ပြည့်တန်ဆာခေါ်တဲ့ လုပ်ငန်းလုပ်သူ တရုတ် ၅ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

ဘီဘီစီနဲ့ ဆက်သွယ်မှုရစဉ်မှာတော့ အလုပ်လုပ်ဖို့ အမျိုးသမီး ၁၀ဦးအထိရရှိထားပြီလို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Muse Local Supporter

ဓာတ်ပုံ ပုံစာ, ဘီဘီစီနဲ့ ဆက်သွယ်မှုရစဉ်မှာတော့ အလုပ်လုပ်ဖို့ အမျိုးသမီး ၁၀ဦးအထိရရှိထားပြီလို့လည်း သိရပါတယ်။

မူဆယ် မြို့နယ်အတွင်း ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဖို့ဆိုပြီး ပြည့်တန်ဆာ ၂၅ဦးခေါ်တဲ့ အလုပ်ရှင်တွေလို့ ယူဆရသူ တရုတ်နိုင်ငံသား ၅ဦးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ရက် နေ့လယ် ၂နာရီမှာ ဖမ်းဆီးလိုက်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင်က ဘီဘီစီကို အတည်ပြုပါတယ်။

အဲဒီတရုတ် ၅ဦးကို မူဆယ်မြို့နယ်၊ အလယ်ပေါက်လို့ခေါ်တဲ့နေရာအနီး၊ အဆောက်အအုံတခုကနေ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

မူဆယ်မြို့အတွင်း ပြည့်တန်ဆာလုပ်ငန်း အသစ်လုပ်ကိုင်လိုလို့ အလုပ်သမားခေါ်ယူတာလို့ အလုပ်ခေါ်စာမှာ ပါတဲ့ ဖုန်းနံပါတ်ကို ဘီဘီစီက ဆက်သွယ်စုံစမ်းမေးမြန်းရာမှာ သိရှိခဲ့ရပါတယ်။

ဘီဘီစီနဲ့ ဆက်သွယ်မှုရစဉ်မှာတော့ အလုပ်လုပ်ဖို့ အမျိုးသမီး ၁၀ဦးအထိရရှိထားပြီလို့လည်း သိရပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးတဲ့အခါမှာတော့ အမျိုးသမီးတွေကို မတွေ့ခဲ့ရဘူးလို့ ရဲမှူးချုပ် ဇော်ခင်အောင် ကပြောပါတယ်

ဒါပေမယ့်လည်း ဆက်လက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ကာ၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အရေးယူသွားမယ်လို့ သူကဘီဘီစီကို ပြောပါတယ်။

အမျိုးသမီးတွေကို တွေ့ရှိခဲ့ရင်လည်း ဥပဒေအရ အရေးယူတာတွေလုပ်မှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။

အလုပ်ခေါ်စာမှာပါတဲ့ ဖုန်းနံပါတ်က ပြန်လည်ဖြေကြားသူတွေက အလုပ်လုပ်လိုသူ မိန်းကလေးတွေကို လာရောက်ပို့ဆောင်ပေးပါက ပွဲစားခအနေနဲ့ မိန်းကလေးတစ်ဦးရရင် နှစ်သောင်းကျပ်မှ လေးသောင်း ကျပ်အထိ ပေးမယ်လို့ လည်းဆိုပါတယ်။

ဒါ့အပြင် အသက်အရွယ်ပေါ်မူတည်ပြီးလည်း ဈေးကွာခြားမှုရှိတယ်၊ အလုပ်မှာမြဲမြဲလုပ်နိုင်တဲ့သူတွေကို ပိုလိုလားပြီး ပိုက်ဆံလည်း ပိုပေးမယ်လို့ ဆိုပါတယ်။ အသက် ၃၀နဲ့ အထက်ကိုတော့ ခေါ်ယူမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

ဒီမတိုင်ခင်ကလည်း မူဆယ်မှာပဲ တရုတ်အမျိုးသားတွေနဲ့ မင်္ဂလာဆောင်ပြီး ကလေးမွေးပေးဖို့ ခေါ်ယူတာတွေလည်း ရှိခဲ့ပါတယ်။

မူဆယ်မှာ တရုတ်အမျိုးသားတွေနဲ့ အတင်းအဓမ္မ မင်္ဂလာဆောင်ပြီး ကလေးမွေးပေးဖို့ လူကုန်ကူး ရောင်းစားခံရတဲ့ အမျိုးသမီးတွေ ထောင်နဲ့ချီရှိနေပြီး ပျှမ်းမျှအားဖြင့် အမျိုးသမီး ၇၅၀၀ လောက်ရှိ တယ်လို့ ဂျွန်ဟော့ပ်ကင်းစ် ဘလွန်းဘတ်ကျောင်းက ပြည်သူ့ကျန်းမာရေးဌာနနဲ့ ကချင် အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။