'အသက်ရှင်ရတာ အပြစ်လို့ ခံစားမိနေပြီ '- ဖားကန့်မြေပြိုမှုမှာ အသက်ရှင်ကျန်ရစ်သူ

    • ရေးသားသူ, စိုးစိုးထွန်း
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

"ခါးက ဒဏ်ကြီး ကျန်ခဲ့မှာကို ကျွန်တော် တော်တော်ကြောက်တယ်၊ ဘာလုပ်လုပ် အဆင်ပြေတော့မှာ မဟုတ်ဘူး"

ကိုစည်သူဖြိုးကို စတွေ့တော့ သွပ်မိုး ပျဉ်ထောင်ကာ နေအိမ်လေးထဲမှာပါ။ အသားခပ်ညိုညို ဖျတ်ဖျတ်လတ်လတ်ပုံ ရှိခဲ့မယ့်သူ တစ်ယောက်ဟာ ခါးဒဏ်ရာကြောင့် ရက်ပေါင်းများစွာ အိမ်ယာထဲ လှဲနေခဲ့ရပါတယ်။

"အေးတဲ့အခါ မိုးနည်းနည်း အုံ့ခဲ့ပြီဆိုရင် ကိုက်တယ်၊ ထိုင်တာ များသွားရင်လည်း ကိုက်တယ်၊ ညဖက်ဆို နှိုးစက်လို ဖြစ်နေတာ ၁ နာရီလောက်အိပ်ပြီးရင် တစ်မျိုးပြန်ပြောင်းရတယ်" လို့ ပြောရင်း ကျွန်မတို့ ရောက်လာတော့ ထထိုင်ဖို့ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။

ခန္ဓာကိုယ်ကို နံရံမှာ ခပ်လျောလျော ထိုင်ရင်း အစချီ ပြောတာက..

"ကျွန်တော် ခြေလှမ်း ၂ လှမ်းပဲ ပြေးလိုက်ရတယ်၊ လှိုင်းလုံးကြီး စရိုက်တော့ ရေအကြည်၊ နောက်တော့ နွံတွေ၊ အပေါ်ကို ပြန်ပေါ်လိုက် အသက်ရှူလိုက် ပြန်မြုပ်သွားလိုက် ခဲတွေလာရိုက်လိုက်နဲ့……"

နောက်တော့ တစ်ချက်ရယ်လိုက်ပြီး "ကျွမ်းတွေလည်းထိုးလို့ ဘယ်နှပတ်လည်း မသိဘူး…."

လှိုင်းအရိုက်မှာ အပေါ်က ကျလာတဲ့ ကျောက်တုံးတွေက ခါးကို တဲ့တဲ့ ထိမှန်ခဲ့လို့ ကိုစည်သူဖြိုးဟာ ဦးခေါင်းကွဲ၊ မေးစေ့ကွဲပြီး မသေရုံတမယ် ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဖားကန့်က ဝှေခါကျောက်တွင်းလုပ်ကွက် မြေပြိုမှုမှာ သေဆုံးသူ ၁၇၀ ကျော်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ပြီး ၅၆ ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ လူပျောက်တိုင်သူ ၂၀ ကျော်ရဲ့ အလောင်းတွေကိုတော့ ခုထိ ပြန်မရှာနိုင်ခဲ့ပါဘူး။

ဖားကန့်က ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တွေမှာ မိုးတွင်းကာလ ဇွန်လ ၃၀ ရက်နေ့ကစလို့ လုပ်ငန်းတွေ ရပ်နားထားခဲ့ပါတယ်။

မြေပြိုမှုကတော့ လုပ်ငန်းတွေ ရပ်နားပြီး ၂ ရက်အကြာ ဇူလိုင် ၂ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။

"လုပ်ကွက်ထဲ တူးဖော်နေတုန်းကတော့ ရေတွေကို ရေစုပ်စက်နဲ့ ကုမ္ပဏီတွေက နေ့စဉ် စုပ်ထုတ်တာပေါ့၊ ဇွန် ၂၅၊ ၂၆ လုပ်ငန်းတွေ သိမ်းခဲ့ပြီး နောက်တော့ ကျန်ခဲ့တဲ့ရေတွေနဲ့ မိုးအဆက်မပြတ်ရွာတာတွေကြောင့် အဲ့ဒီမှာ ရေစုကန်ကြီး ဖြစ်လာခဲ့တာပါ" လို့ ကချင်ပြည်နယ်အစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

ဒီရေစုကန်ဟာ အရှည် ပေ ၁ ထောင် ဝန်းကျင်၊ အကျယ် ပေ ၃၀၀ ခန့် ရှိနိုင်ပြီး ရေကန် အနက်ကတော့ လူ တစ်ရပ် ကျော်လောက် ရှိတယ်လို့ လည်း သူက ပြောပါတယ်။

ကျောက်ခဲတွေနဲ့ မြေစိုင် မြေခဲတွေ ရေစုကန်ထဲ ပြိုကျလာတဲ့အခါမှာတော့ ရေကန်အစပ်နားရှိနေသူတွေရော ရေကန် အထက် ပေ ၇၀ လောက်အထိ တူးနေသူတွေကိုရော ရေလှိုင်းက သိမ်းကျုံးရိုက်ပြီး ရေကန်ထဲ ဆွဲချသလို ဖြစ်သွားခဲ့ပါတယ်။

"ကမ်းပေါ်ရောက်တော့ ကျောက်တုံးတစ်တုံးကို ဖက်ပြီးတော့ နွံတွေကို အန်နေရတယ် … ရွံ့တွေက ပါးစပ်၊ မျက်လုံး၊ နား၊ နှာခေါင်းထဲတွေ အကုန်လုံး …. အသက်ရှူလိုက်ရင် နွံ အပုပ်နံတွေ ရနေတယ်" လို့ အဲ့ဒီတုန်းက အတွေ့အကြုံကို ကိုစည်သူဖြိုးက ပြောပြပါတယ်။

"အလောင်းတွေက ငါးအသေ အပုပ်တွေကို ပစ်ထားသလိုပဲ၊ ကမ်းစပ်ကို ကူးလာပြီးမှ သေသွားတာလည်း ရှိသေးတယ်" လို့ ဆက်ပြောပြပါတယ်။

ဖားကန့်က ကျောက်တွင်း လုပ်ကွက်တွေမှာ မြေပြိုလို့ သေဆုံးမှုတွေ မကြာခဏ ဖြစ်ပေမယ့် အခု တစ်ခေါက်ကတော့ သေဆုံးမှုအများဆုံးနဲ့ ထိခိုက်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ သေကြသူတွေ ထိခိုက်ကြသူတွေထဲ တက္ကသိုလ်တက်နေသူတွေ၊ ဘွဲ့ရထားသူတွေလည်း ပါပါတယ်။

မိုးညှင်းတက္ကသိုလ်မှာ မြန်မာစာအထူးပြုနဲ့ ဘွဲ့ရထားတဲ့ ကိုရန်မျိုးအောင်ဟာလည်း မြေပြိုမှုကို ကိုယ်တွေ့ကြုံခဲ့ရပြီး ခေါင်းမှာ ၁၄ ချက် ချုပ်ခဲ့ရသလို ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာ ဒဏ်ချက်ကြီးတွေ ရခဲ့ပါတယ်။

ဒီမြေပြိုမှုမှာ ကိုစည်သူဖြိုးနဲ့ ကိုရန်မျိုးအောင်တို့ သူငယ်ချင်း ၂ ယောက်ဟာ သူတို့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ၈ ယောက်လောက် ဆုံးရှုံးခဲ့ရပါတယ်။

"တစ်အိပ်ယာထဲ အတူအိပ်၊ ညီအစ်ကိုလို ပေါင်းခဲ့သူတွေ ပါသွားတာဆိုတော့ ဝမ်းနည်းတယ်၊ သူတို့မိသားစုကို မျက်နှာ မပြရဲဘူး၊ အသက်ရှင်ရတာတောင် ခံစားမိနေတယ်၊ သူတို့သေပြီ ပြောတုန်းကဆို ငိုချလိုက်တယ်" လို့ ကိုစည်သူဖြိုးက ဝမ်းပန်းတနည်း ပြောပါတယ်။

လောဘ သားကောင်တွေလား

ဖားကန့်ဟာ တစ်ကမ္ဘာလုံးက ကျောက်စိမ်းထုတ်လုပ်မှုရဲ့ ၇၀% ထွက်ရှိနေတာ ဖြစ်ပါတယ်။

ကျောက်စိမ်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေရနေပေမယ့် တူးဖော်ရေးလုပ်ကွက်တွေမှာတော့ မြေပြိုမှုတွေနဲ့ လူသေဆုံးမှုတွေက နှစ်စဉ် ဖြစ်နေပြီး အခုတခေါက်ကတော့ အဆိုးရွားဆုံးနဲ့ လူသေဆုံးမှုကလည်း စံချိန်တင် များခဲ့ပါတယ်။

"အရင်ကတော့ ဆက်သွယ်ရေးတွေ ဘာတွေ မကောင်းဘူးဆိုတော့ လူ မသိဘူးပေါ့၊ ဒီလိုပဲ ရာကျော် သေတာပဲ၊ အခုက လိုင်းပေါ်မှာ လူတွေတင်တော့ သိလာကြတယ်လေ၊ အရင်ကဆို ကိုယ့် မသာ ကိုယ်သင်္ဂြိုဟ်၊ အလောင်းတွေ့ရင် သင်္ဂြိုဟ်၊ မတွေ့ရင် ဒီအတိုင်းပဲ နေလိုက်တော့" လို့ ကိုစည်သူဖြိုးက ပြောပါတယ်။

မြေပြိုမှုဖြစ်ပြီး နောက် ၁ ရက်မှာ အစိုးရက သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဝှေခါအထိ ကွင်းဆင်းစစ်ဆေးမှုတွေ လာလုပ်တဲ့အခါမှာတော့ စုံစမ်းရေးအဖွဲ့ဥက္ကဌ ဦးအုန်းဝင်းက မြေပြိုရတာဟာ မိုးအဆက်မပြတ်ရွာတာကြောင့်လည်းဖြစ်ပြီး "သေဆုံးသူတွေဟာ လောဘကြောင့် သေဆုံးရတာ" လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း "သေဆုံးသူတွေထဲမှာ တရားမဝင် ကျောက်ရှာသူတွေ အများအပြားပါနေပြီး ဒါဟာ တရားဝင် အလုပ်ရဖို့ ခက်ခဲနေတာကို ပြသတာ" လို့ ပြောခဲ့ပါတယ်။

ကိုရန်မျိုးအောင်ကတော့ ဒီလို မှတ်ချက်တွေအပေါ် စိတ်မချမ်းမမြေ့ ဖြစ်ကြောင်း ပြောပါတယ်။

"သူတို့က အဲ့လိုပြောတော့ ခံရတဲ့လူက ဘယ်စိတ်ပျော်မလဲ၊ နဂိုက စိတ်က မကောင်းပါဘူးဆိုမှ သူတို့ပြောတော့ စိတ်က ပိုမကောင်းဖြစ်တာပေါ့"

"အဖေ၊ ညီအစ်ကိုတွေ တစ်အိမ်လုံး ပါသွားတဲ့သူတွေ အများကြီးလေ၊ လူကြီးတွေ လာရင်လည်း နှစ်သိမ့်ပေးဆို ပိုကောင်းတာပေါ့၊ အဲ့လိုကြီး လောဘကြောင့် ဖြစ်တာရော ဘာတွေရော ပြောတော့ နည်းနည်းတော့ ဘဝင်မကျဘူးပေါ့"

"လူကြီးတွေကိုလည်း အပြစ်တော့ မပြောပါဘူး၊ ကိုယ်ဖြစ်တော့ ကိုယ်ခံရတာပဲ" လို့ သူက ပြောပါတယ်။

လောလောဆယ်မှာတော့ ဖားကန့် မြေပြိုမှု စုံစမ်းရေးအဖွဲ့ဟာ အစီရင်ခံစာကို သမ္မတရုံးကို တင်ထားပြီ ဖြစ်ပါတယ်။

အဲ့ဒီထဲမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက် ၄ ချက်၊ စစ်ဆေးတွေ့ရှိချက် ၅ ချက်နဲ့ အကြံပြုတင်ပြချက် ၁၂ ချက် ပါဝင်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။ အသေးစိတ်ကိုတော့ မထုတ်ပြန်နိုင်သေးဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။

ကျောက်မျက်ဝင်ငွေ ဘယ်လောက်ရှိလဲ

ရေမဆေးသမားတွေကတော့ ကုမ္ပဏီတွေက စိတ်ကြိုက် တူးဖော်ရှာဖွေပြီး စွန့်ထုတ်လိုက်တဲ့ မြေစာပုံတွေမှာ ကျောက်ရှာကြရသူတွေဖြစ်ပြီး ဒါဟာ ဒေါ်လာ ဘီလီယံ နဲ့ချီတဲ့ လုပ်ငန်းရဲ့ အစိတ်အပိုင်း အသေးလေး တစ်ခုလောက်ပဲ ဖြစ်ပါတယ်။

"ရေမဆေးသမားတွေ ရှာတယ်ဆိုတာ တစ်နေ့လုံးမှ သူတို့ ဘက်ဂ်ဟိုး တကော်စာလောက်ပဲ ရှိပါတယ်" လို့ ကိုဖြိုးစည်သူက ပြောပါတယ်။

ကုမ္ပဏီတွေဟာ ပေ ၄၀၀၊ ၅၀၀ အထိ နက်တဲ့ ဧကချီ လုပ်ကွက်တွေမှာ စက်ယန္တရားကြီးတွေနဲ့ နေ့ည ရှာဖွေမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

တွင်းထွက်သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ သုတေသန ပြုတဲ့ အမေရိကန်အခြေစိုက်အဖွဲ့အစည်း Natural Resource Governance Institute ရဲ့ ၂၀၁၉ ခုနှစ် အချက်အလက်တွေမှာတော့ မြန်မာနိုင်ငံဟာ ကျောက်စိမ်းကဏ္ဍကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ဝင်ငွေရနေတယ်လို့ ဖော်ပြပါတယ်။

တရားဝင်စာရင်းတွေအရတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာနဲ့ မတ်လ ကျောက်မျက်ပြပွဲ ၂ ခုပေါင်းရဲ့ ဝင်ငွေဟာ ဒေါ်လာ သန်း ၉၀၀ ကျော် ရှိခဲ့ပါတယ်။

သံယံဇာတ ထုတ်ယူမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ Global Witness ရဲ့ စည်းရုံးရေးခေါင်းဆောင် Paul Donowitz ကတော့ "မြန်မာအစိုးရဟာ ကျောက်စိမ်းဝင်ငွေကနေ ရမယ့် နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာ ၈၀ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်း အထိ ဆုံးရှုံးနေတယ်" လို့ ထောက်ပြပါတယ်။

တပ်မတော်အရာရှိဟောင်းတွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကျောက်စိမ်းတူးဖော်မှုတွေမှာ ထဲထဲဝင်ဝင် ရင်းနှီးမြုပ်နှံထားကြပါတယ်။

"တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်မတော်နဲ့ ဆက်စပ်သူတွေဟာ ဒီလုပ်ငန်းမှာ ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတဲ့ အထောက်အထားတွေ ကျွန်တော်တို့ ရထားပါတယ်" လို့ Paul Donowitz က ပြောပါတယ်။

"တကယ်လို့ အပစ်ရပ်လိုက်ရင် ကျောက်တွင်းလုပ်ကွက်ထဲက သူတို့ အကျိုးစီးပွားတွေ ပျက်သွားနိုင်တယ်" ဆိုပြီးတော့လည်း Paul Donowitz က သုံးသပ် ပြောဆိုပါတယ်။

ဖားကန့် ရတနာမြေ

၂၀၁၆ ခုနှစ် စာရင်းဇယားတွေအရ ဖားကန့်က ဧက ၂ သောင်းကျော်ရှိတဲ့ မြေဧရိယာပေါ်မှာ ကုမ္ပဏီ ၈၀၀ လောက်က ကျောက်မျက် တူးဖော်မှုတွေ လုပ်နေကြတာ ဖြစ်ပါတယ်။

လုပ်ကွက်မှာတော့ ကုမ္ပဏီတချို့က လုပ်ကိုင်ခွင့် သက်တမ်းတွေ ကုန်ဆုံးသွားပြီ ဖြစ်ပေမယ့် ၂၀၂၀ ဇူလိုင်လ ၁ ရက်နေ့အထိ စာရင်းတွေအရ ကုမ္ပဏီ ၁၄၀ ကတော့ သက်တမ်းဆက်ရှိနေပါသေးတယ်။

"တချို့ကတော့ ၂၀၂၂ ခုနှစ်ကျ သက်တမ်းကုန်မှာ ဖြစ်တယ်" လို့ ဖားကန့်မြေပြိုမှု စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်လည်းဖြစ် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဦးမင်းသူက ပြောပါတယ်။

ဖားကန့်မှာ ကျောက်မျက်တူးဖော်ခွင့်ရတဲ့ ကုမ္ပဏီတွေထဲမှာ တပ်မတော်အရာရှိဟောင်းတွေပါတဲ့ မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ဆက်စပ်တဲ့ကုမ္ပဏီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ဆက်စပ်တာတွေ၊ တရုတ်ကုမ္ပဏီတွေနဲ့ ဆက်စပ်တာတွေ ပါပါတယ်။

ကုမ္ပဏီတွေနဲ့ အစိုးရကြား အကျိုးတူ လုပ်ကွက်တွေဟာ ဧက ၅၀ အထိ အကျယ်ရှိတတ်ပါတယ်။

"မြန်မာနိုင်ငံသားကုမ္ပဏီက အစိုးရနဲ့ အကျိုးတူ လုပ်ကိုင်ခွင့်ရတယ်၊ ရလာတဲ့ ကျောက်ရဲ့ ရောင်းရငွေရဲ့ ၂၅ % ကို နိုင်ငံတော်၊ ၇၅ % ကို ကုမ္ပဏီတွေဘက်က ရပါတယ်" လို့ ဦးမင်းသူက ရှင်းပြပါတယ်။

ကျောက်မျက်ဥပဒေမှာ မြန်မာနိုင်ငံသားတွေပဲ လျှောက်ထား လုပ်ပိုင်ခွင့် ရှိတာကြောင့် နာမည်ခံခိုင်းပြီး တရုတ် စီးပွားရေးလုပ်ငန်းရှင်တချို့က နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

"ကျွန်တော်တို့ကတော့ ကုမ္ပဏီက ရင်းနှီးမြုပ်နှံမှု ကော်မရှင် DICA ရဲ့ စာရင်းကိုကြည့်တယ်၊ ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ၊ ဒါရိုက်တာတွေက နိုင်ငံသားဖြစ်မဖြစ် ဆိုတာနဲ့ပဲ အလုပ်လုပ်တယ် ပြင်ပကတော့ အမျိုးမျိုး ဝေဖန်တာတော့ ရှိတယ်၊ ဒါကိုတော့ ကျွန်တော် မသိနိုင်ဘူး၊ ပြောပြလို့ မဖြစ်နိုင်ဘူး"

အခုပြိုကျမှုဖြစ်ခဲ့တဲ့ လုပ်ကွက်နေရာနဲ့ အနီးတဝိုက်နေရာမှာ ဒေသအခေါ် တစ် သုံးလုံး (ခ) ကျောက်မျက်ရွှေပြည်၊ ဧရာ ရတနာအုပ်စု၊ ရတနာကြယ်၊ ဟိုးလ် အင်ဝင်း စတဲ့ ကုမ္ပဏီ ၄ ခု ၅ ခု ထက် မနည်းက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တစ် သုံးလုံး ကုမ္ပဏီဟာ ၀ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေသလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးအပေါ် ဦးမင်းသူက "ငြိမ်းချမ်းရေးယူခဲ့စဉ် အခါတုန်းက ကေအိုင်အို တို့ ဘာတို့ဆိုရင် ဘူးဂါးတို့ ဘာတို့လို ကုမ္ပဏီတွေ ရှိခဲ့တယ်၊ ငြိမ်းချမ်းရေးရှိနေတဲ့ အဖွဲ့တွေကျတော့ ဆက်ရှိနေကြမှာပေါ့နော်" လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ အစိုးရနဲ့ နှစ်ဖက် သဘောတူ အပစ်ရပ်ရေးစာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်

ဝေစား မျှစားဘ၀တွေ

ရေမဆေးသမားတွေအဖို့ ကျောက်အလုံးကြီး ရပြီဆိုတာနဲ့ အဲ့ဒီမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ကုမ္ပဏီတွေ၊ အုပ်ချုပ်ရေးပိုင်းတွေကို ဝေစု ခွဲပေးရတယ်လို့ ရေမဆေးသမားတွေက ပြောပါတယ်။

"ကျောက်ရပြီဆိုတာနဲ့ တွင်း၀ ထိပ်ကနေ ထိုင်စောင့်နေပြီး ဝေစုတောင်းတာ…" လို့ ကိုစည်သူဖြိုးက ပြောပါတယ်။

မြေပြိုမှုမှာ သေသွားတဲ့ သူငယ်ချင်းတစ်ယောက်ဆို အရင်ရက်က အလုံးကြီးရခဲ့တယ်၊ သယ်သွားလည်း အပေါ်ရောက်ရင် သိမ်းမှာဆိုတော့ ရေထဲကို ကန်ချထားခဲ့တယ်" လို့ ပြောပါတယ်။

"ကျွန်တော်တို့မှာ ဘာမှမရှိဘူး၊ ကျောက်အသေးလေး ရရင်တောင် အိမ်မှာ လာတောင်းရင် ပေးရတယ်၊ ဘာအခွင့်အရေးမှ မရှိဘူး" လို့ ကိုစည်သူဖြိုးက တွေတွေကြီး စဉ်းစားရင်း ပြောလာပါတယ်။

မြေပြိုမှုမှာ သားဖြစ်သူ ပျောက်ဆုံးနေတဲ့ ဒေါ်မူမူကတော့ မန္တလေးကနေ ဖားကန့်ကို သတင်းကြားကြားချင်း ရောက်လာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် သားဖြစ်သူ ကိုရာဇာဟာ ဝှေခါမှော်မှာ ရေမဆေးကျောက်ရှာနေတာ ၁၀ နှစ်နီးပါးလောက် ရှိနေပြီး မြေပြိုတဲ့နေ့က သူငယ်ချင်းနဲ့ အဲ့ဒီလုပ်ကွက်ထဲမှာ ကျောက်ရှာနေခဲ့တာပါ။

"ရောက်ကတည်းက ရှာနေတာ၊ ပေါ်လာတယ်ဆို ပြေးပြေးကြည့်ရတာ… ကြာတော့ အဲ့ဒီထဲကိုသွား တက်ရ ဆင်းရ တာနဲ့ ဒူးတွေကို နားလှပါပြီ၊ ယောင်လာပြီး မသွားနိုင်လောက်အောင် ဖြစ်တာပါ" လို့ ရောင်ရမ်းနေတဲ့ သူ့ဒူးခေါင်းတွေ ပွတ်ရင်း မျက်ရည်တွေနဲ့ ပြောလာပါတယ်။

မြေပြိုမှုမှာ အလောင်းရှာရတဲ့ မိသားစုဝင်တွေကို ၁ ဦးကို သိန်း ၃၀ နှုန်းစီ အစိုးရ၊ တပ်မတော် ကျောက်မျက်လုပ်ငန်းရှင်အသင်းနဲ့ ကုမ္ပဏီတွေက ပေးခဲ့ပေမယ့် အလောင်းရှာမရသူတွေကတော့ တစ်ပြားတစ်ချပ်မှ မရကြပါဘူး။

"သူသေဆုံးသွားတာတော့ သေချာပါတယ်၊ ဟိုလိုပေါ့လေ၊ သူများတွေက ရုပ်အလောင်းကို ရတယ်၊ သင်္ဂြိဟ်ရတယ်၊ ကျွန်မ ကြတော့ ရုပ်အလောင်းကို မမြင်ရဘူး၊ သားလေးရဲ့ ကျန်ရစ်တဲ့ အဝတ်အစားလေးနဲ့ပဲ ဖြေသိမ့်ပြီးတော့ သူနေသွားတဲ့ အိမ်လေးမှာပဲ သူ့အငွေ့အသက်လေးကို ခံစားပြီးတော့ နေရပါတယ်" လို့ ဒေါ်မူမူက ပြောပါတယ်။

ကိုစည်သူဖြိုးနဲ့ ကိုရန်မျိုးအောင်တို့ကတော့ အဖြစ်အပျက်ဆိုးကြီးကို ကိုယ်တိုင် ကြုံခဲ့ရပေမယ့် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ ဒဏ်ချက်တွေ ပျောက်ရင် ကျောက်ပြန်ရှာရဦးမှာ ဖြစ်ပါတယ်။ ဘာလို့ ဆက်လုပ်မလဲလို့ ကျွန်မက မေးရာမှာတော့……

"အတွေ့အကြုံ ရသွားပြီလေ၊ ဒီလိုမျိုး ထပ်ဖြစ်မယ်ဆိုရင် မလွတ်လွတ်အောင် ပြေးရမှာပေါ့" လို့ ကိုစည်သူဖြိုးက ပြောပါတယ်။

"ဒီမှာမွေး ဒီမှာပဲ ကြီးတယ်ဆိုတော့ ဒီမှာပဲ သံယောဇဉ်က ပိုရှိနေတာ၊ တခြားကို ရောက်ရင်လည်း ဒီကိုပဲ ပြန်လာချင်တယ်၊ လုပ်တတ်တာကလည်း ဒီအလုပ်အပြင် မရှိဘူးလေ၊ ကျောက်ကိုပဲ ဦးတည်ပြီး ကျောက်စီးပွားရေးပဲ လုပ်မယ် တခြားကို မရွေးတော့ဘူး" လို့လည်း ကိုရန်မျိုးအောင်က ပြောပါတယ်။