လူကုန်ကူးခံရသူ ကိုယ်ဝန်သည် အမျိုးသမီးကို ကယ်တင်ရန်ကြိုးပမ်းနေ

အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာအမျိုးသမီးတွေဟာ နယ်စပ်ထိ သွားရောက် အလုပ်လုပ်ကိုင်နေရ

ဓာတ်ပုံ ရင်းမြစ်, PHILIPPE LOPEZ

ဓာတ်ပုံ ပုံစာ, အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာအမျိုးသမီးတွေဟာ နယ်စပ်ထိ သွားရောက် အလုပ်လုပ်ကိုင်နေရ

တရုတ်ဇနီးအဖြစ် လူကုန်ကူးခံရတဲ့ အသက် ၁၈ နှစ်အရွယ် မြန်မာအမျိုးသမီးဟာ တရုတ်ပြည်မှာ ကိုယ်ဝန်လွယ်ထားရပြီး မီးဖွားခါနီးပြီ ဖြစ်တာကြောင့် ကယ်တင်ပေးဖို့ မိသားစုက မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို အကူအညီတောင်းထားပါတယ်။

အခုလူကုန်ကူးခံရတဲ့ အမျိုးသမီးဖြစ်တဲ့ မသူဇာအေးဟာ တရုတ်ပြည်ကနေ သူ့ကိုကယ်တင်ဖို့ တရုတ်မှာ အလုပ်လုပ်နေတဲ့ ကိုလင်းလင်းဆိုသူကို တရုတ်ဆိုရှယ်မီဒီယာ အကောင့်တစ်ခုကနေ ဆက်သွယ်တောင်းဆိုခဲ့တာပါ။

ကိုလင်းလင်းကနေ တစ်ဆင့်မိသားစုက သိရှိပြီး အခုလို ကယ်တင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

မသူဇာအေးရဲ့ မိခင်ဖြစ်သူက " သမီးနဲ့ အဆက်အသွယ်မရတာ တစ်နှစ်ကျော်ပြီ။ ရွှေလီက စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ရမယ်။ ကျွန်မကို တစ်လ သုံးသိန်းပေးမယ် ဆိုပြီး ကျွန်မသမီးလေးကို ခေါ်သွားတာ ။ ခေါ်သွားတာ တစ်ယောက်ထဲမဟုတ်ပါဘူးရှင့်။ ငါးယောက်ခေါ်သွားတာ ဟိုရောက်တော့ ကျွန်မ သမီးလေး ကျန်ခဲ့တာ " လို့ပြောပါတယ်။

ခေါ်သွားတဲ့အချိန်ကစပြီး သမီးဖြစ်သူနဲ့ အဆက်အသွယ်မရတဲ့အတွက် ခေါ်သွားသူ ပွဲစားကိုစိုးနိုင် ဆိုသူကိုတော့ မိဘတွေက ပြည်ပအလုပ်အကိုင် ပုဒ်မ ၂၆ နဲ့ တရားစွဲခဲ့ပြီး ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၅ လကျခဲ့ပါတယ်။ အခုတော့ အဲဒီပွဲစားလည်း ပြန်လည်လွတ်မြောက်လာပြီး ရွာပြန်ရောက်နေတယ်လို့ မသူဇာအေးရဲ့ မိခင်က ဆိုပါတယ်။

ပွဲစားက မသူဇာအေးကို ခေါ်သွားပြီးနောက် ရွှေလီက စားသောက်ဆိုင် လည်းမရောက်၊ မူဆယ်တည်းခိုခန်းကနေ တစ်ဆင့် တရုတ်ပြည်ထဲ ရောင်းစားခံခဲ့ရပြီး သူ့ကို ပိတ်လှောင်ထားတယ် ဆိုတာကို ပြန်ပြောပြခဲ့တယ်လို့ သမီးဖြစ်သူနဲ့ ပြန်လည် အဆက်အသွယ်ရစဉ်က ပြောခဲ့တာကို မိခင်ဖြစ်သူ ဒေါ်တူးမာက ဘီဘီစီကို ပြောပြပါတယ်။

ယခုထပ်မံ သမီးဖြစ်သူရဲ့ အခြေအနေကို သိတဲ့အတွက် လူကုန်ကူးပုဒ်မ ထပ်တပ်ကာ ပွဲစားဖြစ်သူ ကိုစိုးနိုင်ကို တရားထပ်မံစွဲဆိုသင့်တယ်လို့ လူကုန်တားရဲတပ်ဖွဲ့က ဆိုပါတယ်။

မသူဇာအေး အမှုနဲ့ ပတ်သက်ပြီး မိဘတွေက တိုင်ကြားချက်ရှိတဲ့အတွက် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကစလို့ တရုတ်အာဏာပိုင်တွေဆီ ၃ ကြိမ်တိုင်တိုင် အကြောင်းကြားခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

မသူဇာအေး အမှုနဲ့ပတ်သက်လို့ မိဘတွေက တိုင်ကြားချက်ရှိတာကြောင့် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့တွေဟာ ၂၀၁၈ အောက်တိုဘာလကစလို့ တရုတ်အာဏာပိုင်တွေဆီကို ၃ကြိမ်တိုင်တိုင် အကြောင်းကြားခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းရရှိပါတယ်။

တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတွေဟာ တရုတ်-မြန်မာနယ်စပ် စစ်ဆေးရေးဂိတ်တွေမှာ မကြာခဏ ဖမ်းဆီးမိလေ့ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ရောင်းစားခံရသူ အမျိုးသမီး ၄၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ လူကုန်ကူးသူ ၇၉ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲက ဆိုပါတယ်။

ဒါပေမဲ့ တရုတ်ပြည်ထဲမရောက်ခင် နယ်စပ်ဂိတ်မှာတင် တားဆီးရတဲ့ အမှုတွေချည်းဖြစ်ပြီး တရုတ်ပြည်ထဲ ရောက်ပြီးမှ ပြန်လည်ကယ်ဆယ်ရမှာကတော့ အခုနှစ်ထဲမှာ မသူဇာအေးအမှုတစ်ခုပဲ ရှိနေတာဖြစ်ပါတယ်။