မြနန္ဒာကိုဘယ်သူရေးသလဲနဲ့ မန္တလေးကို ကန်ကြီးတွေ ဝိုင်းတဲ့အချိန်

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြနန္ဒာ ရေညိုသန်း၊ ရွှေမန်းတောင်ရိပ် တူတူခိုမယ်ဆိုတဲ့ သီချင်းကို သင်္ကြန်ရောက်ချိန်တိုင်း ကြားရသလို သင်္ကြန်နဲ့ မြနန္ဒာခေါ် ရွှေမန်းတောင်ရိပ်ခို သီချင်း ခွဲမရအောင် ဖြစ်ခဲ့တာလည်း အနှစ် ၅ဝ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီသီချင်းပေါ်ထွက်လာတာကလည်း အနှစ် ၇ဝ ကျော်ခဲ့ပြီး သင်္ကြန်တင်မက မြန်မာပွဲလမ်းသဘင်တွေမှာ စုပေါင်း သံပြိုင်တေးအနေနဲ့ ဆိုကပြီး ပွဲသိမ်းတတ်ကြတဲ့အတွက် တရားမဝင် အမျိုးသားသီချင်းလိုတောင် ဖြစ်လာနေပါတယ်။

ဒီသီချင်းကို မန္တလေးသင်္ကြန်အတွက် မြို့မငြိမ်းက သီကုံးရေးစပ်တယ်ဆိုပြီး အစဉ်အဆက်‌ ပြောခဲ့ကြပေမယ့် ၂၀၀၁ ခုနှစ် မှာတော့ ဒီသီချင်းကို မြို့မငြိမ်းနဲ့အတူ သင်္ဂဟဦးဘသိန်းနဲ့ အေဝမ်းဆရာညှာတို့ကလည်း တပိုဒ်စီ ဝင်ရေးတယ်ဆိုတဲ့ ရေးသားပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။

အောင်အောင် (ယ႕ဉ်မွန်) ပြုစုတဲ့ အတာတေးနှင့် မန္တလေးသင်္ကြန် စာအုပ်မှာ ဦးဘသိန်းက ပြောဆိုခဲ့တာပါ။ နတ်မောက်ထွန်းရှိန်ရဲ့ ချိုပြုံးရွှင်‌သော မြနန္ဒာနှင့် မန်းသင်္ကြန် စာအုပ်ပါ ရေးသားချက်ကို ခြေရာခံပြီး ဦးဘသိန်းနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မြနန္ဒာကို ဘယ်သူရေးသလဲ

ဒါပေမဲ့ ဦးဘသိန်း နာယကလုပ်တဲ့ မြို့မအသင်း ရွှေရတုမဂ္ဂဇင်းမှာလည်း ဒီသီချင်းကို မြို့မငြိမ်းရေးတယ်လို့ပဲ ဖော်ပြခဲ့သလို ၁၉၇ဝ ကျော်က အဆိုတော် ရုပ်ရှင်မင်းသား ဝင်းဦးရဲ့ မန္တလေးသင်္ကြန်သီဆိုမှုတွေမှာလည်း ဒီသီချင်းကို မြို့မငြိမ်း ရေးတယ်လို့ပဲ ကြေညာကြောင်း ဆူးငှက်က ပြောပါတယ်။

သင်္ကြန်ရောက်တိုင်း မြို့မအသင်းကထုတ်တဲ့ သီချင်းစာအုပ်တွေမှာလည်း ဒီသီချင်းကို မြို့မငြိမ်းရေးတယ်လို့ပဲ ဖော်ပြတယ်လို့ ဆိုပါတယ်။ ၂ဝဝဝ ပြည့်နှစ် ဇွန်လ ၁ဝရက် မြို့မအသင်းတိုက်မှာ ကျင်းပတဲ့ နာယကကြီးများကန်တော့ပွဲမှာတော့ နာယက တောင်မြို့ဦးကိုလေးက အခုသီချင်းပြဿနာက ကိုယ့်ကြောင့်မဟုတ်ဘဲ သူ့ဖာသာရောက်လာတဲ့ပြဿနာ၊ ကိုညိန်းက မာနတရားလုံးဝမရှိ၊ ထင်ပေါ်ကျော်ကြားလိုခြင်းလုံးဝမရှိ။ သီချင်းက အသင်းအတွက်မိဘအမွေအနှစ်ဖြစ်တယ် ဆိုပြီး ပြောခဲ့ဖူးကြောင်းလည်း ဆူးငှက်က ပြောပါတယ်။

အဲဒီပွဲမှာ မြို့မငြိမ်း မိသားစု အပြင် သီချင်းရေးရာမှာ သူလည်းပါတယ် ဆိုခဲ့တဲ့ ဦးဘသိန်း တက်ပေမယ့် သီချင်းကိစ္စမပြောခဲ့ဘူးလို့လည်း ဆိုပါ တယ်။

၁၉၄၇ ဧပြီလ ၁၀ ရက်က ထုတ်တဲ့ လူထုသတင်းစာမှာတော့ ၁၃၀၉ ခု မြို့မရေသဘင် တေးအညွန့်အဖူးကလေးများ ဆိုပြီး ချိုပြုံး ရွှင်သော နှမပျိုရယ်၊ တကိုယ်လုံးပင်ချော အလှပိုတယ်၊ မြို့မနဲ့တမိတည်း ဖွားလို့ ဆိုတော့မယ်ကွယ် အပိုဒ်နဲ့ ခါးသေးနွဲ့မူယာကြွယ် လှဂုဏ်ဝင့်ထယ်၊ မာလာရယ် ခိုင်ညှာရယ်၊ တယောက်ဆို တယောက်လို့ အောက်မေ့တယ် အပိုဒ်တွေကို သီချင်းတပုဒ်စီ သဘောမျိုး နံပါတ် ၁၊ ၂ ထိုးပြီး ဖော်ပြထားပါတယ်။ မြနန္ဒာသံပြိုင်အပိုဒ်ကို မဖော်ပြပါဘူး။

ခေါ်အုံးရေသည် ဆိုတဲ့သီချင်းမှာတော့ မြနန္ဒာသံပြိုင်အပိုဒ်ကို ထည့်စပ်ထားတာ တွေ့ရပြီး အေဝမ်းဆရာညှာရဲ့ ချစ်ဗျူဟာသီချင်းထဲက တေးသွားမျိုးတွေ့ရတယ်လို့လည်း ဆူးငှက်က ပြောပါတယ်။ ၂ဝဝဝ ပြည့်နှစ် လောက်က မြို့မနာယကများ ကန်တော့ပွဲမှာ မြို့မငြိမ်းဟာ ပညာမာနကြီးသူမို့ သူများ သီချင်းကို ယူစပ်သူမဟုတ်ဘူးလို့ အသင်းနာယက ဓားတန်းဦးကိုလေးက ပြောခဲ့ဖူးကြောင်းလည်း ဆူးငှက်က ပြောပါတယ်။

ဒါပေမဲ့ မြို့မအသင်းက သင်္ကြန်သီချင်းတွေကို လူငယ်တွေက အကြမ်းစပ်ပြီး လူကြီးတွေက ပြုပြင်တည်းဖြတ်တာမျိုးတွေ ရှိသလို အဲဒီခေတ်က သီချင်းရေးဆရာ အချင်းချင်း သူများတေးသွားယူပြီး တေးစပ် ဓာတ်ပြားသွင်းတာတွေ ရှိဖူးတယ် လို့လည်း သိရပါတယ်။ မြို့မအသင်းက ဂီတမှူးဟောင်း အကယ်ဒမီကိုပေါနဲ့ ပေဖူးလွှာမဂ္ဂဇင်း တွေ့ဆုံခန်းတခုမှာတော့ မန်းတောင်ရိပ်ခိုသီချင်းကို မြို့မငြိမ်းစပ်တဲ့ သီချင်းတွေထဲက တပိုဒ်စီကို ကိုအံ့ကြီးတို့ ပေါင်းစပ်ဆိုတယ်လို့ ပြောဖူးပေမယ့် ဘယ်သီချင်းတွေရယ်လို့လည်း တိတိကျကျ မပြောခဲ့ပါဘူး။

မြို့မဂီတမှူးဟောင်း ဖြစ်ခဲ့တဲ့ တေးရေးဆရာ ဦးဘိုခင် မဆုံးခင် ၁၉၈၀ ကျော်ကလည်း ဒီသီချင်းကို မြို့မငြိမ်း၊ဆရာညှာနဲ့ ဦးဘသိန်း ဆရာသုံး‌ဦးရေးခဲ့တယ်လို့ ပြောဖူးကြောင်း စာရေးဆရာ မခေသူ ခေါ် တရားရုံးချုပ်ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ဆိုပါတယ်။

နန္ဒာဘယ်မှာလဲ

ဒီသီချင်းအကြောင်း ပြောကြတိုင်း သီချင်းရေးသူ အငြင်းပွားမှုကိုပဲ အဓိက ပြောတတ်ကြပြီး သီချင်းရဲ့ အဓိပ္ပာယ် ဇာစ်မြစ်ကို ပြောတာနည်းပါတယ်။ မန္တလေးသင်္ကြန်သီချင်းဖြစ်တဲ့အတွက် မန္တလေးအကြောင်း စပ်တယ်လို့ပဲ ယေဘုယျ ပြောတတ်ကြပါတယ်။ အထူးသဖြင့် မြနန္ဒာနဲ့ မန်းတောင်ရိပ်ခို ဆိုတဲ့ စကားလုံးတွေရဲ့ ဆက်စပ်မှုကို သေချာသိသူနည်းပါတယ်။

မြနန္ဒာ၊ မြရည်နန္ဒာစတဲ့ ဖွဲ့ဆိုမှုတွေနဲ့ မဟာဂီတသီချင်းကြီးတွေမှာ ဖော်ပြခံရတဲ့ နန္ဒာကန် ခေါ် မောင်းမကန်ဟာ မန္တလေးမြောက်ဘက် မတ္တရာသွားတဲ့လမ်းမှာ တည်ရှိပြီး အခု တိမ်ကောသွားပြီ ဖြစ်ပါတယ်။ ပုဂံခေတ် အလောင်းစည်သူမင်းက သားတော်ကြီး မင်းရှင်စောကို အမျက်တော်ရှလို့ ထွန်တုံးပူတက်ဘက်မှာ နေစေတဲ့အခါ သူက ကန်ကြီးလေးကန် ဆည်ရာမှာ နန္ဒာနဲ့ ကန်တိလိခေါ် အောင်ပင်လယ်၊ ဇောင်းကလောနဲ့ တမုတ်ဆိုးကန်တွေ ပါတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ပုဂံခေတ်ကျောက်စာတွေ အလိုအရ တောင်ပြုန်းခရိုင်လို့ ခေါ်တဲ့ ဒီနယ်မြေဟာ ကျောက်ဆည်နဲ့ မင်းဘူးခရိုင်တွေလိုပဲ ရေသွင်းစိုက်ပျိုးရေး အကြီးအကျယ်လုပ်ခဲ့တဲ့ နယ်မြေတွေ ဖြစ်တယ်လို့ လုစ်နဲ့ ဒေါက်တာသန်းထွန်းစတဲ့ မြန်မာ သမိုင်း ပညာရှင်တွေက ရေးပါတယ်။ ဒါကြောင့် မြန်မာဘုရင်အဆက်ဆက် ဒီနယ်မြေမှာ ဆည်မြောင်းကန်ချောင်းတွေကို ပြုပြင် ဖန်တီးခဲ့ကြရာမှာ နန္ဒာကန် ပါသလို နန္ဒာကန်အနီးတဝိုက်ကိုလည်း ဘုရင်နဲ့ အိမ်ရှေ့မင်းသား တွေရဲ့ ဥယျာဉ် တော်တွေအဖြစ် ဘိုးတော်ဘုရား လက်ထက်ကတည်းက သတ်မှတ်ခဲ့တယ်လို့လည်း အောင်ငြိမ်းချမ်း (မန်းတက္ကသိုလ်) က နန်းထိုက်တော်၀င် မင်း ဥယျာဉ်စာအုပ်မှာ ရေးပါတယ်။

အခုခေတ်မှာ နန္ဒာကန် တိမ်မြုပ်သွားပေမယ့် မန္တလေးမြို့အထွက်မှာ ခုထိ နန္ဒာတောင်နဲ့ နန္ဒာမြောက်ဆိုတဲ့ ရွာတွေ အထင်အရှား ရှိနေသလို ကန်ရိုးပေါ်မှာ ရှိခဲ့တဲ့ ကန်ပိုင်ဆိုတဲ့ရွာလည်း ရှိပါသေးတယ်။ ကပိုင်လို့ သိတဲ့ ဒီကန်ပိုင်ရွာမှာပဲ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဝင်ချိန်မှာ ဖက်ဆစ်တော်လှန်ရေးအတွက် သခင်နု၊ သခင်သိန်းဖေနဲ့ သခင်စိုးစတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကြား အလုပ်တာဝန်တွေခွဲပြီး အဲဒီကနေ လမ်းခွဲ ခဲ့ကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့ကို တည်ချိန်က နန္ဒာနဲ့ အောင်ပင်လယ်၊ ဇောင်းကလော၊ တောင်သမန်၊ တက်သေးစတဲ့ ကန်ကြီး အင်းကြီးတွေ ဝန်းရံတည်ထားခဲ့လို့ အခုခေတ်လောက် မပူဘဲ အေးမြတယ်လို့ မန္တလေးသူ လူထုဒေါ်အမာက ရေးပါတယ်။ ဗြိတိသျှ သိမ်းပိုက်ပြီးနောက် ဒီကန်ကြီးတွေကို ရေဖောက်ထုတ်ပြီး လယ်တွေ လုပ်ပစ်ရာမှာ အောင်ပင်လယ်နဲ့ နန္ဒာကန်တွေ ပျောက်ပြီး ကန်ပေါင်ရိုး လမ်းတွေပဲ ကျန်ခဲ့ပါတယ်။

ဒါပေမဲ့ အောင်ပင်လယ် အောင်ပင်လယ် အောင်ပင်လယ် ၊ တကယ်တောအစစ်ကဲ့သို့ လယ်တောဖြစ်လို့မို့၊ ကောင်းဖို့ရွယ်သော ခေတ်ကို အထူးသဖြင့် မျှော်မိတယ် ဆိုတဲ့ အောင်ပင်လယ် သီချင်းနဲ့ အောင်ပင်လယ်ကန်ကြီးကို နန်းတော်ရှေ့ဆရာတင်က မှတ်တမ်းတင်ခဲ့ပါတယ်။

တောင်သမန်အင်းရယ်လို့ နာမည်ကျော် ဦးပိန်တံတားကြီး ရှိတဲ့ အင်းကြီးကိုလည်း ဆရာတင်ကပဲ တောင်သမန် သီချင်းရေးစပ်ပြီး ဂုဏ်တင်ခဲ့ပြန်ပါတယ်။ နောက် စိန်ပါတီနဲ့ ဓာတ်ပြားသွင်းခဲ့တဲ့ မြနန္ဒာ သီချင်းကလည်း ဆရာတင်ရဲ့ နာမည်ကျော် မန္တလေးဖွဲ့ တေးတပုဒ် ဖြစ်ပါတယ်။

မန်းတောင်ရိပ် ခိုသူများ

ရက်ရွေးမနေပါနဲ့ ကိုကိုရယ် အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့် မြနန္ဒာ... မြနန္ဒာရေညိုသန်းတယ်မန်းတောင်ရိပ်ခို အစချီတဲ့ မြနန္ဒာသီချင်းဟာ တကယ်က တဘောင်ဆိုရိုးတခုကို အမှီပြုပြီး ပေါ်တဲ့ သီချင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာဟာ ပုဂံကနေ စစ်ကိုင်း ၊ အင်း၀ ၊ မန္တလေး ၊ တကောင်း ၊ ကောင်းတုံ ၊ ကောင်းစင်က ငဆောင်ချမ်းအထိ မြစ်ညာကိုတက်ပြီး ထွန်းကားမယ် ဆိုတဲ့ သိုက်စာအရ ဘိုးတော်ဘုရားကလည်း အမရပူရကို မန္တလေးအဖြစ် တည်ခဲ့သလို သာသနာ ၂၄ဝဝ ပြည့်တဝိုက်မှာ မန္တလေးအရပ်မှာ ရတနာပုံမြို့ကြီးဖြစ်လတ္တံ့ဆိုတဲ့ တဘောင်ဖြစ်ခဲ့လို့ မင်းတုန်းမင်းက မန္တလေးတည်တယ် ဆိုတဲ့ ဆိုရိုးလည်း ရှိခဲ့ပါတယ်။

အသက်ကယ်တဲ့ရှည်စေလို၊ မြန္ဒာ ရေညိုသန်းတယ် မန်းတောင်ရိပ်ခို၊ ခေါင်းလောင်းသံချိုချိုနဲ့ ရွှေပဟိုရ်စည်သံဟိန်းတယ်၊ ဘေးရန်ကငြိမ်း ဆိုတဲ့ ရှေးစာစကားအတိုင်း မန္တလေးတောင်အရိပ်ကိုခိုရင် အသက်ရှည်ဘေးကင်းတယ် ဆိုပြီး ယုံမှတ် ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်ကြတဲ့ခေတ်မှာ မြနန္ဒာ ရေညိုညိုရစ်ကာသန်းတော့၊ ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူ တွေရယ်၊ ပျော်ခင်းလေးသာပါဘိတယ်၊ နိမိတ် ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ် ဆိုပြီး ရွှေမန်းတောင်ရိပ်ခို တေးကို စပ်ခဲ့ပါတယ်။

လူအများကြားမှာတော့ မြနန္ဒာဆိုတဲ့ သံပြိုင်ပိုဒ်ကိုပဲ လူသိများလို့ မြနန္ဒာသီချင်းလို့ ခေါ်ကြပါတယ်။ ၁၉၉၇ က ထုတ်တဲ့ မြို့မငြိမ်းရဲ့သား သန်းအောင်ခိုင်ပြုစုတဲ့ မြို့မငြိမ်းနှင့် သူ့အနုပညာ စာအုပ်မှာတော့ ဒီသီချင်းကို မန်းတောင်ရိပ်ခိုအဖြစ် ဖော်ပြပြီး တခြားသူတွေနဲ့ တွဲဖက်ရေးတယ်လို့ ရေးမထားပါဘူး။

တကယ်တော့ မြနန္ဒာနဲ့ မန်းတောင်ရိပ်ခိုသီချင်းတွေဟာ မန္တလေးကို ဂုဏ်တင်တဲ့ သီချင်းတွေ ဖြစ်ပြီး ကုန်းဘောင်ခေတ်က ရေးစပ်ခဲ့တဲ့ မြရည်နန္ဒာနဲ့စတဲ့ နန္ဒာကန်ဘွဲ့၊ စံရာဘုံမြင့် အစချီတဲ့ နန္ဒာကန်တော်ဘွဲ့တွေရဲ့အဆက်လည်း ဖြစ်ပါတယ်။

လာမေလိုက်ခဲ့တော့၊ ငယ်ကြိုက်ကယ်ကြင်ဆွေ၊ တို့မန်းမြေမှာ၊ ကန်တော်ရေ ချိုချိုသောက်ရင်လ၊ ဘေးပျောက်လို့ရန်ကွာ၊ သာယာထူးတဲ့မြို့ပေလေး လို့လည်း မန္တလေးမြို့ဘွဲ့လွမ်းချင်းမှာ စပ်ဆိုခဲ့ပါတယ်။

မဟာနန္ဒာကန်ဟာ မန္တလေးအရှေ့ဘက်မှာ မြို့အရံအတား အဖြစ် ရေကန်ကြီးဖြစ်အောင် တူးခဲ့တာလို့လည်း ယင်းခဲမောင်မောင်ရဲ့ မန္တလေးတောင်သမိုင်းအရ သိရပါတယ်။ ဘိုးတော်ဘုရားခေတ် မြောက်နန္ဒ၀န် ဥယျာဉ်ကြီး အရှေ့မှာ တည်ရှိတဲ့ နန္ဒာကန်ဟာ ငှက်ပေါင်းစုံနဲ့ တင့်တယ်စည်ကားတယ်လို့လည်း ရှေးသီချင်းတွေက ဖော်ပြပါတယ်။

မန္တလေးနားက ဒီနန္ဒာကန်ကြီး တိမ်ကောသွားပေမယ့် ရွှေဘိုမှာတော့ အလောင်းဘုရား တူးခဲ့တဲ့ မဟာနန္ဒာကန် ဆိုပြီး အထင်အရှားရှိနေပါသေးတယ်။