ပိန်ဆေး ထိုးတာက အစားဆင်ခြင်ပြီး ပိန်အောင်လုပ်တာထက် ၄ ဆမြန်မြန် ပြန်ဝစေနိုင်

    • ရေးသားသူ, မီရှဲလ် ရောဘတ်စ်
    • ရာထူးတာဝန်, ဒစ်ဂျစ်တယ် ကျန်းမာရေး အယ်ဒီတာ

မောင်ဂျဲရို (Mounjaro) နဲ့ ဝီဂိုဗီ (Wegovy) လို ပိန်စေတဲ့ထိုးဆေးတွေနဲ့ ဝိတ်ချသူတွေဟာ ထိုးဆေး ရပ်လိုက်တဲ့အခါ အစားအသောက်နဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေနဲ့ ဝိတ်ချခဲ့သူတွေထက် လေးဆလောက် ပိုမြန်မြန် ကိုယ်အလေးချိန် ပြန်တက်နိုင်တယ်လို့ လေ့လာချက်သစ်က ဆိုပါတယ်။

အဲဒီထိုးဆေးတွေနဲ့ ဝိတ်ချတဲ့အဝလွန်သူတွေဟာ ထိုးဆေးတွေသုံးနေချိန်မှာ ကိုယ်အလေးချိန် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျနိုင်ပေမယ့် ဆေးသုံးစွဲမှု ရပ်လိုက်ပြီးနောက်မှာတော့ လစဉ် ပျမ်းမျှ ၀.၈ ကီလိုဂရမ်ခန့် ပြန်တက်လာတယ်လို့ ဗြိတိသျှ ဆေးဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ပိန်ဆေးမရပ်ခင်က ကိုယ်အလေးချိန်ကို တစ်နှစ်ခွဲကာလအတွင်း ပြန်ရောက်သွားတဲ့ သဘောဖြစ်ပါတယ်။

"ဒီထိုးဆေးတွေ ဝယ်သုံးတဲ့ သူတွေအနေနဲ့ ဆေးရပ်လိုက်တာနဲ့ ကိုယ်အလေးချိန် အမြန်ပြန်တက်နိုင်တာကို သိထားဖို့ လိုပါတယ်" လို့ ယူကေနိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်က စုံစမ်းလေ့လာသူ ဒေါက်တာ ဆူဆန် ဂျက်ဘ် က သတိပေးပါတယ်။

ဒီတွေ့ရှိချက်တွေက တကယ့်လက်တွေ့ လူတွေကို လေ့လာတာထက် ဆေးပညာပိုင်းစမ်းသပ်မှုတွေကနေရလာတဲ့ တွေ့ရှိချက်တွေဖြစ်ပြီး ထိုးဆေးအသစ်တွေရဲ့ ရေရှည်အကျိုးဆက်တွေကို နောက်ထပ်လေ့လာတာတွေ လုပ်ခြင်းအားဖြင့် ပိုသိလာရမှာဖြစ်တယ်လို့ ဒေါက်တာဂျက်ဘ်က အလေးထား ပြောပါတယ်။

ပုံမှန်လုပ်နေကျ အစားအသောက်ဆင်ခြင်တဲ့နည်း ဒါမှမဟုတ် ပိန်ဆေး သောက်ပြီး ကိုယ်အလေးချိန်ကျအောင် လုပ်သူတွေနဲ့ ဒီထိုးဆေးသုံးသူတွေကို နှိုင်းယှဉ်ကြည့်ဖို့အတွက် လေ့လာသူတွေက လူပေါင်း ၉,၀၀၀ ကျော်ကို လေ့လာချက်ပေါင်း ၃၇ ခု လုပ်ခဲ့ကြပါတယ်။

အဲဒီလေ့လာချက်တွေထဲက ရှစ်ခုကသာ မောင်ဂျဲရို (Mounjaro) နဲ့ ဝီဂိုဗီ (Wegovy) လို ပေါ်တာ သိပ်မကြာသေးတဲ့ GLP-1 ထိုးဆေးသစ်တွေနဲ့ ကုသမှုတွေကို လေ့လာခဲ့တာ ဖြစ်ပြီး ဒီလေ့လာချက်တွေထဲမှာ နောက်ဆက်တွဲအကြာဆုံးကာလက ဆေးရပ်အပြီး တစ်နှစ်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကိန်းဂဏန်းတွေက ခန့်မှန်းခြေ ကိန်းဂဏန်းတွေသာ ဖြစ်ပါတယ်။

အစားအသောက်ဆင်ခြင်တဲ့နည်းနဲ့ ပိန်အောင် လုပ်သူတွေကတော့ ပိန်ဆေးထိုးသူတွေထက် ဝိတ်ကျတာ ပိုနည်းမယ်လို့ မျှော်လင့်ရနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝိတ်ပြန်တက်ဖို့ ပိုကြာနိုင်ပြီး တစ်လကို ၀.၁ ကီလိုဂရမ်လောက်ပဲ ဝိတ်ပြန်တက်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူးလို့ ဆိုပါတယ်။

ဒါက ရေတို ဖြတ်လမ်းနည်းလား

ဒီထိုးဆေးတွေကို အဝလွန်မှုနဲ့ ဆက်နွှယ်တဲ့ ရောဂါရှိနိုင်သူတွေသာ ထိုးကြဖို့နဲ့ နည်းနည်းပါးပါး ပိန်ချင်သူတွေ မထိုးသင့်ကြောင်း NHS ယူကေကျန်းမာရေးဌာနက အကြံပြုထားပါတယ်။

ဒါ့အပြင် လူတွေကို ကိုယ်အလေးချိန် မတက်အောင် ထိန်းထားဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားဖို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်း အလုံအလောက် လုပ်ဖို့ အပါအဝင် နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲဖို့ကိုလည်း ဆရာဝန်တွေအနေနဲ့ ညွှန်းဆို အကြံပြုသင့်ပါတယ်။

ဒီထိုးဆေးတွေနဲ့ ပိန်အောင် လုပ်နည်းက ဆေးရပ်လိုက်တာနဲ့ နောက်ပိုင်းမှာ ပြန်ဝလာနိုင်ခြေ ရှိတာကြောင့် တစ်သက်လုံး သောက်သွားရမယ့်ပုံ ရှိတယ်လို့ အတော်များများက ပြောပါတယ်။

"ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားပြီး တချိန်လုံး ဗိုက်ဆာနေတယ်" လို့ ဒီထိုးဆေးတွေ ရပ်ဖို့ ကြိုးစားခဲ့သူတွေက ပြောပါတယ်။

"စားချင်တာ မှန်သမျှ စားသာစားပစ်လိုက်၊ အကြာကြီး မစားဘဲ နေခဲ့ရတော့ စားသင့်တာပေါ့ ဆိုတဲ့ အတွေးမျိုး ဝင်လာတယ်" လို့ အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

"ထိုးဆေးရပ်လိုက်တာနဲ့ တပြိုင်နက် ကိုယ်အလေးချိန် ပြန်တိုးလာတာဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်တွင်းမှာ အဲဒီထိုးဆေးတွေ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာနဲ့ ဆိုင်တယ်"လို့ ယူကေနိုင်ငံ ဆာရေးတက္ကသိုလ်က အာဟာရပညာ ကျွမ်းကျင်သူ ဒေါက်တာ အဒမ် ကောလင်းစ်က ပြောပါတယ်။

အဲဒီထိုးဆေးတွေက ဆာလောင်မှုကို ထိန်းညှိပေးတဲ့ GLP-1 လို့ခေါ်တဲ့ သဘာဝဟော်မုန်း တစ်မျိုးနဲ့ တူအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

"GLP-1 ဟော်မုန်းပမာဏ အဆပေါင်းများစွာ အချိန်အကြာကြီး မြင့်တက်နေအောင် ဒီထိုးဆေးတွေက ဖန်တီးပေးထားတာကြောင့် ကိုယ့်ကိုယ်ပိုင် သဘာဝ GLP-1 ဟော်မုန်း ထုတ်လုပ်မှုကို လျော့ကျသွားစေနိုင်ပြီး အဲဒီဟော်မုန်းရဲ့ သက်ရောက်မှုအပေါ် အာရုံခံနိုင်စွမ်းကလည်း နည်းသွားစေနိုင်ပါတယ်။"

"ထိုးဆေး ထိုးနေချိန်မှာတော့ ပြဿနာ မရှိပေမဲ့ ထိုးဆေးရပ်လိုက်တာနဲ့ တပြိုင်နက် ဒီ GLP-1 ဟော်မုန်းထိန်းညှိပေးနေတာက ချက်ချင်း ရပ်သွားပြီး အစာစားချင်စိတ် မဖြစ်အောင် ထိန်းမပေးတော့ဘဲ အလွန်အမင်း စားတာမျိုး ပိုလုပ်လာမယ့်ပုံ ရှိပါတယ်။"

"ထိုးဆေး ရုတ်တရက် ရပ်လိုက်တာမျိုးက တကယ့်ကို စိန်ခေါ်မှု ဖြစ်တယ်"လို့ သူက ပြောပါတယ်။

"တကယ်လို့ ဆာလောင်စိတ် ထိန်းညှိပေးတဲ့ GLP-1 ဟော်မုန်း တစ်ခုတည်းကိုပဲ အားထားပြီး အတင်းပိန်အောင် လုပ်တဲ့ လူမျိုးဆိုရင်တော့ ဒီလို ထိုးဆေး ရုတ်တရက်ရပ်လိုက်တာက ပိုဆိုးသွားစေနိုင်ပါတယ်။ နောက်ပိုင်း တာရှည်အထောက်အကူပြုပေးမယ့် အစားအသောက်နဲ့ အမူအကျင့် ပြောင်းလဲမှု မရှိဘဲ အစာစားချင်စိတ်ကိုပဲ အတင်းဖိနှိပ်ထားခဲ့တဲ့ အတွက် ဖြစ်ပါတယ်။"

ကျန်းမာရေး အကျိုးအမြတ်

အခုနောက်ဆုံး လုပ်ခဲ့တဲ့ အကောင်းဆုံး ခန့်မှန်းချက်တွေအရ ပြီးခဲ့တဲ့နှစ်က ယူကေနိုင်ငံမှာအရွယ်ရောက်သူ ၁.၆ သန်းလောက်ဟာ ဒီလို ထိုးဆေးမျိုးတွေ သုံးခဲ့ကြပြီး NHS အစိုးရကျန်းမာရေးဌာနမှာ အခမဲ့ တောင်းယူမယ့်အစား ပုဂ္ဂလိကဆေးဆိုင်တွေကနေ ဝယ်သုံးခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ထပ် လူ ၃.၃ သန်းလောက်ကလည်း လာမယ့်နှစ်အတွင်းမှာ ပိန်ဆေးထိုးဖို့ သူတို့စိတ်ဝင်စားနေတယ်လို့ ပြောကြပြီး ဒါဟာ အရွယ်ရောက်သူ ၁၀ ယောက်မှာ တစ်ယောက်လောက်က ပိန်ဆေး ထိုးဖူးသူ ဒါမှမဟုတ် ထိုးချင်ကြတယ်ဆိုတာကို ဖော်ပြနေတယ်လို့ Cancer Research UK အဖွဲ့က ၂၀၂၅ ခုနှစ် ပထမသုံးလပတ်မှာ လုပ်ခဲ့တဲ့ နိုင်ငံတဝန်းစစ်တမ်းတွေကို အခြေခံပြီး ထုတ်ပြန်ထားပါတယ်။

ပိန်ဆေးထိုးမှုဟာ အမျိုးသားတွေနဲ့ ယှဉ်ရင် အမျိုးသမီးတွေအကြား နှစ်ဆ ပိုများပြီး အသက် ၄၀ ပိုင်းနဲ့ ၅၀ ပိုင်းအရွယ်တွေက ပိန်ဆေး ထိုးမှုကို ပိုအသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။

ဒီထိုးဆေးတွေဟာ ကိုယ်အလေးချိန် မြန်မြန်ကျအောင် လုပ်ပေးခြင်းအားဖြင့် ကျန်းမာရေး အကျိုးအမြတ်အတွက် အထောက်အကူဖြစ်စေနိုင်တယ်လို့ ဂလာစကိုတက္ကသိုလ်က ပါမောက္ခ နဗိဒ် ဆက်တာ ကပြောပါတယ်။

"ဒီထိုးဆေးတွေကို ခဏလေး သုံးပြီး ၂ နှစ် ၃ နှစ်လောက် ကိုယ်အလေးချိန် ကျသွားရုံနဲ့တင် အဆစ်အမြစ် ဒါမှမဟုတ် နှလုံးနဲ့ ကျောက်ကပ် ထိခိုက်မှုကို နှေးကွေးသွားစေနိုင်တယ်ဆိုတာက ယုံစရာကောင်းလောက်ပါတယ်။ ပိုကြီးမားပြီး ပိုတာရှည်တည်တံ့တဲ့ ရလဒ်တွေ ရနိုင်သလားဆိုတာကိုတော့ စမ်းသပ်မှုတွေ လုပ်ဖို့ လိုနေပါသေးတယ်။"

"အရေးကြီးတာက ဒီထိုးဆေးတွေကို ၃ နှစ် ၄ နှစ်လောက် ဆက်တိုက်အသုံးပြုနေခြင်းအားဖြင့် ခန္ဓာကိုယ်အလေးချိန် မတက်အောင် သိသိသာသာ ထိန်းထားနေနိုင်တဲ့ အချက်ပါ။ နေထိုင်မှုပုံစံပြောင်းပြီး ပိန်အောင်လုပ်တဲ့နည်းတွေမှာ ဒီလိုတွေ့ရလေ့မရှိဘဲ အတော်များများက အချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန် ပြန်တက်လာတတ်ပါတယ်။"

ယူကေနိုင်ငံမှာက တကယ်လို့ ဝိတ်လျှော့ချင်တဲ့ လူနာတွေအတွက် မောင်ဂျဲရို (Mounjaro) နဲ့ ဝီဂိုဗီ (Wegovy) ထိုးဆေးတွေကို ပုဂ္ဂလိက ဆေးခန်း ဆရာဝန်တွေက ဆေးညွှန်းပေးထားပြီးရင်တောင် အထွေထွေရောဂါကုဆရာဝန်တွေနဲ့ ကိုယ်အလေးချိန် ထိန်းပေးတဲ့ အထူးဆေးခန်းတွေကတော့ ဒီဆေးတွေကို တန်းပြီး ဆေးစာရေးမပေးနိုင်ပါဘူး။

ကိုယ်အလေးချိန်နဲ့ ဆက်နွှယ်နေတဲ့ ကျန်းမာရေးပြဿနာ ရှိသူတွေလို လူနာမျိုးတွေအတွက်ကိုသာ ဒီထိုးဆေးတွေကို ဆေးစာရေးပေးခွင့် စံနှုန်းသတ်မှတ်ထားပါတယ်။

လောလောဆယ် NHS ယူကေအစိုးရ ကျန်းမာရေးဌာနက မောင်ဂျဲရို ထိုးဆေး အတွက် ဆေးစာပေးတဲ့အခါ အချိန်ကာလ အကန့်အသတ် မထားထားပေမဲ့ ဝီဂိုဗီ ထိုးဆေးကိုတော့ အချိန် အများဆုံး နှစ်နှစ်ပဲ ထိုးဖို့ ဆေးစာပေးခွင့် သတ်မှတ်ထားပါတယ်။

ဝိတ်ချတဲ့ ဆေးတွေ သုံးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ နောက်ဆက်တွဲ ဆေးစစ်တာတွေကို အတူလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ Eli Lilly ဆေးကုမ္ပဏီ ပြောခွင့်ရ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ထိုးဆေး ရပ်လိုက်ပြီဆိုရင် ကိုယ်အလေးချိန် ပြန်တက်လာနိုင်ပါတယ်။ ဒါဟာ ကြိုးပမ်းအားထုတ်မှု နည်းတာကြောင့် မဟုတ်ဘဲ ဇီဝအခြေအနေကြောင့်လို့ ဆိုရမှာပါ"