဂျက်ငွေနည်းပါးတာတွေကြောင့် အခက်အခဲတချို့ရှိခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုတာတွေလည်း ရှိပါတယ်။

ယူနက်စကိုက ပညာရှင်အဖွဲ့တွေလည်းမြောက်ဦးကို ရောက်ရှိလာခဲ့ပြီး လေ့လာဆန်းစစ်မှုတွပြုလုပ်ကာ ကြိုတင်ပြင် ဆင်ခြင်းတွေနဲ့ ဆောင်ရွက်ရမယ့်အခြေအနေတွေကို အကြံပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ သျှစ်သောင်းပုထိုးတော်ကြီးအတွင်းမှာရှိတဲ့ အာနန္ဒစန္ဒြကျောက်စာကို အစိုးရက Memory of the World အနေနဲ့ အဆိုပြုလွှာတင်သွင်းခဲ့တာကြောင့် လက်ရှိမှာ အဲ့ဒီကျောက်စာကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

အဆိုပြုလွှာတင်သွင်း

ယူနက်စကိုအဖွဲ့ရဲ့ အရှေ့တောင်အာရှတာဝန်ခံ၊ ဘန်ကောက်တာဝန်ခံနဲ့ မြန်မာနိုင်ငံတာဝန်ခံတို့ ပါဝင်တဲ့အဖွဲ့ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြောက်ဦးမြို့ကို ရောက်ရှိလာခဲ့ပြီး ကနဦးလေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအဖွဲ့လာရောက် လေ့လာတာဟာ မြောက်ဦးကို ယူနက်စကိုက လက်ခံနိုင်ခြင်းရှိမရှိ အဆုံးအဖြတ်ပေးဖို့အတွက် လာရောက်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် နှစ်စပိုင်းဟာ မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဝင်ဖို့ စတင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မြို့တည်ဆောက်ပုံ၊ ယဉ်ကျေးမှုအမွေအနှစ်စတဲ့ မြောက်ဦးနဲ့ ပတ်သက်တဲ့ သမိုင်းအထောက်အထား ရှာဖွေမှုတွေကိုလည်း ၂၀၁၇ ခုနှစ်ပဲ စတင်ဆောင်ရွက်ခဲ့ကြပါတယ်။

သမိုင်းအထောက်အထားရှာဖွေရေးအဖွဲ့က ရရှိလာခဲ့တဲ့ အထောက်အထားတွေကို အဆိုပြုလွှာ ရေးဆွဲကြရမှာဖြစ်ပြီး အဲ့ဒီအဆိုပြုလွှာကို နှစ်နှစ်အတွင်း တင်သွင်းနိုင်ဖို့ ရည်မှန်းထားခဲ့ကြပါတယ်။ အဆိုပြုလွှာ ရေးသားရာမှာလည်း စနစ်တကျဖြစ်စေဖို့အတွက် နိုင်ငံခြားက ကျွမ်းကျင်တဲ့ပညာရှင်တွေကို ငှားရမ်းပြီး ရေးဆွဲခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရည်မှန်းထားတဲ့အတိုင်း ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှာ ပထမအကြိမ်အဆိုပြုလွှာ လေးစောင်ကို တင်သွင်းနိုင် ခဲ့ပါတယ်။

၂၀၂၀ ဇန်နဝါရီမှာတော့ နောက်ဆုံးအဆိုပြုလွှာကို တင်သွင်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ကြောင့် ရှေ့ဆက်လုပ်ဆောင်ရမယ့်အပိုင်းတွေနဲ့ ပတ်သက်ပြီး ဌာနတွင်းမှာပဲ လုပ်ကိုင်နေကြသလို အသိပေးဆွေးနွေးတာတွေ မရှိတဲ့အတွက် ဘယ်လိုအနေအထားရောက် နေပြီဆိုတာ မသိရဘူးလို့ သမိုင်းအထောက်အထားရှာဖွေရေး ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။

ကပ်ဘေးကြောင့် လုပ်ငန်းစဉ်တွေရပ်ဆိုင်း

အဆိုပြုလွှာရေးဆွေးနိုင်ရေးအတွက် ကွင်းဆင်းလေ့လာမှုတွေပြုလုပ်ပြီး အထောက်အထားတွေ ရှာဖွေနေကြရတဲ့အချိန် ၂၀၁၈ ခုနှစ်အကုန်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပြီး မကြာခင်မှာ မြောက်ဦးယဉ်ကျေးမှုနယ်မြေဟာ စစ်မြေပြင် ဖြစ်လာခဲ့တာပါ။

စစ်ပွဲတွေအတွင်း ပစ်ခတ်လိုက်တဲ့လက်နကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နာမည်ကြီးပုထိုးတွေအနီးဝန်းကျင် နဲ့ ဆင်းတုတော်တချို့တို့မှာလည်း ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ မြောက်ဦးမြို့အရှေ့ဘက်နဲ့ အရှေ့မြောက်ဘက် နေရာတွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှု အများဆုံးနေရာတွေ ဖြစ်တဲ့အတွက် တောတောင်တွေထဲမှာ ရှိနေတဲ့ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လောက်ထိ ပျက်စီးခဲ့ရတယ်ဆိုတာကို ဒီနေ့အထိ စစ်တမ်းကောက်ယူမှုတွေ မလုပ်နိုင်သေးပါဘူး။

တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနေသလို ယူနက်စကို ဝင်ရောက်ရေး ဆောင်ရွက်မှုတွေကိုလည်း ဆက်လက်ကြိုးစားဖို့မရတော့တဲ့အတွက် စိတ်မကောင်းဖြစ်နေရတယ်လို့ မြောက်ဦးမြို့ခံ ဦးဘညွန့်က ပြောပါတယ်။

စစ်ပွဲတွေကြောင့် သမိုင်းအမွေအနှစ်တွေ ပျက်စီးခဲ့ရသလို နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြသူတွေလည်း ရှေးဟောင်းနယ်မြေ တွေအတွင်းမှာ နေထိုင်နေကြပြီး တပ်မတော်တပ်စခန်းတွေကလည်း တည်ရှိနေတာကြောင့် ကြိုးစားခဲ့သမျှတွေဟာ ဖျက်ဆီးခြင်း၊ ပျက်စီးခြင်းတွေနဲ့ ကြုံနေရပြီး ဒါတွေအားလုံးဟာ စစ်ရဲ့အကျိုးဆက်တွေကြောင့်ဖြစ်တယ်လို့ ဒေါ်ခင်သန်းက ထောက်ပြပြောဆိုပါတယ်။

မြောက်ဦးနဲ့ပတ်သက်တဲ့ ပထမအဆိုပြုလွှာကို ၂၀၁၉ မှာ တင်သွင်းနိုင်ခဲ့တဲ့အတွက် ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ World Heritage ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့က လာရောက်စစ်ဆေးမှုပြုလုပ်မှာဖြစ်ပေမယ့် ဒေသတွင်းမတည်မငြိမ်မှုတွေ ကြောင့် လာရောက်စစ်ဆေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အခု ၂၀၂၁ ခုနှစ် မတ်-ဧပြီလောက်မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံကျင်းပဖို့ရှိပြီး အဲ့ဒီညီလာခံက မြောက်ဦးကို လက်ခံသင့်မခံသင့် ဆုံးဖြတ်ချက်ချသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသအခြေအနေတွေကြောင့် သတ်မှတ်ထားတဲ့လုပ်ငန်းစဉ် တွေကို ပြည့်ပြည့်ဝဝမလုပ်နိုင်ခဲ့တာကြောင့် မြောက်ဦးဟာ အသိအမှတ်ပြုခံရဖို့ မမှန်းဆနိုင်သေးပါဘူး။