ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သတိမမူမိတဲ့ အမျိုးသားနေ့ရာပြည့်နဲ့ နိုးထလာတဲ့ မြန်မာအမျိုးသားရေးဝါဒ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာပြည်ရဲ့အမျိုးသားနေ့က ခုမှ နှစ်တစ်ရာ ပြည့်တာဖြစ်ပေမယ့် မြန်မာအမျိုးသားစိတ်ကတော့ အနှစ် ရာချီရှိခဲ့နိုင်တယ်လို့ သမိုင်းပညာရှင်တွေက သုံးသပ်ပါတယ်။ နောက် မြန်မာပြည်မှာ အမျိုးသားနေ့ရဲ့ အခန်းကဏ္ဍဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျဆင်းလာပေမယ့် အမျိုးသားရေးစိတ်တွေကတော့ ဘာသာရေးစိတ် ပြင်းထန်မှုလှိုင်းနဲ့အတူ ၂ဝ၁၂ နောက်ပိုင်းမှာ ပြန်လည်ကြီးထွားလာတာကိုလည်း တွေ့ရပါတယ်။
အမျိုးသားအောင်ပွဲနေ့လို့ အစဉ်အလာ ခေါ်ဝေါ်ခဲ့တဲ့ ဒီနေ့ဟာ ပထမကျောင်းသားသပိတ်ကို အစွဲပြုပြီး ပေါ်လာတဲ့နေ့ဖြစ်ပြီး ဒီသပိတ်ကနေ အမျိုးသားကျောင်းနဲ့ ကောလိပ်ကို မွေးဖွားပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီလို သပိတ်ကို အစွဲပြု ပေါ်လာပေမယ့် မြန်မာတွေရဲ့ ခေတ်သစ် အမျိုးသားစိတ်ဓာတ် နိုးကြားမှုကတော့ သီပေါမင်း ပါတော်မူပြီးနောက် တစ်စတစ်စ ကြီးထွားလာခဲ့တယ်လို့ ဒေါက်တာသန်းထွန်းနဲ့ ဒေါက်တာတိုးလှ စတဲ့ မြန်မာသမိုင်းပညာရှင်တွေက ရေးသားပါတယ်။
တစ်ခါ အမျိုးသား အောင်ပွဲနေ့လို့ သတ်မှတ်ခေါ်ဆိုခဲ့ကြတဲ့အတွက် အရင်က ရှုံးနိမ့်မှုတွေ ဘယ်လိုကြုံခဲ့ရသလဲ ပြန်သုံးသပ်ဖို့ ကောင်းပါတယ်။
ကုန်းဘောင် အမျိုးသားရေး
အနောက်တိုင်းပညာရှင်တွေ အလိုအရ ပုံနှိပ်စာအုပ်တွေကနေ အမျိုးသားစိတ်ဓာတ်တွေ ပျံ့နှံ့ပြီး အနောက်တိုင်းပုံစံ အမျိုးသားရေးဝါဒတွေ လက်တင်အမေရိကနဲ့ အာရှ အာဖရိက နိုင်ငံတွေမှာ ကိုလိုနီခေတ် ကာလမှာ ပေါ်ထွန်းလာတယ်လို့ ယုံကြည်ကြပါတယ်။ ကော်နဲလ် တက္ကသိုလ်က ပါမောက္ခ ဘန်အန်ဒါဆင်ရဲ့ စိတ်ကူးထဲက လူ့အဖွဲ့အစည်းများ စာအုပ်ဟာ ဒီအယူအဆကို မွေးဖွားပေးခဲ့တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ အမျိုးသားရေးစိတ်ဓာတ် အကြိုလှုပ်ရှားမှုတွေ (၁၈) ရာစု နှောင်းကတည်းက ရှိနေခဲ့တယ်ဆိုပြီး ဗစ်တာလစ်ဘာမန်းနဲ့ မိုက်ကယ်ချာနေစတဲ့ သမိုင်းပညာရှင် တွေက ရေးသားခဲ့ကြပါတယ်။ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် သုံးနိုင်ငံကို ယှဉ်ပြိုင်လေ့လာတဲ့ မစ်ရှီဂန် တက္ကသိုလ်က သမိုင်းပါမောက္ခ ဗစ်တာလစ်ဘာမန်းရဲ့ အဆိုအရ ဒီအရှေ့တောင်အာရှ နိုင်ငံတွေမှာ ဘုရင်ခေတ်ကတည်းက တခြားအနီးကပ်နိုင်ငံလေးတွေကို သိမ်းသွင်းပြီး ကြီးထွားလာသလို ယဥ်ကျေးမှု၊ ဘာသာရေးနဲ့ ဘာသာစကားတွေ ဖြန့်ဖြူးတာ၊ စီးပွားရေးဖွံ့ဖြိုးတာ၊ နိုင်ငံရေးဗဟိုချက် ရှိတာနဲ့ အုပ်ချုပ်ရေး အဆင့်မြင့်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ လူမျိုးနဲ့ ဘာသာရေး၊ ယဥ်ကျေးမှုတွေကို ပူးတွဲရှုမြင်တာဟာ အနည်းဆုံး ဘကြီးတော်မင်း လက်ထက်ကတည်းက ရှိနေပြီလို့လည်း ယုဒသန်ရဲ့ဘဝမှတ်တမ်းကို ကိုးကားပြီး လန်ဒန် တက္ကသိုလ်က ပါမောက္ခ မိုက်ကယ် ချာနေက အာဏာဖြင့် လေ့လာခြင်း စာအုပ်မှာ ရေးပါတယ်။ ခရစ်ယာန်ထဲ ဝင်သွားတဲ့ မြန်မာတွေကို တကယ့်ဗမာတွေလား၊ တခြားဗမာတွေနဲ့ အတူတူပဲလားလို့ ဘကြီးတော်က ဆရာယုဒသန်ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ နောက် အလောင်းဘုရားရဲ့ ပဲခူးဟံသာဝတီဒေသကို သိမ်းတဲ့ စစ်ဆင်ရေးမှာ မွန်တွေကို ချေမှုန်းဖို့ မြန်မာတမျိုးသားလုံးကို နှိုးဆော်တာတွေ ရှိခဲ့တယ် ဆိုပြီး အမိန့်တော်တွေကို ကိုးကားပြီး ပါမောက္ခ ချာနေက ဖော်ထုတ်ပါတယ်။ နောက်ဆုံး မြန်မာနိုင်ငံအောက်ပိုင်း ပဲခူးနယ်မှာ မွန်ပုန်ကန်မှုတွေ ဖြစ်ပြီး ၁၈၂၆၊ ၁၈၂၇ လောက် ကတည်းက မွန်စာ မသုံးဖို့ ပိတ်ပင်ခဲ့တဲ့အတွက် အဲဒီ ကတည်းက မြန်မာစာဟာ အောက်ပိုင်း မှာ ရုံးသုံးစာ ဖြစ်လာပြီး အထက်ပိုင်းနဲ့ ယဥ်ကျေးမှု၊ ဘာသာရေး ပေါင်းစည်းတာတွေ ပိုမြန်လာခဲ့ပါတယ်။ မွန်စာပေ တဖြည်းဖြည်းကွယ်ပျောက်သွားတဲ့အတွက် ဗြိတိသျှသိမ်းပြီးနောက် အောက်ပိုင်းမှာ နေသူတွေကို သန်းခေါင်စာရင်း ကောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မွန်မှန်းမသိတော့သူတွေက မြန်မာလို့ပဲ ဖြည့်ကြတယ်လို့လည်း မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။
ရခိုင်၊ ရှမ်းနဲ့ တခြား မြန်မာဘုရင် သိမ်းရတဲ့ နယ်မြေတွေမှာလည်း အလားတူ ဘာသာရေး နဲ့ စာပေအရ ဩဇာလွှမ်းအောင် လုပ်တာတွေဟာ ကုန်းဘောင်ခေတ်မှာ ရှိနေခဲ့ပြီး သာသနာပြု ဆရာတော်တွေ ရှမ်းပြည်ကို စေလွှတ်တာကတော့ ဘုရင့်နောင်ခေတ်ကတည်းက ရှိတယ်လို့ သိရပါတယ်။
ကိုလိုနီ အတားအဆီး
ဒီလို အထက်ပိုင်းကနေ အောက်နဲ့ တောင်ပေါ်ဒေသတွေကို မြန်မာမှုပြုတာတွေ ရှိခဲ့ပေမယ့် (၁၉) ရာစုအတွင်း ဗြိတိသျှကိုလိုနီဘဝကို မြန်မာဘုရင့်နိုင်ငံ တစ်ပိုင်းချင်း ကျရောက်သွားတဲ့အတွက် ပြန်နိုးထလာတဲ့ ခေတ်သစ် အမျိုးသားစိတ်ဓာတ် ပြင်းထန်မှုမှာတော့ တစ်နယ်နဲ့ တစ်နယ် မတူဘဲ ဖြစ်ခဲ့ပါတယ်။ အောက်မြန်မာပြည်နဲ့ ရခိုင်ဒေသမှာ ခေတ်မီတိုးတက်မှုတွေ အရင်ထိတွေ့ရတဲ့အပြင် မြန်မာ မဟုတ်တဲ့ လူမျိုးစုတွေ များတဲ့အတွက် မြန်မာ ဘုရင်စနစ်ကို လိုလားမှုလည်း အထက် မြန်မာပြည်လောက် မပြင်းထန်ပါဘူး။ အထက်ပိုင်းမှာလည်း ဘုရင်နန်းစိုက်ခဲ့တဲ့ အလယ်ပိုင်းဇုန်နဲ့ တောင်ပေါ်ဒေသတွေက လူမျိုးစုတွေကြားမှာ အမျိုးသားစိတ်ဓာတ် ဖြစ်တည်ပုံ ချင်း ကွဲပြားခဲ့ပါတယ်။ ဒါကြောင့် မြန်မာပဒေသရာဇ်ခေတ်က တည်ထောင်လာတဲ့ အမျိုးသားရေးစိတ်နဲ့ တောင်ပေါ်ဒေသတွေမှာ ခရစ်ယာန်အယူကို ယုံကြည်ပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားစိတ်တွေကြား ကွဲပြားသလို ရခိုင်နဲ့ မွန်၊ ရှမ်းလူမျိုးတွေမှာ ရှိရင်းစွဲ မြန်မာကြီးစိုးမှုကို ဆန့်ကျင်တဲ့ လူမျိုးစု အမျိုးသားရေးဝါဒတွေလည်း ၁၉၃ဝ ဝန်းကျင်လောက်ကစပြီး တဖြည်းဖြည်း ထူထောင်လာခဲ့ကြပါတယ်။
တောင်တန်းမြေပြန့်ကွဲပြား မယုံကြည်မှုကလည်း ရှေးကတည်းက ရှိခဲ့ပြီး တောင်ပေါ်လူမျိုးစုတွေက မြန်မာနဲ့ သိပ်မဆက်စပ်ဘဲ သီးခြားနေထိုင်ကြတာ ဖြစ်ပါတယ်။ နောက် ဗြိတိသျှက အထူးအခွင့်အရေးပေးထားတဲ့ သစ္စာရှိ ကရင်တွေက ခရစ်ယာန်ဘာသာဝင်တာအပြင် ဒုတိယကမ္ဘာစစ်မှာ ဗြိတိသျှဘက်က ထောက်ခံခဲ့တဲ့အတွက် ဒီကွဲပြားမှု ပြဿနာ ပိုဆိုးလာတယ် လို့လည်း ဖရတ်ဗွန် ဒါမေဒန်းက ၁၉၆၃ က ရေးတဲ့ အရှေ့တောင်အာရှ ဘာသာရေးနဲ့ အမျိုးသားရေးဝါဒ စာတမ်းမှာ ပါရှိပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ အမျိုးသားစိတ်ဖြစ်တည်ပုံနဲ့ အမျိုးသားနိုင်ငံတည်ထောင်မှုဟာ လွတ်လပ်ရေးရချိန်မှာ အပြီးမသတ်နိုင်ဘဲ ပြည်တွင်းစစ်အတွင်းမှာ ကွဲပြားမှုတွေ ပိုဆိုးလာခဲ့ တယ်လို့ သုတေသီတွေက မှတ်ချက်ပြု ပါတယ်။ မြန်မာဘုရင် ပိုင်နက်နယ်မြေတွေနဲ့ အုပ်ချုပ်မှု အာဏာစက် သိပ်မပြန့်တဲ့ တောင်ပေါ်ဒေသတွေကို စုစည်းပြီး အိန္ဒိယအင်ပါယာထဲက မြန်မာပြည်နယ်အဖြစ် သတ်မှတ်ခဲ့ရာက ခေတ်သစ်မြန်မာနိုင်ငံ ပေါ်ထွန်း လာပေမယ့် ဒီနိုင်ငံရဲ့ အမျိုးသားရေးအမြင်က မြန်မာလူများစုနဲ့ လူနည်းစုတွေကြား လက်ခံနိုင်မယ့်အမြင်တစ်ခု မရဘဲ ပြည်တွင်းစစ်နဲ့ ကြုံခဲ့ရပါတယ်။
အမျိုး ဘာသာ သာသနာ
တစ်ခါ ထိုင်းနိုင်ငံမှာလို အုပ်ချုပ်သူ ပဒေသရာဇ်လူတန်းစားက အမျိုးသားရေးဝါဒကို ဦးဆောင် ပုံဖော်တာ မဟုတ်လို့ မြန်မာပြည်ရဲ့ အမျိုးသားရေးဟာ ပြင်းထန်အစွန်းရောက်တယ်ဆိုတဲ့ ယူဆချက်တွေရှိပါတယ်။ မြန်မာ အမျိုးသားရေးစိတ်ဓာတ်ဟာ စာနယ်ဇင်း၊ ကျောင်းသားထု၊ ဘုန်းတော်ကြီးများနဲ့ နိုင်ငံရေးပါတီတွေအပေါ်မှာ မူတည်တယ်လို့လည်း အရှေ့ဖျားအာရှ စာစောင်ပါ စီစယ်ဟော့ရဲ့ ၁၉၄၇ က ရေးသားချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံမှာ (၂ဝ) ရာစုဆန်းက ဆဌမရာမ ဘုရင် လက်ထက်ကစပြီး အနောက်နိုင်ငံပုံစံ ခေတ်မီ အမျိုးသားရေးဝါဒကို ထူထောင်ပါတယ်။ နိုင်ငံ၊ ဘာသာရေးနဲ့ ဘုရင်ဆိုတဲ့ ထိုင်းရဲ့ အဓိကမဏ္ဍိုင်သုံးခုကို ကိုယ်စားပြုတဲ့ အလံကိုလည်း တီထွင်တာပါ။ ဘုရင်မရှိတော့တဲ့ မြန်မာနိုင်ငံမှာတော့ အမျိုး၊ ဘာသာ၊ သာသနာဆိုပြီး သုံးချက်ကို အခြေပြုပြီး အမျိုးသားဝါဒထူထောင်ခဲ့တာ ဖြစ်ပြီး ဘာသာရေး၊ သယံဇာတနဲ့ သတ္တိကိုပြတဲ့ ဝါစိမ်းနီ အလံ ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၁၈၂၆ ကနေ ၁၈၈၅ ကြား ဗြိတိသျှအောက်ကို စစ်သုံးကြိမ်ရှုံး ကျရောက်သွားပြီးနောက် အိန္ဒိယနဲ့ တွဲဖက်ထားတဲ့ အချိန်မှာ စျေးပေါတဲ့ လယ်လုပ်သားနဲ့ တခြား အလုပ်သမားပေါင်းစုံကို အိန္ဒိယက ခေါ်ယူ လာရာကနေ လူမျိုးရေး မသင့်မြတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီနောက် (၂ဝ) ရာစု အစောပိုင်း၊ အလယ်ပိုင်းနဲ့ (၂၁) ရာစုထိ ကာလတွေမှာ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ တွေ ပေါ်လာပြီး လူမျိုးရေးက နိုင်ငံရေးမှာ သြဇာကြီးခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တဖြည်းဖြည်းတင်းကျပ်လာတဲ့ နိုင်ငံသားဥပဒေတွေနဲ့ ပြင်ဆင်ချက်တွေကလည်း နိုင်ငံခြားသား အခြေချမှုကို တင်းကျပ် စေလိုတဲ့ ကိုလိုနီခေတ် မြန်မာ နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေရဲ့သြဇာအငွေ့အသက်ကြောင့် ဖြစ်ပါတယ်။
ထိုင်းနဲ့မတူဘဲ မြန်မာပြည်မှာ ကိုလိုနီခေတ်တစ်လျှောက်လုံး ရုံးသုံးစာပေအဖြစ် အင်္ဂလိပ်ဘာသာနဲ့ စျေးသုံး စီးပွားရေးစကားအဖြစ် ဟိန္ဒူစတန်နီလို အိန္ဒိယဘာသာစကားတွေကို သုံးစွဲခဲ့ရတာလည်း နောက်ထပ် မြန်မာတွေ အတွက် အသည်းနာစရာတစ်ကွက် ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၁ဝ ကျော်မှာ မြန်မာသင်ပုန်းကြီးဖတ်စာထဲက အသုံးနည်းတဲ့ အက္ခရာတချို့ကို ဖြုတ်ဖို့ကြံတာကို မြန်မာလူကြီးတွေက လက်မခံ ကန့်ကွက်ကြပြီး ၁၉၃ဝ ကျော်က တို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံမှာ ဗမာပြည်သည် တို့ပြည် အစချီပြီး စာနဲ့ စကားကို လေးစားကြဖို့ နှိုးဆော်တာ ဖြစ်ပါတယ်။ ၁၉၄၃ ဂျပန်ခေတ် လွတ်လပ်ရေးရကတည်းက မြန်မာစာကို ကျောင်းသုံးလုပ်ဖို့ ကြိုးစားခဲ့ပြီး ရန်ကုန်နဲ့ မြို့ကြီးတွေက နိုင်ငံခြားအမည်နဲ့ လမ်းတွေကိုလည်း မြန်မာလို ပြောင်းခဲ့ပါတယ်။ ၁၉၄၈ နောက်ပိုင်းမှာတော့ တက္ကသိုလ်မှာ မြန်မာလို သင်ကြားရေးကို တောင်းဆိုခဲ့ကြပြီး ၁၉၆၄ နောက်ပိုင်းမှာ အကောင်အထည်ပေါ်လာတာ ဖြစ်ပါတယ်။
တစ်ခါ ၁၉ဝ၆ က စပြီး မြန်မာနိုင်ငံမှာ ခေတ်ပညာတတ်တွေ ထူထောင်တဲ့ ဝိုင်အမ်ဘီအေနဲ့ တခြားအသင်းတွေရဲ့ ဗုဒ္ဓဘာသာ အခြေခံတဲ့လှုပ်ရှားမှု၊ နောက် လူမှုပြုပြင်ရေးတွေကနေ နိုင်ငံရေးတောင်းဆိုမှုတွေထိ တိုးတက်လာ ပါတယ်။ ဒီလို အမျိုးသားရေးလှုပ်ရှားမှုမှာ ဘာသာရေးက စတာဟာ တခြား အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း ခပ်ဆင်ဆင် တွေ့ရပါတယ်။ အင်ဒိုနီးရှားဖြစ်လာမယ့် ဒတ်ချ်ပိုင် အရှေ့အိန္ဒိယကျွန်းစုတွေမှာ ဆာရေကတ် အစ္စလာမ် နဲ့ ဘူဒီအူတိုမိုလို အသင်းအဖွဲ့တွေကနေ အမျိုးသားရေး လှုပ်ရှားမှုတွေစခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာလှုပ်ရှားမှုမှာ ထိုင်းလို ဘုရင်ခန့်အပ်တဲ့ သာသနာပိုင် ထိန်းကွပ်မှု မရှိလို ရဟန်းတော်တွေရဲ့ နိုင်ငံရေးမှာ ပါဝင်မှုက ပိုပြီး ပြင်းထန်လွတ်လပ်ပါတယ်။ ပါတော်မူပြီးနောက်ပိုင်း လက်နက်ကိုင် ပုန်ကန်မှုတွေကနေ (၂ဝ) ရာစု နိုင်ငံရေးခေတ်ထိ မြန်မာအမျိုးသားရေး လှုပ်ရှားမှုတွေမှာလည်း သံဃာသြဇာခံတဲ့ဓလေ့ ပေါ်ထွန်း ခဲ့သလို ဦးဥတ္တမနဲ့ ဦးဝိစာရလို နာမည်ကျော် ရဟန်းနိုင်ငံရေး ခေါင်းဆောင်တွေ ထွက်ပေါ်ခဲ့ပါတယ်။
နောက် အမျိုးသားရေးနဲ့ မြန်မာလိုသင်ရေး အားပေးတဲ့ ပညာရေးစနစ်တွေလည်း ဗုဒ္ဓဘာသာကျောင်းတွေက (၁၉) ရာစု ကုန်ခါနီးကတည်းက စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသားကျောင်းတွေ ပေါ်လာ ပါတယ်။ ဗြိတိသျှခေတ်မှာ ပေါ်လာတဲ့ ခရစ်ယာန်သာသနာပြုကျောင်းတွေမှာ သင်ကြားတဲ့ မြန်မာလူငယ်နဲ့ မိန်းကလေးတွေ ခရစ်ယာန်ထဲ ဝင်တာတွေ ရှိလာလို့ မြန်မာဗုဒ္ဓဘာသာကျောင်းတွေကို တည်ထောင် အားပေး ကြတာ ဖြစ်ပါတယ်။ ဒီကျောင်းတွေရဲ့ သင်ကြားရေးစနစ်မှာ ဗုဒ္ဓဘာသာ သင်ခန်းစာသင်ကြားတာနဲ့ အခမ်းအနားတွေကျင်းပတာ ပါဝင်ပြီး စစ်ပြီးခေတ် အစိုးရကျောင်းတွေမှာထိ အဲဒီအလေ့အထက ကျန်နေခဲ့ပါတယ်။ ဒီဘာသာရေး အမျိုးသားစိတ်ရဲ့ ရလဒ်အဖြစ် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကတည်းက နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးကို ဒီးဒုတ်ဦးဘချိုလို နိုင်ငံရေးသမားတွေက တောင်းဆိုလာခဲ့ကြတာပါ။ နောက်ဆုံး ဦးနုရဲ့ ၁၉၆ဝ ရွေးကောက်ပွဲကတိနဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာသတ်မှတ်ပြီးနောက် ခရစ်ယာန်ဘာသာဝင် ကချင်တွေရဲ့ လက်နက်ကိုင် လှုပ်ရှားမှု ပေါ်ထွက်ခဲ့ပါတယ်။
တစ်ခါ အရှေ့တောင်အာရှ အမျိုးသားရေး လှုပ်ရှားမှုတွေမှာ ပညာတတ် လူတန်းစားက စတင် ခေါင်းဆောင်တယ်လို့လည်း ၁၉၄၃ က အရှေ့ဖျားအာရှ ကွာတာလီး စာစောင်ပါ ကက်နက်ပယ်ရီ လန်ဒန်ရဲ့ အရှေ့တောင်အာရှ အမျိုးသားရေးဝါဒ စာတမ်းမှာ ပါရှိပါတယ်။ မလေးရှား၊ ဗီယက်နမ်၊ မြန်မာနဲ့ ထိုင်း လေးနိုင်ငံမှာ တိုင်းရင်းသားလူချမ်းသာလူတန်းစားက သူတို့သင်ကြားခဲ့တဲ့ အနောက်တိုင်းပညာရေး အရှိန်နဲ့ အမျိုးသားရေးဝါဒကို ပုံဖော်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာ ပညာတတ် ကျောင်းသား၊ နိုင်ငံရေးသမားနဲ့ စာနယ်ဇင်းသမားတွေက အမျိုးသားရေး လှုပ်ရှားမှုမှာ ရှေ့က ပါခဲ့ကြတာဖြစ်ပါတယ်။ ငွေရင်းကြွယ်ဝမှုမှာတော့ ဗြိတိသျှ၊ အိန္ဒိယနဲ့ တရုတ် လူချမ်းသာတွေကို တိုင်းရင်းလူချမ်းသာတွေက မယှဉ်နိုင်လို့ နိုင်ငံခြားသားဆန့်ကျင်တဲ့ အမျိုးသားရေးဝါဒက မြန်မာနိုင်ငံရေးမှာ အမြဲကြီးစိုးခဲ့တာ ဖြစ်ပါတယ်။
မီဒီယာစုံက မျိုးချစ်စိတ်
ဒီလို အမျိုးသားရေးကို ထူထောင်ရာမှာ ပညာတတ်တွေနဲ့ ဘုန်းတော်ကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာသည်တွေက ပုံနှိပ်စာအုပ်၊ သဘင်ဂီတနဲ့ ရုပ်ရှင်စတဲ့ မီဒီယာစုံကို သုံးပြီး ဝါဒဖြန့်ခဲ့ကြပါတယ်။ ဒါကြောင့် ဘုရင်ခေတ်က ပေပုရပိုက်၊ ဇာတ်ပွဲနဲ့ ဘုန်းကြီးကျောင်းကသာ ဖြန့်နိုင်တဲ့ အမျိုးသားရေးထက် ခေတ်သစ် အမျိုးသားရေး လှုပ်ရှားမှုက ပိုမိုကျယ်ပြန့်ခဲ့တာ ဖြစ်ပါတယ်။
တစ်ခါ မန္တလေးကို ဗြိတိသျှသိမ်းပြီးခါစကတည်းက မန္တလေးရတနာပုံ မဟာရာဇဝင်တော်ကြီးနဲ့ တခြား ရာဇဝင်စာအုပ်တွေ ပြုစုထုတ်ဝေခဲ့ကြတယ်လို့လည်း သမိုင်းပညာရှင် ဒေါက်တာတိုးလှက ၂ဝ၁၇ က ထုတ်တဲ့ မြန်မာသမိုင်းသုတေသနစာစောင်ပါ ကိုလိုနီခေတ်ဦး မြန်မာနိုင်ငံစာတမ်းမှာ ရေးသား ပါတယ်။ နောက် ပြည်သိမ်းတပ်တွေနဲ့အတူ ပါလာတဲ့ အိန္ဒိယစစ်သားတွေကို ရွံရှာမုန်းတီး စိတ်နဲ့ စပ်တဲ့ ကျေးလက်သီချင်း တွေလည်း ရွှေဘို ရေဦးစတဲ့ နယ်တွေဘက်မှာ ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ရုပ်သေးစင်ကနေ ဆိုတဲ့ ရွှေပြည်ကြီး၊ ပြည်ကုန်းဘောင် စတဲ့ တေးချင်းတွေကို မသီဆိုဖို့ ဗြိတိသျှအစိုးရက တားမြစ်တဲ့အထိလည်း သီချင်းတွေက လှုံ့ဆော်တဲ့ မျိုးချစ်စိတ်အရှိန်က ကြီးခဲ့ပါတယ်။ နောက်ပိုင်း ဓာတ်ပြား စက်တွေ ရောက်လာချိန်မှာတော့ တို့ဗမာ၊ ပါတော်မူ၊ ရွှေနန်းတက်ပွဲ စတဲ့ သီချင်းတွေဟာ မြန်မာအမျိုးသားရေးဝါဒကို အကြီးအကျယ် နိုးကြားစေခဲ့ပြီး ၁၉၄၁ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ တည်ထောင်တဲ့ မြန်မာအမျိုးသား စစ်တပ်တွေအတွက် လူစုပေးသလို ဖြစ်ခဲ့ပါတယ်။
၁၉၁၁၊ ၁၉၁၄ တို့မှာ စထုတ်ခဲ့တဲ့ သူရိယနဲ့ မြန်မာ့အလင်း သတင်းစာ၊ ၁၉၂ဝ က စတဲ့ ဒဂုန်မဂ္ဂဇင်း၊ ၁၉၃ဝ ကျော်မှာ ထုတ်ခဲ့တဲ့ ရဲ၊ ဆယ်သန်း၊ ကြီးပွားရေး၊ ဂျာနယ်ကျော် စတဲ့ စာနယ်ဇင်းတွေဟာ မြန်မာပြည် နိုင်ငံရေးကို မျက်စိဖွင့်နိုးကြားစေခဲ့တဲ့ စာစောင်တွေ ဖြစ်ကြပါတယ်။ ဗြိတိသျှအောက်မှာ ပုံနှိပ်ဥပဒေအမျိုးမျိုးနဲ့ ဖိနှိပ်ချုပ်ချယ်တာတွေကြားက သွေးထိုးလှုံ့ဆော်ခဲ့ကြတဲ့ ဒီစာနယ်ဇင်းတွေကြောင့် အုပ်ချုပ်သူတွေ မျက်စိ ဒေါက်ထောက် ကြည့်နေခဲ့ရပါတယ်။ တစ်ခါ ၁၉၃၈-၃၉ မှာ ဖြစ်တဲ့ လူမျိုးရေးအဓိကရုဏ်းတွေမှာ မြန်မာ သတင်းစာတွေ လက်ချက် အဓိကပါတယ်လို့လည်း ဗြိတိသျှမှတ်တမ်းတွေက ဆိုပါတယ်။
နောက် ၁၉၂ဝ လောက်က စတင်ထုတ်ဝေခဲ့တဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ တပင်ရွှေထီး ဝတ္ထုတော်ကြီး၊ ၁၉၃၆ လောက်က ထုတ်တဲ့ ရွှေစကြာရဲ့ နာခံတော်နဲ့ ၁၉၃၇-၃၈ တဝိုက်မှာ ထွက်တဲ့ ဦးဖိုးကျားရဲ့ ခေတ်မီမြန်မာရာဇဝင်အကျဉ်းနဲ့ မြန်မာ့ဂုဏ်ရည် စာအုပ်၊ မဟာဆွေရဲ့ ဒို့မေမေနဲ့ သူပုန်ကြီး စတဲ့ဝတ္ထုတွေဟာ အဲဒီခေတ် လူငယ်တွေကို မျိုးချစ်စိတ် ထူထောင်ပေးခဲ့တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ ဒီစာအုပ်တွေက ရာဇဝင်လာ သူရဲကောင်းတွေကို လူငယ်တွေ အားကျလာအောင် ပုံဖော်ပေးခဲ့သလို ဗြိတိသျှအစိုးရကို အကြမ်းနည်းနဲ့ တိုက်ထုတ်ဖို့၊ ဗြိတိသျှဘက်သား သစ္စာဖောက်တွေ ရှင်းပစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဇော်ဂျီရဲ့ ရှေးခေတ်ပုဂံပြည်ကဗျာ၊ မင်းသုဝဏ်ရဲ့ သပြေညိုလိုကဗျာတွေကြောင့်လည်း လွတ်လပ်ရေးနဲ့ ကိုယ့်မင်းကိုယ့်ချင်းဘဝကို မျှော်မှန်းစိတ်က ပိုကြီးလာခဲ့ပါတယ်။
နောက် လက်ဝဲဝါဒလည်း ဝင်လာနေပြီ ဖြစ်လို့ ၁၉၃၈ က ရေးတဲ့ သိန်းဖေရဲ့ ရေနံနဲ့ သီချင်းဆို၍ ငိုရသည် ဝတ္ထုတို၊ သခင်ဗဟိန်းရဲ့ ဓနရှင်လောက၊ မောင်နုရဲ့ လူမွဲတို့၏ထွက်ရပ်လမ်းနဲ့တကွ သခင်စိုးရဲ့ ဗမာ့တော်လှန်မှု လို စာအုပ်တွေက လူငယ်တွေကို လက်ဝဲဝါဒနဲ့ ရင်းနှီးစေခဲ့ပါတယ်။ နိုင်ငံမှာ လူများစု တိုင်းရင်းသားတွေ ဆင်းရဲပြီး နိုင်ငံခြား ဓနရှင်တွေက သွေးစုပ်ခြယ်လှယ်နေကြတယ် ဆိုတဲ့ အမြင်ကို နဂါးနီနဲ့ တခြား လက်ဝဲစာပေ တိုက်တွေက ထုတ်တဲ့ စာအုပ်တွေက ပေးခဲ့လို့ စစ်ပြီးမှာ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ခေတ်စားလာပါတယ်။ ၁၉၆၂ နောက်ပိုင်းမှာတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အရ ပြည်သူပိုင်သိမ်းတာနဲ့ နိုင်ငံခြားသားဆိုပြီး သတ်မှတ် ခံရတဲ့ အိန္ဒိယနဲ့ တရုတ်နွယ်ဖွားတွေကို ပြန်ပို့တာ၊ ခွဲခြားနှိမ့်ချတာတွေ ဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးနဲ့ လူမျိုးရေး
ပထမ ကမ္ဘာစစ်အတွင်းမှာ ထွက်တဲ့ မွန်တေဂူ-ချမ်းစဖို့ အစီရင်ခံစာမှာ မြန်မာပြည် အုပ်ချုပ်ရေး တိုးပေးဖို့ ပါမလာလို့ ၁၉၁၉ မှာ လန်ဒန်လွှတ် အရေးဆိုရာက မြန်မာပြည်နိုင်ငံရေး စခဲ့ပါတယ်။ နောက်တစ်ခါ ကျောင်းသား သပိတ်အပြီး ဝံသာနုတစ်ခေတ်ထလာသလို ၁၉၃ဝ ကျော်မှာလည်း အိန္ဒိယက ခွဲရေးတွဲရေးအတွက် နိုင်ငံရေးပြင်းထန်ခဲ့ပါတယ်။ ၁၉၃၇ နောက်ပိုင်း ဒေါက်တာဘမော် လက်ထက်မှာ လယ်သမားတွေ အကြိုက် မြေခွန် လျှော့ပေါ့ရေး၊ လယ်မြေပြန်ရရေးတွေ လုပ်ပေးပေမယ့် ဦးစောလို လွတ်လပ်ရေး တောင်းတဲ့ ခေါင်းဆောင်တွေ အာဏာရလာတာကိုတော့ မတွန်းလှန်နိုင်ခဲ့ပါဘူး။ အစိုးရရာထူးကြီးတွေမှာ မြန်မာတွေကို ခန့်တဲ့ မြန်မာမှု ပြုတာဟာ ဦးစောလက်ထက်ကစပြီး ဗြိတိသျှ အောက်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒိုမီနီယံနီးပါး အာဏာရ လာခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း တို့ဗမာလှုပ်ရှားမှုနဲ့ ဂျပန်နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကြောင့် ဗမာအမျိုးသားတပ်တွေဖွဲ့ပြီး ဗြိတိသျှကို တော်လှန် တိုက်ခိုက်တာတွေ ဖြစ်လာပြီး လွတ်လပ်ရေးလမ်းကို တက်လှမ်းနိုင်ခဲ့ကြပါတယ်။
ဒီလို လွတ်လပ်ရေးရပေမယ့် အမျိုးသားညီညွတ်မှုက မတည်ဆောက်နိုင်ခဲ့ပါဘူး။ တိုင်းရင်းသားနဲ့ နိုင်ငံခြားသားဆိုတဲ့ ကွဲပြားမှုက နိုင်ငံရေးခေတ်ဦးကတည်းက ရှိခဲ့ပါတယ်။ မြန်မာပြည်မှာ လူအများစုက ၁၉၃၀ မတိုင်ခင်ထိ အမျိုးသားရေး စိတ်မဝင်စားကြဘဲ စီးပွားပျက်ကပ်ကြောင့် ဆင်းရဲလာလို့ စီးပွားရေးကို ထိန်းထားတဲ့ ဗြိတိသျှလက်ဝေခံ တရုတ်နဲ့ အိန္ဒိယတစ်သန်းခွဲကို ဆန့်ကျင်ရေး ပြင်းထန်လာတယ်လို့ အနောက်တိုင်း သုတေသီတွေက သုံးသပ် ပါတယ်။ ကိုလိုနီခေတ်က ရန်ကုန်မြို့ရဲ့အခွန် (၇၀) ရာခိုင်နှုန်းကို သူတို့ပေးနေပြီး မြန်မာက (၁၁) ရာခိုင်နှုန်းပဲ ပေးနိုင်တာ ဖြစ်ပါတယ်။ အောက်ပြည်မှာ လယ်မြေ (၁၂) ရာခိုင်နှုန်းပဲ လယ်လုပ်သူ လက်မှာ ရှိပြီး ကျန်တာဟာ ချစ်တီးနဲ့ မြန်မာမဟုတ်တဲ့ လယ်ရှင်တွေလက် ရောက်နေတာပါ။ နောက် အဲဒီခေတ်က မြန်မာပြည်မြို့တော် ရန်ကုန်ကို အများဆုံး ပိုင်ဆိုင်သူတွေက မြန်မာနဲ့ တိုင်းရင်းသား မဟုတ်သူတွေ ဖြစ်တယ်လို့လည်း ဒေါ်ကြန်က ရေးပါတယ်။ ဒီလိုစီးပွားရေး တန်းမတူမှုတွေကနေ အရင်းခံပြီး လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ခဲ့သလို လွတ်လပ်ပြီးခေတ် နိုင်ငံရေးအထိလည်း ဒါတွေက ရိုက်ခတ်ခဲ့ပါတယ်။
ဗမာ မြန်မာ ဒွိဟ
၁၉၃ဝ မှာ တို့ဗမာအစည်းအရုံးကို တည်ထောင်ပြီး တစ်နိုင်ငံလုံးကို ဗမာဆိုတဲ့ သတ်မှတ်ချက်နဲ့ လွှမ်းခြုံဖို့ ကြိုးစားပါတယ်။ ထိုင်းမှာပေါ်တဲ့ မဟာထိုင်းလှုပ်ရှားမှုနဲ့ အလားတူတဲ့ မဟာဗမာလှုပ်ရှားမှု ဖြစ်ပါတယ်။ ဗြိတိသျှရဲ့ တစ်ဆင့်ခံ အုပ်ချုပ်ရေးအောက်က တောင်ပေါ်ဒေသတွေအထိ တို့ဗမာဝါဒက သေချာ မထိုးဖောက်နိုင်တဲ့အတွက် ၁၉၄၇ မှာ ပင်လုံစာချုပ်နဲ့ ညှိယူဖို့ ကြိုးစားပါတယ်။ ဒီအတွင်း ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ညီညွတ်ရေး ပြိုကွဲခဲ့သလို စစ်အတွင်း ကရင်-ဗမာ အဓိကရုဏ်းနဲ့တကွ ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ စစ်ပြီးခေတ် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အပြိုင်ဩဇာတက်လာမှုတွေကနေ လွတ်လပ်ရေးရဲ့ ဖွားဘက် ပြည်တွင်းစစ် ကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒီပြည်တွင်းစစ်ကို မြန်မာအမျိုးသားရေးနဲ့ လူမျိုးငယ်တွေရဲ့ အမျိုးသားရေးဝါဒတွေ ယှဉ်ပြိုင်မှု၊ လက်ဝဲနဲ့ လက်ယာ နိုင်ငံရေးဝါဒတွေရဲ့ ပြိုင်ဆိုင်မှု၊ ဘာသာရေးကွဲပြားမှုတွေကနေ ပျံ့နှံ့ ဖြစ်ပွားတဲ့ စစ်ပွဲလို့ ယူဆကြပြီး အနှစ် (၇ဝ) ကျော် မငြိမ်းချမ်းဘဲ ဖြစ်နေပါတယ်။
မြန်မာအစိုးရအဆက်ဆက် လက်ခံကျင့်သုံးခဲ့တဲ့ အမျိုးသားရေးဝါဒအရှိန်နဲ့ ၂ဝ၁၂ နောက်ပိုင်း နိုင်ငံကို ပြန်တံခါးဖွင့်တဲ့အချိန်မှာလည်း ဗုဒ္ဓဘာသာအခြေခံတဲ့ မြန်မာအမျိုးသားရေးဝါဒ ပြန်လည်ပေါ်ထွန်းလာပါတယ်။ လူမှုကွန်ရက်နဲ့ ပုံနှိပ်မီဒီယာတွေ၊ ဘုန်းတော်ကြီးနဲ့ နိုင်ငံရေးသမားတွေထဲကလည်း အမျိုးသားရေးဝါဒီတွေ ပေါ်ထွက်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်နယ်စုံက လူမျိုးစုတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကလည်း ငုပ်လျှိုးမနေဘဲ ပေါ်ထွက်လာခဲ့ပါတယ်။
မြန်မာတွေဟာ စစ်အစိုးရအောက်မှာ တခြား လူမျိုးစုတွေနဲ့အတူ ဖိနှိပ်ခံခဲ့ရတယ်ဆိုပေမယ့် မြန်မာမဟုတ်သူတွေနဲ့ ဆက်ဆံရေးမှာတော့ အနောက်တိုင်းက လူဖြူတွေ လူဖြူမဟုတ်သူတွေနဲ့ ဆက်ဆံရာမှာ အခွင့်ထူးခံရ သလိုပဲ အထူးခံစားရတာတွေ ရှိတယ်ဆိုပြီး ၂ဝ၁၃ ထုတ် ခေတ်ပြိုင် အာရှ နိုင်ငံရေးဂျာနယ်ပါ မြန်မာရဲ့ အခွင့်ထူး စာတမ်းမှာ ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ်က နိုင်ငံရေးသိပ္ပံတွဲဖက်ပါမောက္ခ ဒေါက်တာ မက်သယူး ဝေါ်လ်တန်က ရေးပါတယ်။
ဒါကြောင့် မြန်မာအမျိုးသားရေးဝါဒရဲ့ လူမျိုးစွဲ၊ ဘာသာစာပေစွဲ နဲ့ ဘာသာရေးအစွဲ ပြင်းထန်မှုတွေကို ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ လျော်ညီအောင် ထိန်းညှိပြီး တခြား လူမျိုးစုတွေဘက်ကလည်း အလားတူ သုံးသပ် သင့်တယ်၊ တိုင်းရင်းသား နိုင်ငံခြားသား ခွဲခြားမှုကို ပျောက်အောင် ကြိုးစားပြီး နိုင်ငံချစ်စိတ်နဲ့ ဘာသာရေး လူမျိုးရေး အခြေမခံတဲ့ နိုင်ငံသားစိတ်ဓာတ် ထွန်းကားလာအောင် ကြိုးစားသင့်တယ်လို့ သုတေသီနဲ့ စာနယ်ဇင်းသမားတွေက သုံးသပ်ကြပါတယ်။
နောက် ကရင်အမျိုးသားနေ့၊ ရှမ်းအမျိုးသားနေ့ စတဲ့ အမျိုးသားနေ့ပေါင်း ဒါဇင်နဲ့ချီရှိတဲ့ နိုင်ငံမှာ မြန်မာအမျိုးသားနေ့ သက်သက် မရှိပေမယ့် အမျိုးသားနေ့ အခေါ်ခံ ရုံးပိတ်ရက်ကြီး ရှိနေတာကလည်း မြန်မာပြည်ရဲ့ ထူးခြားမှု ဖြစ်ပါတယ်။