ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဃဒေဝလင်္ကာသစ်နဲ့ မယ်မြ၊ မြန်မာစာပေထဲက လိင်နဲ့ လူမျိုးဘာသာအရ ခွဲခြားမှုများ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
နှုတ်တရာစာတလုံး၊ စာတလုံး ဘုရားတဆူ ၊ အလိမ္မာ စာမှာရှိ စတဲ့ မြန်မာ စကားပုံ ဆိုရိုးတွေအရ စာပေဟာ မြန်မာ့ယဉ်ကျေးမှုမှာ အရေးထားခံရတဲ့ ကဏ္ဍတရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစာပေကိုယ်နှိုက်က တခြား ဂီတရုပ်ရှင် ပန်းချီစတဲ့ မြန်မာအနုပညာ တွေလိုပဲ မြန်မာတွေရဲ့ နေ့စဉ်လူမှုဘဝ အတွေးအခေါ်တွေကို ထင်ဟပ်တာ ဖြစ်တဲ့အတွက် ကောင်းကွက် ဆိုးကွက်တွေလည်း ရှိနိုင်ပါတယ်။
ရာစုတဝက် တံခါးပိတ်
မြန်မာနိုင်ငံဟာ အနှစ် (၅ဝ) နီးပါး ဒီမိုကရေစီတံခါးပိတ်နေခဲ့ပြီးနောက် ကမ္ဘာနဲ့ ပြန်ထိတွေ့မိချိန်မှာ ယဉ်ကျေးမှုသွေးလန့်ခြင်းလို့ ခေါ်တဲ့ အတွင်း အပြင် စံနှုန်း ကွဲပြားမှု တွေနဲ့ ကြုံတွေ့ရပါတယ်။ အထူးသဖြင့် လစ်ဘရယ် ဒီမိုကရေစီ သဘောတရားနဲ့ အနှစ် တရာကျော် အခြေကျနေတဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ ညှိနှိုင်းရခက်တဲ့ အမြင်အတွေးတွေ ရှိလာခဲ့ပါတယ်။ ဒီထဲက ကောက်နုတ်ပြရရင် အနောက်တိုင်းမှာ အရေးတကြီး ထားတဲ့ လူနည်းစုအခွင့်အရေး၊ ဘာသာရေး၊ လူမျိုးရေးနဲ့ ကျားမ တန်းတူရေး ဆိုင်ရာ လောကအမြင်တွေမှာ မြန်မာက အနောက်နဲ့သာမက ဘေးပတ်ဝန်းကျင်က နိုင်ငံတွေနဲ့ပါ မတူ ကွဲပြား ပြတ်ကျန်နေတာကို တွေ့နိုင်ပါတယ်။
တခါ (၁၉) ရာစုကုန် (၂ဝ) ရာစုဦးလောက်က ကမ္ဘာမှာ လက်ခံခဲ့တဲ့ လူမျိုးသန့်စင်ရေးနဲ့ ခွဲခြားရေးလို ဟောင်းနွမ်းပြီး ဘေးဥပဒ်ပေးနိုင်တဲ့ အတွေးအခေါ် အယူအဆတွေကို မြန်မာ့လူ့အဖွဲ့အစည်းက တချို့နေရာတွေမှာ ဖက်တွယ်ထားဆဲ ဖြစ်တာကိုလည်း တွေ့နိုင် ပါတယ်။ နောက် အစ္စလာမ်နဲ့ ခရစ်ယာန် ဆန့်ကျင်ရေးလို နိုင်ငံအများစုမှာ လက်မခံနိုင်တဲ့ အမူအကျင့်တွေလည်း မပျောက်သေးတဲ့အတွက် ဒီနှစ်အတွက် အမေရိကန်ရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာကို တရုတ်၊ အိန္ဒိယ၊ ဆော်ဒီ၊ မြောက်ကိုရီးယား၊ အီရန်၊ ရုရှား စတဲ့ နိုင်ငံတွေနဲ့အတူ အထူးစိုးရိမ်စရာကောင်းတဲ့ နိုင်ငံ တွေ စာရင်းမှာ ထည့်ထားတာကိုလည်း တွေ့နိုင်ပါတယ်။
ခွဲခြားမှု လက္ခဏာများ
မြန်မာနိုင်ငံရဲ့ အစဉ်အလာယုံကြည်ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုပိုင်းတွေမှာ အိမ်နီးချင်း အိန္ဒိယတိုက်ငယ်ဘက်က လာတဲ့ ဘာသာရေးအတွေးအခေါ် သဘောတရားတွေ ကြီးစိုး တာကို တွေ့ရပါတယ်။ အနှစ်တထောင်ကျော် စိမ့်ဝင်လာခဲ့တဲ့ ဒီအယူအဆတွေကြောင့် မြန်မာပြည်မပိုင်းမှာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာအယူအဆ နီတိနဲ့ တခြား အဆုံးအမ သဘောတရားတွေပါတဲ့ စာပေကျမ်းဂန်တွေ ခေတ်စားခဲ့ ခေတ်စားဆဲ ဖြစ်ပါတယ်။ ဒီစာပေတွေရဲ့ဂယက်က ဘာသာရေးမဟုတ်တဲ့ စာပေတွေမှာလည်း ရိုက်ခတ်ပြီး ရှေးဟောင်း ပဒေသရာဇ်ခေတ်က အစွဲအလမ်းတွေ ကျန်နေတာကို တွေ့ရပါတယ်။
ဒီထဲမှာ ကိုယ်နဲ့ ကိုးကွယ်ရာ မတူသူတွေကို ဒိဋ္ဌိဆိုပြီး ခွဲခြားမှု၊ အမျိုးသမီးနဲ့ လိင်တူချစ်သူတွေကို အမျိုးသားကြီးစိုးရေးအမြင် ဘာသာရေးအမြင်တွေနဲ့ ဖိနှိပ်မှု၊ မြန်မာမဟုတ်တဲ့ လူနည်းစုတွေ၊ နိုင်ငံခြားသားတွေအပေါ် ခွဲခြားမှု၊ ဒေသနဲ့ စကားပြောပုံ အလိုက် လူ့အလွှာအလိုက် ခွဲခြားမှုတွေ ပါသလို မသန်စွမ်းတွေအပေါ် နှိမ့်ချမှုတွေလည်း ပါပါတယ်။ ဒီလို ခွဲခြားမှု တွေကို ခေတ်မီနိုင်ငံတွေမှာ လူ့ယဥ်ကျေးမှုနဲ့ မညီတဲ့ အပြုအမူတွေ အဖြစ် သတ်မှတ်ပြီး ထိရောက်တဲ့ ပြစ်ဒဏ် တွေလည်း ပေးပါတယ်။ ဒီမိုကရေစီကို မြေစမ်း ခရမ်းပျိုးနေတဲ့ မြန်မာပြည်မှာတော့ ခုချိန်ထိ ဘာသာရေးလူမျိုးရေး စွက်ဖက်မှုကင်းတဲ့၊ ကျားမတန်းတူတဲ့ နိုင်ငံစနစ်ကို သွားနိုင်ဖို့ အတော် အလှမ်းဝေး သေးတာကို တွေ့ရပါတယ်။
ဂန္ထဝင်အမှိုက်
ကိုဗစ် ၁၉ ကပ်ဘေးအတွင်း ကမ္ဘာတစ်ဝန်းက သန်းရာနဲ့ချီတဲ့လူတွေ နေအိမ်တွေမှာ ပိတ်မိနေကြပြီး ဒစ္စနီနဲ့ တခြား ခေတ်ဟောင်းရုပ်ရှင်တွေ ပြန်ကြည့်ရတဲ့ အချိန်ကို ရောက်ခဲ့ ပါတယ်။ ဒီဂန္ထဝင်ဆိုတဲ့ ရုပ်ရှင်တွေမှာ လွန်ခဲ့တဲ့ အနှစ် (၅ဝ) ဟိုဘက်က ခွဲခြားရေး အမြင်တွေ၊ ကလေးနဲ့ လူငယ်တွေ ကြည့်ဖို့ မသင့်တော်တဲ့ ပြကွက် အပြောအဆို တွေပါလာတဲ့အတွက် ကန့်ကွက်ဝေဖန်သံတွေ ထွက်လာပြီးနောက် လေရူးသုန်သုန်နဲ့ ကာတွန်းကားတချို့ကို မီဒီယာတွေပေါ်က ဖြုတ်ချဆိုင်းငံ့တာတွေ ဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာလည်း တောင်ပေါ်လူမျိုးစုနဲ့ ဘာသာမတူသူတွေ၊ အမျိုးသမီးနဲ့ လိင်မှု ခံယူချက် ကွဲသူတွေအပေါ် ရုပ်ရှင်နယ်မှာ ပုံဖော်မှုတွေနဲ့ ပတ်သက်ပြီး တုန်ခြင်းမှုန်ခြင်း သည်းခံပါလို အစီရင်ခံစာနဲ့ စာတမ်းတွေ မကြာခင်နှစ်ပိုင်းက ပေါ်ထွက်ခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ ရေသောက်မြစ် ဖြစ်တဲ့ စာပေနဲ့ ဂီတနယ်က ခွဲခြားသရုပ်ဖော်မှုတွေအကြောင်း ကျယ်ကျယ် ပြန့်ပြန့် ရေးတာတွေ မရှိသေးပေမယ့်လည်း မြန်မာ့လူ့အဖွဲ့အစည်းကို ရောင်ပြန်ဟပ်တဲ့ လူမှုကွန်ရက်တွေပေါ်မှာ အမုန်းစကားနဲ့ ခွဲခြားမှုတွေ တောထနေတဲ့အတွက် နိုင်ငံတကာ က စောင့်ကြည့် သတိထားနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါကြောင့် စာပေနဲ့ ယဉ်ကျေးမှုဘက်က ခွဲခြားရေးသားမှုတွေကို ထောက်ပြ လေ့လာတာတွေ လုပ်ပြီး ပညာရေးနဲ့ ယဉ်ကျေးမှုပိုင်းမှာ ခေတ်မီအောင် ပြုပြင်ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒါမှ နိုင်ငံတကာရဲ့ ဝေဖန်အပြစ်ဆိုသံတွေ လျော့ကျ သွားမှာပါ။ ဒီလို ကမ္ဘာနဲ့ အမြင်နီးစပ်မှလည်း နိုင်ငံတကာ စီးပွားရေး ဖွံ့ဖြိုးရေးလှိုင်းတွေမှာ လိုက်ပါနိုင်မှာ ဖြစ်ပါ တယ်။
တောင်အာရှသားတို့အတွက် အမည်
ဒီနှစ်အတွင်း တောင်အာရှနွယ်ဖွားတချို့ရဲ့ သူတို့ကို ကုလားဆိုတဲ့ မယဉ်ကျေးတဲ့ အသုံးအနှုန်းနဲ့ မခေါ်ဆိုဖို့ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခု အင်တာနက်မှာ ပေါ်လာခဲ့ပါတယ်။ ဒါကို ဆန့်ကျင်သူတွေကလည်း ဒီစကားဟာ ရှေးအစဉ်အဆက်က ခေါ်လာတာဖြစ်ပြီး ရိုင်းစိုင်းတဲ့ သဘော နဂိုဆိုလိုရင်းမှာ မရှိကြောင်း သက်သေတွေနဲ့ ပြောကြပါတယ်။
ဒါပေမဲ့ လူတမျိုးက မကြိုက်တဲ့ အမည်ကို အလေးမထားဘဲ ဆက်ခေါ်တာဟာ ဆက်ပြီး နှိမ့်ချဖိနှိပ်တဲ့ သဘောဆောင်တယ်ဆိုပြီး မစ်ရှီဂန် တက္ကသိုလ်က လူမှုယဉ်ကျေးမှု မနုဿဗေဒပါရဂူကျမ်းပြုနေသူ မက်သယူး ရှစ်စလာက ပြောပါတယ်။ ၁၉၅ဝ ပဉ္စရူပံဦးခတို့ ခေတ်ကတည်းက ဒီလိုမခေါ်ဖို့ တောင်းဆိုမှုတွေ ရှိနေခဲ့ပြီး ဒါကို လျစ်လျူပြု ထားခဲ့ကြ တယ်လို့လည်း ဗမာနှင့်မွတ်စလင် လူမျိုးဘာသာ ပြဿနာ စာအုပ်ကို ကိုးကားပြီး သူက ဆိုပါတယ်။
မြန်မာပြည်မှာ လူတမျိုးမကြိုက်တဲ့ အမည်ကို မခေါ်ဖို့ အစိုးရအမိန့်နဲ့ တားမြစ်ခဲ့တာတွေ အရင်ကလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် မွန်လူမျိုးတွေ မကြိုက်တဲ့ တလိုင်းအခေါ်အဝေါ်ကို ပိတ်ပင်ခဲ့သလို ကရင်ကို ကော်သူးလေပြည်နယ်ဆိုပြီး ပြောင်းပေးတာမျိုးလည်း ရှိခဲ့ပါ တယ်။ နောက် လူမျိုးစု ချစ်ကြည်ရေးကို ထိခိုက်တဲ့ ချင်းဖဝေး၊ နန်းရွှေကျင်၊ ရှင်မွန်လှ စတဲ့ ထိုးဇာတ်နဲ့ ရုပ်ရှင်တွေကို မကဖို့ မပြဖို့ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရတွေက တားမြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ တောင်အာရှနွယ်ဖွားတွေ မနှစ်မြို့တဲ့ ကုလားအသုံးအနှုန်းကို မြန်မာစာပေမှာ ရံဖန်ရံခါ တွေ့နေရဆဲ ဖြစ်ပြီး ကန့်ကွက်တားဆီးမှုလည်း ထင်ထင်ရှားရှား မရှိသေးပါဘူး။ ကိုလိုနီခေတ်နဲ့ စစ်ပြီးခေတ်ကာလကို ဖြတ်သန်းခဲ့တဲ့ မြန်မာ စာရေးဆရာနဲ့ ပညာတတ် တော်တော်များများက ဒီစကားလုံးကို ရှက်စဖွယ်မသုံးသင့်တဲ့ စကားလုံးလို့ မယူဆဘဲ တွင်တွင်ကြီး သုံးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ၂ဝ၁၂ က ရခိုင်မှာ စဖြစ်တဲ့ ဘာသာရေး လူမျိုးရေး အဓိကရုဏ်း တွေ နောက်ပိုင်း ဒီစကားလုံးကို ခွဲခြားမှုသဘော ပိုသုံး လာကြတဲ့ အတွက် မသုံးဖို့ လူမှုကွန်ရက်တွေမှာ ပိတ်ပင်အောင် ကြိုးစားတာတွေ ရှိလာခဲ့ပါတယ်။
ဒီလို စကားလုံးအရ သုံးနှုန်းမှုအပြင် တောင်အာရှနွယ်ဖွားတွေကို နှိမ့်ချရေးသား တာတွေလည်း မြန်မာစာပေမှာ တပုံတခေါင်း တွေ့နိုင်ပါတယ်။ လွတ်လပ်ရေးရစက နာမည်ကြီး စာရေးဆရာမ ဂျာနယ်ကျော်မမလေးရဲ့ စာတွေမှာ ဒီလိုခွဲခြား တာတွေ ပါတယ်ဆိုပြီး မြောက်အီလီနွိုင်း တက္ကသိုလ်က ကမ္ဘာ့ဘာသာစကားနဲ့ ယဉ်ကျေးမှု ဌာန တွဲဘက် ပါမောက္ခ သရဖီသန်းက ခေတ်သစ် မြန်မာအမျိုးသမီး စာအုပ်မှာ ထောက်ပြ ပါတယ်။ အားမကျပေါင်ရှင် ဆိုတဲ့ ဒေါ်မမလေးရဲ့ ဝတ္ထုတိုတပုဒ်မှာ အိန္ဒိယအမျိုးသား ခြံအလုပ်သမားနဲ့ ယူတဲ့ မြန်မာ အမျိုးသမီးတယောက်အကြောင်း ရေးဖွဲ့ထားပြီး ဒီလိုယူလို့ သက်တောင့်သက်သာ နေမယ့်အစား အငတ်ခံမယ် ဆိုတဲ့ သဘောမျိုး ရေးဖွဲ့ပါတယ်။ နောက် အိန္ဒိယအမျိုးသား အုပ်စု မတရားကျင့်ကြံခံရပြီး သတ်သေသွားတဲ့ ဆင်းရဲသား အမျိုးသမီး တယောက် အကြောင်းမျိုးလည်း သည်မိုး ဆိုပြီး ဒေါ်မမလေး စာဖွဲ့ခဲ့ပါတယ်။
တရုတ်ကြောက်ရောဂါ
၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံအထက်ပိုင်းမှာ တရုတ်လွှမ်းမိုးမှုများလာတယ်ဆိုပြီး မန္တလေးဘက်က စာရေးဆရာတွေက ဝသုန္ဒြေလက်ရေး၊ စပါးကြီးမြွေစတဲ့ ဝတ္ထုတိုတွေ ရေးသားလာကြပါတယ်။ အရှေ့မြောက်နယ်စပ်နဲ့ လားရှိုးဘက်က တရုတ်၊ ရှမ်းတရုတ် စတဲ့ လူမျိုးစုတွေ ရွှေ့ပြောင်းဝင်လာရာမှာ နယ်ခံတွေနဲ့ သဟဇာတမဖြစ်တာကို ရေးဖွဲ့တဲ့ မိုးမိုးအင်းလျားရဲ့ စိုးကြောက်ပါသည်၊ သိုက်ထွန်းသက်ရဲ့ ရွေ့လျားနံရံ ဝတ္ထုတိုတွေနဲ့ လူထုဒေါ်အမာရဲ့ တိုက်ဈေးမြေဈေးကောင်းလွန်းလို့ လိုဆောင်းပါးတွေ ပေါ်ထွက် လာပါတယ်။ စီးပွားရေး မကောင်းလို့ အိမ်ကို ဘယ်လူမျိုးရောင်းမလဲ ဆိုတာ ဒီစာတွေမှာ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာဖြစ်ပြီး ဖိုးသူတော် မျက်စိလည်လေ အီကြာကွေး ရလေ ဆိုတဲ့ အသုံးအနှုန်းမျိုးတွေ ပါပါတယ်။ အသားဝါ၊ မျက်လုံးမှေး စတဲ့ လူသွင်ပြင်ပုံစံကို ဖော်ပြတဲ့ လူမျိုးရေး ပုံဖော်မှုတွေကိုလည်း မြန်မာစာပေမှာ ပိုတွေ့လာရပါတယ်။
တကယ်တော့ တရုတ်ကို ဦးတည်တိုက်ခိုက်တာကို အထက်ပိုင်း စာရေးဆရာ တွေထက် အမေရိကန် ပြန်ကြားရေးနဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက ၁၉၅ဝ-၆ဝ ပြည့်လွန်နှစ်တွေမှာ အကြီးအကျယ် ဆောင်ရွက်ခဲ့ပါတယ်။ အမေရိကန်က တရုတ်ကွန်မြူနစ်ကို ပိတ်ဆို့ရေးနဲ့ မြန်မာပြည် ကွန်မြူနစ် မဖြစ်ရေးအတွက် ဝါဒဖြန့်တာ ဖြစ်သလို ဗိုလ်ချုပ်ကြီးနေဝင်း ကလည်း ယဉ်ကျေးမှုတော်လှန်ရေး မြန်မာပြည်ဘက် ဝင်မလာရေးအတွက် ကျားကန် တာလို့ ဆိုပါတယ်။ ဆန်ပြတ်လို့ လူတွေကို တရုတ်ဘက်လှည့်တာလို့လည်း ပြောပါတယ်။ဒီအတွက် ၁၉၆၇ မှာ တရုတ်-ဗမာအရေးအခင်း ဖြစ်ပြီး အရှေ့မြောက်ဒေသမှာ တရုတ်တပ်တွေ အခြေချဝင်တာတွေ ဖြစ်ခဲ့ပါတယ်။
၂ဝ၁၂ နောက်ပိုင်းမှာတော့ မြစ်ဆုံကိစ္စအကြောင်းပြုပြီး တရုတ်နိုင်ငံနဲ့ လူမျိုးတွေကို တိုက်ခိုက်တဲ့ အရေးအသားတွေ မီဒီယာတော်တော်များများမှာ ပလူပျံပေါ် ထွက်လာ ခဲ့ပါတယ်။ တရုတ်ဘက်က မြန်မာဘက်ကို ပြန်လည်ဝါဒဖြန့်တဲ့ အရေးအသားတွေလည်း ရှိလာသလို နယ်စပ် အရောင်းအဝယ် ချိန်ခွင်လျှာမညီတာ၊ လူမှောင်ခိုပြဿနာ၊ သယံဇာတထုတ်ယူတာ၊ လူမျိုးစုလက်နက်ကိုင်တွေ အရေး စတာတွေနဲ့ ပတ်သက်ပြီး တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဝိရောဓိတွေ ပိုများလာတာကိုလည်း တွေ့ရပါတယ်။ နောက် မြန်မာနိုင်ငံထဲ တရားမဝင် တရုတ်ရွှေ့ပြောင်းလုပ်သားတွေ ဝင်နေတာနဲ့ ဇီးရိုးဘက်ဂျက် ခရီးသွားပြဿနာအပြင် လမ်းကြောင်းတခု ရပ်ဝန်းတခု စီးပွားရေး စီမံကိန်းတွေကြောင့် တရုတ်ဆန့်ကျင်မှုတွေ ပြည်တွင်းမှာ ပိုပြီး ပြင်းထန်လာနိုင်တယ် ဆိုပြီး စင်္ကာပူ အရှေ့တောင်အာရှ လေ့လာရေး စင်တာက ဧည့်သုတေသီ ဒေါက်တာ ညီညီကျော်က ရေးပါတယ်။
တိုင်းရင်းသားနဲ့ သူပုန်
တိုင်းရင်းသားလို့ ယေဘုယျခေါ်ကြတဲ့ တောင်အာရှ၊ တရုတ်နဲ့ ဥရောပနွယ်ဖွားမဟုတ်သူ လူမျိုးစုတွေကို မြန်မာပြည်နိုင်ငံရေးမှာ မြန်မာပြီးရင် ဒုတိယနေရာအရဆုံး လူမျိုးတွေအဖြစ် ပြည်ပ သုတေသီတွေက ရှုမြင်ကြပါတယ်။ မြန်မာကို တိုင်းရင်းသားထဲမှာ ထည့်သွင်း ကြပေမယ့် မြန်မာတွေက တခြားလူမျိုးစုတွေကို တိုင်းရင်းသားလို့ ရည်ညွှန်း တာတွေ လည်း ရှိပါတယ်။ ဒီလို ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တဒေသ ရကြတဲ့ လူမျိုးစု တွေမှာလည်း မသိမသာနဲ့ သိသိသာသာ ခွဲခြား ခံရမှုတွေကို စာပေနဲ့ တခြား ယဉ်ကျေးမှုနယ်တွေမှာ ကြုံနေရပါသေးတယ်။
လူမျိုးစုလက်နက်ကိုင်တွေကို သူပုန်လူဆိုးတွေအဖြစ် မြန်မာရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဖော်လေ့ရှိပြီး တိုင်းရင်းသူနဲ့ မြေပြန့်က ဗမာအမျိုးသားတို့ အချစ်ဝတ္ထုတွေကိုလည်း ရန်ကုန်ဘဆွေတို့ခေတ် ၁၉၅ဝ-၆ဝ ပြည့်လွန်နှစ်တွေကနေ ခုထိ တွေ့နေရဆဲ ဖြစ်ပါတယ်။ နောက် မြသန်းတင့်လို လက်ဝဲစာရေးဆရာတွေကလည်း ရှမ်းစော်ဘွားစနစ်ကို မနှစ်သက် သူတွေဖြစ်လို့ စော်ဘွားတွေကို အမေရိကန်သာသနာပြုတွေ၊ ကူမင်တန် တရုတ်ဖြူတွေနဲ့ အဆက်အဆံ လုပ်သူတွေ၊ ရှမ်းပြည်ကို ခေတ်နောက်ကျအောင် လုပ်သူတွေဆိုပြီး လိုက်ခဲ့တော့မြနန္ဒာလို ဝတ္ထုတွေမှာ သရုပ်ဖော်ပါတယ်။ ဒီလိုအရေးအသား တွေကြောင့်လည်း မြန်မာစာပေမှာ လူနည်းစုနိုင်ငံရေးကို မြန်မာဘက်ကအမြင်နဲ့ ကြည့်တာတွေများနေပြီး တခြားဘက်တွေက အမြင်တွေနဲ့ ရေးတာနည်းသလို လူနည်းစု စာရေးဆရာဆိုပြီး ထင်ထင်ရှားရှား ထွက်လာတာလည်း နည်းပါတယ်။
တခါ အစိုးရမီဒီယာနဲ့ ပြင်ပစာနယ်ဇင်းတွေမှာ ငြိမ်းချမ်းရေး အပစ်ရပ်ရေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲနဲ့ ကြေညာချက် သတင်းတွေမှာ သုံးတဲ့ စကားအသုံးအနှုန်း တွေမှာလည်း မြန်မာအစိုးရဘက်က လူမျိုးစုလက်နက်ကိုင်တွေကို အပေါ်စီးပုံစံမျိုး အရေး အသားတွေ တွေ့ရတယ်ဆိုပြီး မနုဿဗေဒပညာရှင် ဂျာထွယ်ပန်က ပြောပါတယ်။ ကိုလိုနီခေတ်က ဆရာစံလယ်သမားသူပုန်လို ကိစ္စမှာ သုံးခဲ့တဲ့ သူပုန်စကားလုံးကို စစ်အစိုးရခေတ်တွေမှာ မိုင်းခွဲ လမ်းဖျက် ဆက်ကြေးကောက်တဲ့ ကြောက်စရာပုံစံ ဖြစ်အောင် ပုံဖော်တယ်လို့လည်း သူက ဆိုပါတယ်။ နဂိုရှိရင်းစွဲ သူပုန်အပြင် သောင်းကျန်းသူ စကားလုံးကို အင်္ဂလိပ်စကားကနေ ပြန်ဆိုပြီး ဖဆပလခေတ်ကတည်းက သုံးစွဲခဲ့ကြသလို နောက်ပိုင်း မှာတော့ အကြမ်းဖက်ဆိုတဲ့ စကားလုံးကို ပိုသုံးလာတာ တွေ့ရပါတယ်။ အလင်းဝင်၊ လက်နက်ချ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲ စတဲ့ စကားလုံး အဆင့်ဆင့် နဲ့လည်း နိုင်ငံရေးစစ်ကို စာပေမှာ ဆင်နွှဲတာ တွေ့ရပါတယ်။
ဒါကြောင့် လူမျိုးစု လက်နက်ကိုင် တွေနဲ့ အစိုးရ၊ တပ်မတော်တို့ ဆွေးနွေးပွဲတွေမှာ မြန်မာပြည်ရဲ့ ကျောင်းသင်ရိုး၊ အစိုးရဝါဒဖြန့်စာပေနဲ့ရုပ်ရှင်၊ ဘာသာရေး ဟောပြောချက် တွေမှာပါတဲ့ လူနည်းစုတွေကို လူများစုနဲ့ တန်းတူမဆက်ဆံ နှိမ့်ချတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ပျက်ကွက် ကြတယ်ဆိုပြီး ကနေဒါနိုင်ငံ ယော့တက္ကသိုလ် အာရှ သုတေသန စင်တာက သုတေသီ ဒေါက်တာ စိုင်းလတ်က အနာဂတ် ပြောင်းလဲရေး အတွက် လူမျိုးစွဲ စဉ်းစားမှုကို ပြန်သုံးသပ်ဖို့ လိုကြောင်း ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။
ဘာသာရေးခွဲခြားပုံဖော်မှုများ
မြန်မာနိုင်ငံမှာ လူအများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ဝေဖန် ရေးသားသူ တွေကို ကန်တော့ပွဲနဲ့ တောင်းပန်ခိုင်းတာမျိုး ကိုလိုနီခေတ်ကတည်းက မဟာဆွေ၊ သိန်းဖေမြင့်တို့ရဲ့ ဈေးချိုသူ၊ ဝါဝါဝင်း၊ တက်ဘုန်းကြီး စတဲ့ ဝတ္ထုတွေနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေမှာ တွေ့နိုင်သလို အခုထိလည်း လူမှုကွန်ရက်ပေါ်က အရေး အသားတွေနဲ့ ပတ်သက်ပြီး ဘာသာသာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲထောင်ချ တာတွေ ရှိဆဲ ဖြစ်ပါတယ်။
တခြားဘက်မှာတော့ ခရစ်ယာန်၊ အစ္စလာမ်စတဲ့ ကိုးကွယ်သူနည်းတဲ့ ဘာသာတွေကို ထိပါးပုတ်ခတ်တာတွေကို အစိုးရက အရေးယူတာ ရှားတာကိုလည်း ခေတ်အဆက်ဆက် တွေ့ရပါတယ်။ ၂ဝ၁၆ အတွက် အစိုးရရုပ်ရှင်ထူးချွန်ဆုရတဲ့ အုတ်ကြားမြက်ပေါက် ရုပ်ရှင်မှာ မွတ်ဆလင်နဲ့ နိုင်ငံခြားသားတွေကို ဧည့်သည်တွေဆိုပြီး ထိပါးပုတ်ခတ်တဲ့ အခန်းတွေပါတယ်လို့ ဒေါက်တာ စိုင်းလတ်စတဲ့ သုတေသီတွေက ဝေဖန်ကြပါတယ်။
စာပေဘက်မှာ အထင်ရှားဆုံးတွေ့ရတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး ဝတ္ထုတပုဒ်ကတော့ အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ မယ်မြ ဖြစ်ပါတယ်။ သူ့ငယ်သူငယ်ချင်း မယ်မြဟာ ငယ်ရည်းစားကို မယူဘဲ စစ်တကောင်းသားတယောက်နဲ့ ယူပြီး ဘင်္ဂလား လိုက်သွားရာမှာ ဘင်္ဂလားက ခင်ပွန်းဆွေမျိုးတွေက ဝိုင်းနှိပ်စက်လို့ ပြန်လာရကြောင်းကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ မွတ်ဆလင်နဲ့ ယူလို့ ဘာသာ ပြောင်းရတာ၊ လက်ထပ်ရေးနဲ့ အိမ်ထောင်ရေး မှာ မညီမျှတာ စတဲ့ အကြောင်း တွေကို ပုံဖော်တဲ့ အရေးအသားတွေကို ရွှေဒုံးဘီအောင် ရဲ့ သာသနာပြုကိုယ်တော်လေး စတဲ့ တခြားဝတ္ထုတွေမှာလည်း တွေ့ရပြီး တချို့စာအုပ်တွေကို ကနေ့အထိ ပြန်ထုတ်နေဆဲ ဖြစ်ပါတယ်။
တခါ ဂျာနယ်ကျော်မမလေးရဲ့ နာမည်ကျော် သူလိုလူ စာအုပ်ကို လန်ဒန်တက္ကသိုလ်က မြန်မာစာပေ လေ့လာတဲ့ ကျောင်းသူ ကျောင်းသား တွေကို ဖတ်စေရာ မှာတော့ မွတ်ဆလင်နဲ့ တောင်အာရှ နွယ်ဖွားတွေကို ခွဲခြားရေးသားတာတွေ ပါတယ် ဆိုပြီး ဝေဖန်သုံးသပ်တဲ့ အမြင်တွေ ပေးကြပါတယ်။
ခရစ်ယာန်နဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်တာတွေ မြန်မာစာပေမှာ မွတ်ဆလင် တွေအပေါ် ရေးသားတာတွေလောက် မများပေမယ့် ကြိုကြားကြိုကြား တွေ့နေရပါတယ်။ ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေးဆရာတွေက ဗုဒ္ဓဘာသာအပေါ် ဝေဖန်ပုတ်ခတ်တာ၊ ဗုဒ္ဓဘာသာဘက်ကလည်း ဘာသာရေးဆွေးနွေးတယ်ဆိုပြီး ဒိပြင်ဘာသာတွေအပေါ် ပုတ်ခတ်ရေးသားတာတွေကလည်း ကိုလိုနီခေတ် အစောပိုင်းကတည်းက ရှိခဲ့ပါတယ်။
နိုင်ငံတဝက်ကျော်တဲ့ အမျိုးသမီးတို့နေရာ
မြန်မာနိုင်ငံကို တောင်အာရှတိုင်းပြည်တွေထက် ပိုပြီး ကျားမတန်းတူတဲ့ နိုင်ငံတခုအဖြစ် အစဉ်အဆက် လက်ခံလာခဲ့ကြပေမယ့် တကယ်တမ်း အမျိုးသမီးတွေကို ရာထူးနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာကဏ္ဍနဲ့ လေးစားလက်ခံမှုအပိုင်းတွေမှာ အမျိုးသားတွေလောက် နေရာ မပေးကြဘူးဆိုပြီး အမျိုးသမီးအခွင့်အရေးလေ့လာသူတွေက ဝေဖန်ခဲ့ကြပါတယ်။
အထူးသဖြင့် ဦးသိန်းစိန်လက်ထက်မှာ အမျိုးသမီးဝန်ကြီးတွေ ခန့်ခဲ့ပြီးမှ ဒေါ်အောင်ဆန်း စုကြည် လက်ထက်မှာ သူကလွဲပြီး တခြားသူတွေကို ဗဟိုအဆင့်မှာ ဖွဲ့စည်းပုံခုံရုံးကလွဲပြီး ကျန်တဲ့နေရာတွေမှာ မခန့်ခဲ့တာကိုလည်း ပြောစမှတ် ဖြစ်ခဲ့ကြပါတယ်။ မြန်မာ့လူ့အဖွဲ့ အစည်း မှာလည်း ၂ဝ၁၉ ကမ္ဘာ့ဘဏ်ကိန်းဂဏန်းတွေအရ လူဦးရေ (၂၈) သန်းကျော်တဲ့ မြန်မာအမျိုးသမီးတွေကို နှိမ်တဲ့ အရေးအသား အပြောအဆို အတင်အပြ တွေကို လူအများစုကြီးက အရေးယူ ထောက်ပြမှုမရှိဘဲ လက်ခံထားဆဲ ဖြစ်တာကိုလည်း တွေ့ရ ပါတယ်။
နမူနာအားဖြင့် ၁၉ဝ၄ က မန်လည်ဆရာတော်ပြုစုတဲ့ မဃဒေဝလင်္ကာသစ်ပါ အကြင်မိန်းမ ဣတ္ထိယတို့ အဋ္ဌပတိ ရှစ်လင်ယှိလည်း လွန်ဘိပိုမို ကိုးယောက်ကိုလျှင် အလိုယှိမြဲး လိုပြည့်ခဲး၏ ဆိုတဲ့ စာသားတွေဟာ အမျိုးသမီးရေး လှုပ်ရှားမှုတွေ များတဲ့ ဒီခေတ် မဆိုထားဘိ၊ ခေတ်အဆက်ဆက် အမျိုးသမီး စာဖတ်သူတွေရဲ့ ဝေဖန်ကန့်ကွက်မှုကို ခံခဲ့ရတဲ့ အရေးအသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို စာမျိုးတွေ ထပ်မထုတ်ဖို့ ဒီစာတွေကို ကိုးကားပြီး အမျိုးသမီးတွေကို ပုတ်ခတ်တာတွေ မလုပ်ဖို့အထိ တောင်းဆိုမှုအရှိန် မြင့်မလာသေးတာကိုလည်း တွေ့ရပါတယ်။
နောက်စာပေနဲ့ ရုပ်ရှင်မှာ ပြည်နယ်တွေက လူနည်းစု အမျိုးသမီးတွေကို ပုံဖော်ရာမှာ မြန်မာအမြင်နဲ့ ပုံဖော်ကြလေ့ရှိပြီး လူမျိုးရေးခွဲခြားမှု၊ လိင်ခွဲခြားမှုနဲ့ ဗုဒ္ဓဘာသာက တခြားဘာသာတွေအပေါ် ကြီးစိုးတဲ့အမြင်တွေ တွဲပါလာတတ်တယ် လို့လည်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ မရွှန်းလဲ့က ပြောပါတယ်။ ၁၉၆၇ က ရှုမဝမဂ္ဂဇင်းမှာ မြစ်ငယ်-ကြည်ဟန်ရေးတဲ့ နမ့်ယင်းချောင်းမှ ပွင့်မျောရိပ် ဝတ္ထုတိုမှာ ဆိုရင် ကချင်ပြည်နယ်မှာ တာဝန်ကျတဲ့ မြန်မာကျောင်းဆရာက လီဆူ အမျိုးသမီးတယောက်ကို ကြိုက်တဲ့ အကြောင်းကို ကျောရိုးပြု ရေးဖွဲ့ထားပါတယ်။ ဒီလို ရေးဖွဲ့ရင်း ကေအိုင်အေ လက်နက်ကိုင် လှုပ်ရှားမှုနဲ့အတူ သူနဲ့ပြိုင်ဘက်ဖြစ်လာတဲ့ အိန္ဒိယလူမျိုး ဆေးကျောင်းသားကိုပါ လူမျိုးခြား ကုလားဆိုပြီး ပုတ်ခတ်ရေးသားတာတွေ ပါလာပါတယ်။ ဒီလိုဝတ္ထုမျိုးကိုလည်း မြန်မာ ဝတ္ထုတိုပေါင်းချုပ် စာအုပ်တွေမှာ ထည့်သွင်း ထုတ်ဝေနေဆဲ ဖြစ်ပါတယ်။
နောက် အမျိုးသမီးတွေကို အမျိုးကို စောင့်ရှောက်မယ့် လူမျိုးခြားနဲ့ မယူမယ့် မျိုးစောင့်တွေအဖြစ် ပုံဖော်တဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ အမျိုးနှင့် အမျိုးစောင့် တရားလို ဆောင်းပါးမျိုးတွေ ကိုလည်း အဝေးသင်မြန်မာစာ သင်ရိုးမှာ ပြဋ္ဌာန်းနေဆဲ ဖြစ်တယ်လို့ မြတ်သူရဲ့ ဖေ့ဘုတ်ကို အသုံးပြု၍ စနစ်တကျ ချိတ်ဆက် ဆောင်ရွက်သော ဝါဒဖြန့်ချိမှုများ စာတမ်းအရ သိရပါတယ်။
ပုံစံခွက်ထဲပို့ခံရတဲ့ လိင်တူချစ်သူများ
မြန်မာနိုင်ငံမှာ လိင်တူဆက်ဆံမှုကို အိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၃၇၇ နဲ့ တားမြစ် ထားဆဲဖြစ်ပြီး ဒါကို ပယ်ဖျက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံဘဝက ပြောခဲ့ဖူးပေမယ့် အာဏာရလာပြီးနောက်ပိုင်း NLD ဘက်က ကြိုးစားတာ မရှိသေးပါဘူး။ တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတချို့လို ပြင်းပြင်းထန်ထန် ဖိနှိပ်တာတွေ မရှိပေမယ့် မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံတာတွေ ကျန်နေဆဲ ဖြစ်ပါတယ်။ ၁၉၆ဝ ကာလတွေလို လိင်တူဆက်ဆံတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးက အနားယူ စေမှုတွေ နည်းသွားပေမယ့် အစိုးရဌာနတွေနဲ့ ပြင်ပရုံးတွေမှာ ဒီလူတွေကို မသိမသာ ခွဲခြားနှိမ့်ချတာ၊ ရာထူးကြီးတွေ မပေးတာတွေကတော့ ရှိနေဆဲပါ။
နိုင်ငံ တံခါးပွင့်လာပြီးနောက် မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာ လိင်တူချစ်သူတွေ အကြောင်း မှတ်တမ်းကားနဲ့ ရုပ်သံစီးရီး တချို့ စထွက်လာပေမယ့် သူတို့ကို ပြောင်လှောင် တာနဲ့ ချိုးချိုးဖဲ့ဖဲ့ ပုံဖော် တာတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ၂ဝ၁၈ က တိုင်းမဂ္ဂဇင်းပါ အောင်ကောင်းမြတ်ရဲ့ အရည်အသွေးညံ့ အတိတ်ဟောင်းမှာ ကျန်နေဆဲ မြန်မာရုပ်ရှင် ဆောင်းပါးမှာ ပါရှိပါတယ်။
စာပေမှာ ဒီခွဲခြားမှုတွေကို သိသိသာသာ မတွေ့ရပေမယ့် အမျိုးသားလိင်တူချစ်သူတွေကို လှောင်ပြောင်တဲ့ ရုပ်ပြကာတွန်းတွေကတော့ ဦးစိန်တို့ခေတ်ကတည်းက ရှိတာကို တွေ့ရ ပါတယ်။ တခါ လိင်တူချစ်သူတွေကို စိတ်အခြေအနေ ချို့ယွင်းသူတွေမို့ နားလည် စာနာတယ်၊ ရုန်းထွက်ဖို့ ကြိုးစားစေချင်တယ် ဆိုတဲ့ အရေးအသားမျိုးကို နာမည်ကြီး ဆရာဝန် စာရေးဆရာမ ဂျူးကိုယ်တိုင် ဖီလာဒဲဖီးယားရုပ်ရှင်အကြောင်း ရေးတဲ့ခံစားမှု ဆောင်းပါးမှာ ရေးဖူးပါတယ်။ မိန်းကလေးတယောက်ကို ယောက်ျားဆန်ဆန် ဝတ်ဆင် နေထိုင်တာကနေ ပြောင်းလဲလာအောင် သူငယ်ချင်းတွေက ဝိုင်းပြုပြင်ပေးလို့ အချိုး ပြောင်းပြီး အိမ်ထောင်ကျသွားတယ် ဆိုတဲ့ ၁၉၇ဝ လောက်က မြန်မာဝတ္ထုပုံစံ ရေးသား နည်းတွေလည်း ခုထိ ရှိနေပါတယ်။
နောက် လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်မှာ ယောက်ျားဓားသွေး မိန်းမသားမွေး ဆိုတဲ့ အစဉ်အလာပုံစံခွက် ကျားမတာဝန်ခွဲမှုကို အားပေးတဲ့ စာပေတွေ အများအပြား ရှိခဲ့ပြီး ကျန်းမာရေးနဲ့မညီ ပိန်လှီဖျော့တော့တဲ့ အမျိုးသား အမျိုးသမီးတွေကို ပြောင်လှောင် ကဲ့ရဲ့တဲ့ စာတွေကို ဦးဖိုးကျား၊ လူထုဒေါ်အမာ စတဲ့ စာရေးဆရာတွေ ရေးခဲ့ဖူးသလို ကျောင်းသုံးဖတ်စာတွေထဲထိ ရောက်နေတာတွေ ရှိပါတယ်။ ဒီလို အရေးအသားတွေကို အနှစ် ၉ဝ၊ ၈ဝ ကြာတဲ့အထိ ပြန်မဆန်းစစ်ဘဲ ဖတ်ရှုနေကြတဲ့အတွက် ကျားမ တန်းတူရေးနဲ့ လိင်မှုဆိုင်ရာ ညီမျှရေးတွေမှာ မြန်မာနိုင်ငံ နောက်ကျကျန်နေခဲ့တာ ဖြစ်ပါတယ်။
တန်းတူညီမျှ ဝါဒဖြူစင်တဲ့ပြေ
တောသားမြို့သား၊ အညာသား၊ တောင်ပေါ်သား၊ လူဆင်းရဲ လူချမ်းသာနဲ့ ကိုယ်စိတ် ကျန်းမာရေး ချို့တဲ့သူတွေအပေါ် ပုတ်ခတ်ပြောဆိုတဲ့ အသုံးအနှုန်းတွေကိုလည်း မြန်မာ လူမှုကွန်ရက်တွေနဲ့ မီဒီယာတွေမှာ လက်လွတ်စပယ် ပြောနေကြ တာ တွေ့ရပြီး ထိန်းကွပ် အရေးယူတာလည်း နည်းနေပါတယ်။ ကလေးကို ရိုက်တာ ဆူပူအော်ဟစ်တာကို ဆုံးမပဲ့ပြင်တာလို့ ယူဆတဲ့ ၁၉၇ဝ ကျော်က မြန်မာစာပေ အရေးအသားတွေ၊ မိန်းမဆိုရင် ခွေးထီးလောက် မမြတ်ဘူး၊ ယောက်ျားက မိန်းမထက် ပိုဘုန်းရှိတယ်ဆိုတဲ့ အစဉ်အလာ ပြောစကားတွေ၊ ပုဂ္ဂလိက တဦးချင်းကိစ္စအတွက် လူမျိုးနဲ့ချီပြီး နစ်နစ်နာနာ ခိုင်းနှိုင်း ရေးသားတဲ့အကျင့်တွေ ၊ ခန္ဓာကိုယ်အချိုးအစား အရပ်အနိမ့်အမြင့်၊ အသားအရေအရောင် စတာတွေ ပေါ် မူတည်ပြီး ပြောင်လှောင် ပြောဆို ရေးဆွဲတဲ့ ကာတွန်းနဲ့ သရော်စာတွေ ၊ လူရဲ့ အသက်မွေး ဝမ်းကျောင်း နဲ့ ပညာ အရည်အချင်းကို လိုက်ပြီး ထိပါးပုတ်ခတ်တာ စတဲ့ စတဲ့ အရိုးစွဲ နေတဲ့ ဖိနှိပ်ပြောဆိုရေးသားတာတွေကို အမြန်ပြောင်းဖို့ လိုနေပြီ ဖြစ်ပါတယ်။
စတီရီယိုတိုက်ပင်းခေါ်တဲ့ လူတစုလူတမျိုးရဲ့ အမူအကျင့်ကို ပုံဖော်သတ်မှတ်ပြောဆိုရာက ဒီလို ခွဲခြားရေးသားတာတွေ ပေါ်ပေါက် လာပြီး ဒီအပြုအမူတွေက လူလူချင်း မလေးစားမှု မယုံကြည်မှုတွေကနေ မြစ်ဖျားခံသလို နိုင်ငံတွင်း တရားရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ မညီမျှတာ၊ မှန်ကန်တဲ့နိုင်ငံရေး လမ်းကြောင်း အားနည်းတာ၊ ဒီမိုကရေစီ အခြေခံ သဘောတရားတွေကို လူများစု သိအောင် မီဒီယာနဲ့ နိုင်ငံရေးသမားတွေက မနှိုးဆော် နိုင်တာတွေကြောင့် နိုင်ငံတံခါး ဖွင့်ချိန်မှာ ဒီလို ခွဲခြားမှုတွေ ခေါင်းထောင်ထကြွလာတာ ဖြစ်ပါတယ်။
ဒီလိုခွဲခြားမှုတွေ ပျောက်ကွယ်ဖို့ ခေတ်မမီတဲ့ဥပဒေတွေ ပြင်ဆင်ဖျက်သိမ်းရေးနဲ့အတူ လူနည်းစု အခွင့်အရေးတွေကို ကာကွယ်တဲ့ ဥပဒေတွေကို အာဏာတည်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အာဏာပိုင်တွေဘက်က အပိုင်းအပြင် ပြည်သူလူထု ဘက်ကလည်း လူနည်းစုတွေကို နှိမ့်ချခွဲခြားတာတွေ မလုပ်မိဖို့ ဆင်ခြင်ရမှာ ဖြစ်သလို ပြည်သူကို ပညာပေးဖျော်ဖြေနေကြတဲ့ မီဒီယာနဲ့ အနုပညာလောကမှာလည်း ဒါကို သတိထား စောင့်ထိန်းဖို့ လိုပါတယ်။ နောက် လူနည်းစု တွေက သူတို့ကို ခေါ်စေလိုတဲ့ အမည်နာမနဲ့ ခေါ်ရေး၊ သူတို့မခေါ်စေလိုတဲ့ အမည်တွေ မခေါ်ရေးမှာလည်း နိုင်ငံတကာ စံချိန်နဲ့အညီ ဖြစ်မှ နိုင်ငံကို ကမ္ဘာ့အလယ်မှာ လူလေးစားမှာ ဖြစ်ပါတယ်။
စာပေသာမှ လူမျိုးသာမယ်၊ စာပေကျန်းမာမှ နိုင်ငံလည်း ကျန်းမာမယ်ဆိုပြီး မြန်မာတွေက ယုံကြည်ကြပါတယ်။ လူလူချင်း ခွဲခြားဖိနှိပ်မှုကင်းတဲ့ စာပေမျိုးဖြစ်မှ အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှု အသိပညာ အဆင့်အတန်း မြင့်လာပြီး နိုင်ငံတကာမှာ ဝင်ဆံ့ အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။ တခါ မြန်မာပြည်မှာ စာပေကနေ ဘဝသင်ခန်းစာယူမယ်ဆိုတဲ့ စာဖတ်ဓလေ့ ရှိနေတဲ့အတွက် စာရေးဆရာတွေရဲ့ လက်ရာတွေမှာ လိင်အရ လူမျိုးရေး ဘာသာရေးအရ ခွဲခြားမြင်တဲ့ စိတ်တွေ ထင်ဟပ် နေရင် စာဖတ်သူတွေအတွက် ဘေးဖြစ်စေပါတယ်။ ဒီလို အန္တရာယ် ရှိပေမယ့် ဝတ္ထုကို ဝတ္ထုလိုပဲ ဖတ်ပါ၊ သရော်စာကို သရော်စာလိုပဲ ဖတ်ပါ ဆိုပြီး အဆိပ်အတောက်ပိုင်းကို မှေးမှိန်ပစ်တာတွေ ရှိနေသေးတယ်လို့လည်း စာရေးဆရာ နေသန်က ပြောပါတယ်။