ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထဘီကွင်းလုံးကျွတ် ချွတ်ချတဲ့ မင်းသမီး မထွေးလေး
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
အနှစ်တရာကျော်က ထင်ရှားခဲ့တဲ့ မင်းသမီးကြီး မထွေးလေးရဲ့ အုတ်ဂူကို တံတားဦးမြို့နားက သင်္ချိုင်းတခုမှာ မကြာခင်က ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
၁၉၆ဝ ကျော်က စာရေးဆရာမကြီး လူထုဒေါ်အမာ သူ့အကြောင်း ပြည်သူချစ်သောအနုပညာသည်များ စာအုပ်အတွက် ရေးစဉ်က သွားရှာတုန်းက ဒီဂူကို မတွေ့ခဲ့ဘူးလို့ ရေးခဲ့ပါတယ်။
မထွေးလေးအကြောင်းကို အရင်က အထက်တန်း မြန်မာစာ သင်ရိုးမှာ ပြဋ္ဌာန်းခဲ့လို့ လူသိများပါတယ်။
ရနောင်မောင်မောင်တုတ်က သိမ်းပိုက်
မင်းသမီး မထွေးလေးဟာ သီပေါမင်းလက်ထက်က နန်းတော်ထဲမှာ အပျိုတော် အဖြစ် အမှုထမ်းခဲ့သလို ရနောင်မောင်မောင်တုတ်ရဲ့ သိမ်းပိုက်တာကိုလည်း ခံခဲ့ရပါတယ်။
မထွေးလေးဟာ ဘိုးတော်ဘုရားရဲ့ မြေး ကသည်းမင်းသား မင်းသီဟရဲ့ သမီးဖြစ်ပြီး မန္တလေး ဗောဓိကုန်းရပ်သူပါ။
စုဘုရားလတ်ထံပါးမှာ အပျိုတော်အဖြစ် ခစားတုန်း သူ့ခေါင်းကို လက်ကောက်တွေနဲ့ခေါက်လို့ သေရာပါ အမာရွတ်တွေ ရခဲ့တယ်လို့ သူ့တပည့်တွေကို မထွေးလေးက ပြောပြတတ်ပါတယ်။
မထွေးလေး ဘဝမှာ အိမ်ထောင် လေးဆက်ကျခဲ့ပြီး နာမည်ကြီးမင်းသားတွေနဲ့လည်း တွဲကခဲ့ဖူးပါတယ်။
ဒီထဲမှာ သူ့ခင်ပွန်း ကိုဘိုးကွန်းက ဇာတ်မင်းသားကြီး ဦးဘိုးစိန်ရဲ့ ဆရာအရင်းဖြစ်ပြီး နောက်ခင်ပွန်းတယောက်ဖြစ်တဲ့ အီကင်းကိုမောင်ကြီးနဲ့လည်း သူတွဲပြီး ထင်ရှားခဲ့ပါတယ်။
မထွေးလေးရဲ့ ဆရာတွေထဲမှာ ယင်းတော်မလေး၊ ဆင်ခိုးမလေး၊ မကွမ်းငုံစတဲ့ သီပေါမင်းခေတ်က ထင်ရှားတဲ့ မင်းသမီးကြီးတွေ ပါပါတယ်။
ဒီမင်းသမီးကြီးတွေဟာ ဗြိတိသျှခေတ်အထိ ဇာတ်သဘင်အလုပ်နဲ့ အသက်မွေးကြရတာ ဖြစ်ပါတယ်။
ဒီထဲမှာ မထွေးလေး ထင်ရှားတာက ကိန္နရာ အကနဲ့ ပဋာစာရီအက ဖြစ်ပါတယ်။
ခေတ်မီအောင် ကြိုးပမ်းခဲ့သူ
နန်းတွင်းမှာ ရာမနဲ့ အီနောင်ဇာတ်တော်ကြီးတွေကို ပိုင်နိုင်အောင် သင်ကြားကပြခဲ့ရတဲ့အတွက် မထွေးလေးဟာ အကပညာမှာ အင်မတန် ကျော်ကြားခဲ့ပါတယ်။
ပဋာစာရီအကမှာတော့ ခေတ်နဲ့မီအောင် ပဋာစာရီရူးပြီး လျှောက်ပြေးတဲ့အခန်းမှာ ထဘီကွင်းလုံးကျွတ် ချွတ်ချပြီး အသားကပ်ဘောင်းဘီနဲ့ ဝင်ပြေးတာမျိုးတွေ လုပ်ခဲ့ပါတယ်။
ပြီးတော့ မထွေးလေးဟာ ၁၂ နှစ်သမီးကနေ အသက် ၆ဝ အထိ ကသွားတဲ့ သက်တမ်းရှည် မင်းသမီးဖြစ်ပါတယ်။
အသက် ၆ဝ နားထိ သူကတဲ့အချိန်တွေမှာ ပရိသတ်က ၁၆ နှစ်နဲ့ မလဲနိုင်ဘူးလို့ ကြွေးကြော်တတ်ကြပါတယ်။
မြေဝိုင်းကနေ စင်ပေါ်ကို ကူးတဲ့ အချိန်မှာ မထွေးလေးတို့ ကခဲ့တာ ဖြစ်ပါတယ်။
ရုပ်ရည် အဆင်းအရလည်း အလွန်လှပ အချိုးကျပြီး မျက်လုံးအင်မတန်လှတယ်လို့ ဆိုင်းဆရာ ရွာစားကြီး စိန်ဗေဒါရဲ့ ဇနီး ဒေါ်စိန်မေက လူထုဒေါ်အမာကို ပြောပြခဲ့ပါတယ်။
မထွေးလေး စိုက်ကြည့်တာ ခံရတဲ့သူဟာ သူ့မျက်လုံးရဲ့ ညှို့ချက်ကို ဘယ်လိုမှ ကြံ့ကြံ့ခံ မငြင်းဆန်နိုင်ဘဲ ကောက်ကောက်ပါလာတတ်တယ်လို့လည်း ဆိုပါတယ်။
သီချင်းကြီး သီချင်းခံတွေကိုလည်း ပိုင်နိုင်ကျွမ်းကျင်ပြီး ဇာတ်ခင်းရင် သရုပ်ဆောင်ကောင်းတယ်လို့ သိရပါတယ်။
နန်းတော်ထဲမှာ မိဘုရားက ရိုက်ပြီးသင်လို့ စာမတတ်ခဲ့တဲ့ မထွေးလေးဟာ သီချင်းတက်ရင်တော့ သူကိုယ်တိုင် ပတ္တလားနဲ့ တက်ပြီး အသံယူတတ်ပါတယ်။
သီချင်းစာသားကိုတော့ တပည့်တယောက်က ကန့်လန့်ကာကြားကနေ ထောက်ပေးရတယ်လို့ ဆိုပါတယ်။
သဘင်ပညာ ပြည့်သူမို့သာ ဒီလို စာပိုးနဲ့ ဆိုနိုင်တာ လို့လည်း ဆိုပါတယ်။
ဘုရားအစ်မရဲ့ပွဲ
မထွေးလေးဟာ အီကင်းကိုမောင်ကြီးဆုံးပြီးနောက် မုဆိုးမဘဝ မန္တလေးတောင်ခြေမှာ လောကတန်ဆောင်ဘုရားတည်ပါတယ်။
တည်ရင်း ပိုက်ဆံပြတ်သွားလို့ ရုံသွင်းကပြီး အကူရှာရပါတယ်။
သူ့အလှူအတွက် မန္တလေး သဘင်သည်တွေရော ပရိသတ်တွေကပါ ဝိုင်းအားပေးကြတယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ မထွေးလေးဟာ နောက်ဆုံးအိမ်ထောင် ရွာသူကြီးလက်မှာ ၁၉၂၇ က အနိစ္စရောက်လို့ တံတားဦးနားမှာ သင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။
သူ ထဘီနား ခတ်ပုံ၊ သူ ကိန္နရာ အကကပုံတွေကို ဘယ်မင်းသမီးမှ လိုက်မမီနိုင်ဘူးလို့ သူ့ခေတ်ကို မီသူတွေက ပြောစမှတ် ပြုကြပါတယ်။
ဇာတ်စင်ပေါ် မတ်တတ်ရပ်ရင်တောင် မိုးတိုးမတ်တတ်မနေဘဲ ဒူးညွှတ်ရင်ချီပြီး မခို့တရို့ နေတတ်လို့ မထွေးလေးဟာ ရုပ်သေးလေးနဲ့ တူတယ်လို့ ပရိသတ်တွေက မှတ်မိနေကြပါတယ်။
ကဗျာလွတ်
မထွေးလေးက ဆင်းသက်တဲ့ မင်းသမီးတွေထဲမှာတော့ သြဘာသောင်းဟာ အထူးထင်ရှားပါတယ်။
စစ်မဖြစ်ခင်က မန္တလေးမှာ နာမည်အကြီးဆုံး အငြိမ့်မင်းသမီး သုံးယောက်ထဲမှာ သြဘာသောင်း၊ မြခြေကျင်း မငွေမြိုင်နဲ့ လေဘာတီ မမြရင်တို့ ပါပါတယ်။
လွတ်လပ်ရေးရပြီးနောက် မန္တလေး ပန်တျာကျောင်းမှာ အမျိုးသမီး အကနည်းပြ ဖြစ်လာတဲ့ သြဘာသောင်းကို ကဗျာလွတ်အက တီထွင်သူအဖြစ် လူသိများပါတယ်။
အဲဒီအကဟာ တကယ်က မြန်မာအက အခြေခံကို လွယ်ကူအောင် အဆင့်လိုက် ကကွက်တွေ ထွင်ထားတာပါ။
နောက်ပိုင်းမှာတော့ သြဘာသောင်းရဲ့ တပည့် ခင်ဝင်းနွယ်က ဒီအကတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။
သြဘာသောင်းရဲ့ ထင်ရှားတဲ့ တပည့်တွေထဲမှာ ယိုးဒယားပြန်အမာစိန်၊ ဆိုဗီယက် နွဲ့နွဲ့စန်းနဲ့ ပန်တျာနည်းပြ မခင်စိန်တို့ ပါပါတယ်။
သူတို့ဆီက ထပ်ဆင့် ဆင်းသက်လာတဲ့ မင်းသမီးတွေကတော့ မထွေးလေးရဲ့ မြစ်တပည့်တွေလို့ ဆိုနိုင်ပါတယ်။
မထွေးလေး၊ မယင်းတော်တို့လို နန်းတွင်းမင်းသမီးတွေဆီက ဆင်းသက်လာလို့ မန္တလေးမင်းသမီးတွေဟာ မင်းသမီးအကကို ကောင်းကောင်းကတတ်တယ်၊ ရန်ကုန်မှာက မင်းသားတွေဆီက သင်ရလို့ ယောက်ျားဆန်ပြီး ခုန်ပေါက်တဲ့ မင်းသမီး အကတွေ များတယ်လို့ ဆိုစမှတ် ရှိပါတယ်။