ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးချင်းယူလို့ ကလေးတွေသေသလား၊ မျိုးဗီဇနီးစပ်လို့ ဖြစ်တတ်တဲ့ရောဂါဆန်းများ
- ရေးသားသူ, ဆူးမစ်ချယ်
- ရာထူးတာဝန်, ဘီဘီစီ ဘရက်ဖို့ဒ်
ရူဘာနဲ့ ဆာကိတို့ နှစ်ယောက်လုံးမှာ ကုလို့မရတဲ့ ရောဂါတမျိုးကို သယ်ဆောင်လာတဲ့ မျိုးဗီဇတခု ပါလာပါတယ်။ ဒါကြောင့် သူတို့က မွေးတဲ့ ကလေးတွေမှာ စောစောစီးစီး သေနိုင်တဲ့ အကြောင်းက ၂၅ ရာခိုင်နှုန်း ရှိပါတယ်။ အခု သူတို့ ကလေး သုံးယောက် သေဆုံးခဲ့ပါတယ်။ ရူဘာက ဖန်ပြွန်သန္ဓေသားကို ယူပြီး ကျန်းမာတဲ့ ကလေးကို မွေးချင်ပါတယ်။ ဆာကိကတော့ အလ္လာကိုပဲ ယုံကြည်သူပါ။ တချို့ အမျိုးတွေကတော့ သူတို့ကို ကွာရှင်းပြီး နောက်ထပ် ပြန်လက်ထပ်စေချင်ပါတယ်။
ရူဘာဘီဘီက ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုချင်သူ မဟုတ်ပါဘူး။ ဗြိတိသျှ အထက်တန်း စာမေးပွဲကို ပြီးအောင် ဖြေပြီး တက္ကသိုလ် သွားချင်သူပါ။ ဒါပေမဲ့ သူ အထက်တန်းကျောင်းမပြီးခင်မှာပဲ သူ့မိဘတွေက ဆာကိမာမွတ်နဲ့ လက်ထပ်ဖို့ စီစဉ်ပါတယ်။ ပါကစ္စတန်က သူ့အစ်ကိုဝမ်းကွဲပါ။
ဘရက်ဖို့ဒ်မှာ မွေးပြီး ကြီးပြင်းလာတဲ့ ရူဘာဟာ ပါကစ္စတန်ကို မင်္ဂလာမဆောင်ခင်မှာ နှစ်ခါပဲ ရောက်ဖူးပါတယ်။ လေးနှစ်နဲ့ ၁၂ နှစ်သမီးအရွယ်ကပါ။ သူနဲ့စေ့စပ်ထားတဲ့ အမျိုးသားကို သူသေချာမမှတ်မိသလို တခါမှလည်း ကောင်းကောင်း စကားမပြောဖူးပါဘူး။ အဲဒီလူက ၂၇ နှစ်ရှိပြီး ကားမောင်းပါတယ်။ သူကတော့ ၁၇ နှစ်သမီးပါ။
"ကျွန်မ တအားရှက်တတ်တယ်၊ ယောက်ျားလေးတွေကိုလည်း စိတ်မကစားဖူးဘူး၊ စကားလည်း အများကြီး ပြောတတ်တာ မဟုတ်ဘူး။ အမေတို့ကို ကျွန်မ ကျောင်းပြီးအောင် တက်ပါရစေ၊ စောင့်ပါအုံးလို့ ပြောသေးတယ်၊ သူတို့ကလည်း မရဘူး"လို့ ရူဘာက ဆိုပါတယ်။
ပါကစ္စတန်မှာ မင်္ဂလာဆောင်ပြီး သုံးလနေတော့ သူကိုယ်ဝန်ရပါတယ်။ နောက်နှစ်လအကြာမှာ ဘရက်ဖို့ဒ်ကို ပြန်လာပြီး မွေးပါတယ်။ ကလေး အစောကြီးရတာကို ကြောက်ပေမယ့် ပျော်ပါတယ်။
သူတို့သား ဟာဆမ်ကို ၂ဝဝ၇ မှာ မွေးတော့ အားလုံးအဆင်ပြေကြောင်း ယောက်ျားကို ဖုန်းဆက်ပြောမိပါတယ်။ ဒါပေမဲ့ ကလေးက တအားအိပ်ပါတယ်။ အစားကျွေးရတာလည်း ခက်ပါတယ်။
"ကျွန်မက ဒါကို ပုံမှန်လို့ ထင်မိတာ" လို့ ရူဘာ ဆိုပါတယ်။
ထပ်တွေ့တာတွေက
နောက်ရက်တော်တော်ကြာတော့ ကလေးသွားပြတဲ့အခါ ကလေးတင်ပါးက တောင့်နေတယ်လို့ ဆရာဝန်မက ပြောပါတယ်။
"ဒါကို နောက်ဆရာဝန်နဲ့ ထပ်လွှဲပေးမယ် ပြောတော့ ကျွန်မက အသေးအမွှားပဲ ထင်မိတာ ၊ သူတို့ဆေးစစ်တာတွေ လုပ်ပြီးတော့ ကလေးဆောင်မှာ ရလဒ်လာယူဖို့ ခေါ်ပါတယ် " လို့ ရူဘာက ပြောပါတယ်။
"ကျွန်မသွားတော့ ဆရာဝန်က သတင်းဆိုးကို ပြောပြပါတယ်။ ကလေးဖြစ်တဲ့အခြေအနေက သိပ်ရှားတယ်လို့လည်း ဆိုပါတယ်။ ကျွန်မတော့ ငိုပဲ နေမိပါတယ်။ ပါကစ္စတန်က ယောက်ျားဆီ ဆက်တော့ သူက စိတ်အေးအေးထားဖို့ ချော့ပါတယ်။ လူတိုင်းမှာ ပြဿနာတွေ ရှိတာမို့ ကျွန်မတို့လည်း အတူတူဖြတ်ကျော်ဖို့ပဲလို့ သူကဆိုပါတယ်"
ရူဘာဟာ သူတို့လင်မယားနှစ်ယောက်စလုံးမှာ အိုင်ဆဲလ်ကို ဖိနှိပ်တဲ့မျိုးဗီဇပါလာတာကို မသိရှာပါဘူး။ ဒီရောဂါကြောင့် ကလေး ကြီးထွားဖို့ ခက်တာကိုလည်း မစဉ်းစားနိုင်ပါဘူး။
နောက် ခုနစ်လနေမှ ဆာကိ ဗီဇာရပြီး ဗြိတိန်ကို လိုက်လာနိုင်ပါတယ်။ ကလေးကိုလည်း ပထမဆုံးအကြိမ် တွေ့ရပါတယ်။
"ကလေးက ပုံမှန်လိုပါပဲလို့ သူကပြောတယ်၊ ကလေးက ထိုင်လည်းမထိုင်နိုင်သလို ဝမ်းလျားလည်း မမှောက်နိုင်ဘူး၊ ဒါပေမဲ့ တချို့ကလေးတွေက နှေးတတ်တယ်လို့ ကျွန်မယောက်ျားက ပြောတယ် " လို့ ရူဘာက ဆိုတယ်။
ဒါပေမဲ့ သူ့သားနဲ့ တခြားရွယ်တူကလေးတွေ မတူတာကို ရူဘာ မြင်နိုင်ပါတယ်။ ကလေးက အဆုတ်အအေးမိပြီး ဆေးရုံတက်လိုက်ဆင်းလိုက် ဖြစ်နေတာပါ။ သူ့ခေါင်းကလည်း အရွယ်နဲ့မလိုက်အောင် ကြီးလာပါတယ်။
နောက်ကလေး အလီရှဘာကို ၂ဝ၁ဝ မှာ မွေးတော့ ဒီကလေးမှာလည်း အိုင်ဆဲလ် ရောဂါ ပါလာတယ်ဆိုတာကို ချက်ချင်း သိရပါတယ်။ ဒီသမီးလေးကတော့ သုံးနှစ်မှာ သေသွားပါတယ်။ သူ့အစ်ကိုသေပြီး နောက်တနှစ်မှာပါ။
နောက်တတိယ ကိုယ်ဝန် မရခင်မှာ ရူဘာက လိဒ်ဆေးရုံက မွတ်ဆလင်တရားဟောဆရာနဲ့ တွေ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စစ်ဆေးတာတွေလုပ်ပြီး အိုင်ဆဲလ်ရောဂါရှိတာတွေ့လို့ ကလေးကို ဖျက်ချရင် ဘာသာရေးအရ အပြစ်ရှိမရှိ သိချင်တာပါ။
ဒါကို လက်ခံနိုင်စရာရှိတယ်လို့ ဘာသာရေးဆရာက ပြောပါတယ်။ ဒါပေမဲ့ သေချာ ထပ်စဉ်းစားဖို့လည်း သူ့ကို ပြောပါတယ်။
"ကလေးက ချက်ချင်းမသေတောင် နောက်မှာ သေမယ်ဆိုရင်တော့ ဒါပဲ ရှိတော့တာပေါ့၊ ဒါကြောင့် တမန်တော်ရဲ့ ဆုံးမချက်တွေနဲ့အညီ ဒီဝိညာဉ် ဒီခန္ဓာထဲ ဝင်မလာခင်မှာ ဖျက်ချလိုက်ဖို့ အကြောင်းပြချက် ခိုင်လုံသွားတာပေါ့" လို့ ဘာသာရေးဆရာက ပြောပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်ဖို့ အချက်ပြလို့တော့ မလုပ်သင့်ဘူးလို့လည်း ဆရာက သတိပေးပါတယ်။ မဟုတ်ရင် ရူဘာတသက်လုံး ဒီလိုသတ်မိတာကို တွေးနေမိမှာလို့လည်း ဆိုပါတယ်။
နောက်ပြီး သူတို့မွတ်ဆလင်အသိုင်းအဝိုင်းမှာ ဒါကို လက်မခံမယ့်သူတွေလည်း ရှိမှာမို့ ထည့်စဉ်းစားဖို့လည်း ရူဘာကို အကြံပြုပါတယ်။
ဘရတ်ဖို့ဒ်မွေးသူများ
- ရူဘာတို့မွေးတဲ့ ဘရတ်ဖို့ဒ်မှာ မိသားစု တသောင်းခွဲလောက်ကို လေ့လာနေပြီး အဲဒီထဲက တဝက်က ပါကစ္စတန် နွယ်ဖွားတွေပါ။
- မြို့မှာ မွေးစကလေးသေနှုန်းက ဗြိတိန်တနိုင်ငံလုံးရဲ့ နှစ်ဆရှိလို့ လေ့လာနေကြပါတယ်။
- အဲဒီမှာ တွေ့ခဲတဲ့ ရောဂါအမျိုး ၂ဝဝ ကျော်ရှိလို့ ဇနီးမောင်နှံတွေကို စစ်ဆေးဆွေးနွေးတာတွေ လုပ်ဖို့ ဆရာဝန်တွေ ကြိုးစားနေပါတယ်။
ရူဘာက ဒီကလေးကို သတ်မပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တတိယကလေး အင်နရာကို ၂ဝ၁၅ မှာမွေးတော့ ဆရာဝန်တွေ အခါခါပြောတဲ့ကြားက ဆေးစစ်ဖို့ ရူဘာ ငြင်းပါတယ်။
"ဒါကို ရိုးရိုးကိုယ်ဝန်လိုပဲ သဘောထားစေချင်တယ်၊ ခေါင်းထဲမှာ ဘာသံသယမှ မထားချင်ဘူး၊ ကလေးကို ဖျက်ချမှာလည်း မဟုတ်ဘူး " လို့ ရူဘာက ဆိုပါတယ်။
"ဒီကလေးလည်း နေမကောင်းတာတွေ ဖြစ်လာနိုင်တယ်လို့ ပြောတော့ ကျွန်မယောက်ျားက ကိစ္စမရှိဘူးလို့ ပြောတယ်၊ ကျွန်မစိတ်ထဲ သံသယတွေ တအားများနေတယ် ထင်မိတယ် "
ဒါပေမဲ့ ဒီကလေးလည်းပဲ အိုင်ဆဲလ်ပုံမမှန်တဲ့ ရောဂါနဲ့ မွေးလာပါတယ်။
"ကလေးကို တွေ့တော့ သိလိုက်ပြီ " လို့ ရူဘာ ဆိုတယ်။ " ကျန်းမာတဲ့ ကလေးတကယ်လိုချင်လို့ ကလေးတွေ ယူခဲ့ရတာပါ။ ဒါကြောင့် စိတ်ဆင်းရဲမိတယ်၊ ဒီသမီးလေးလည်း ဘယ်လိုဝေဒနာတွေ ခံစားရအုံးမယ်မသိဘူး၊ ယောက်ျားကတော့ ပျော်နေတယ်"
ဒီကလေးလည်း နှစ်နှစ်သမီးမှာဆုံးပါတယ်။ အဆုတ်အအေးမိပြီး တအားဆိုးလာလို့ ဘရတ်ဖို့ဒ်ကနေ ယော့ဆေးရုံကို ခေါ်သွားရပါတယ်။
"ယော့က ဆရာဝန်တွေ ကြိုးစားပေမယ့် ကလေးက ကောင်းမလာဘူး၊ နောက်ဆုံးသေတဲ့အထိ အိပ်ဆေးတွေ ပေးထားရတယ်၊ တချိန်လုံး သူ့ကို ကျွန်မလက်ထဲ ပွေ့ထားရတာ"
ကလေးသုံးယောက်သေပြီး ကလေးခြောက်ခါပျက်ကျတဲ့ ဒုက္ခကို ဘယ်လိုစဉ်းစားရမှန်း မသိဘူးလို့ ရူဘာပြောပါတယ်။ နောက်ဆုံးတခါ ပျက်ကျတာက အငယ်ဆုံးကလေး သေပြီး ရက်ပိုင်းအတွင်းမှာပါ။
ဒီတခါသေမှပဲ သူတို့ဝမ်းကွဲချင်း ယူတာနဲ့ ကလေးတွေသေတာ ဆက်စပ်မှု ရှိတယ် ဆိုတာ ရူဘာ လက်ခံလာပါတယ်။
ဆေးရုံမှာ တခြားကလေးတွေ နေမကောင်းတာတွေ့ခဲ့ပေမယ့် ဒီကလေးတွေ အားလုံးက ဝမ်းကွဲချင်း ယူပြီး မွေးတာ မဟုတ်ဘူးဆိုတာ ရှင်းတယ်လေ။ တချို့ဆို လူဖြူကလေးတွေပါ။ ဒါကြောင့် သူတို့ဝမ်းကွဲချင်းယူတာနဲ့ ကလေး နေမကောင်းတာ ဆက်စပ်တယ် ဆိုတာ အစက လက်မခံခဲ့တာပါ။
"ယောက်ျားက ခုထိ မယုံသေးဘူး" လို့ ရူဘာက ပြောပါတယ်။ "ကျွန်မကတော့ သုံးခါဖြစ်တာမို့ ဆရာဝန်တွေပြောတာ မှန်ရမယ် ဆိုပြီး လက်ခံလာတယ်"
ဆွေမျိုးချင်းလက်ထပ်
- ဘရတ်ဖို့ဒ်က မိခင် ၆၃ ရာခိုင်နှုန်းဟာ ဝမ်းကွဲနဲ့ ယူထားပြီး မွေးရာပါ ကလေးရောဂါတွေ ပါလာဖို့ အန္တရာယ် နှစ်ဆရှိကြောင်း လန်းဆတ်ဂျာနယ်ဆောင်းပါးက ဖော်ပြပါတယ်။
- မွေးရာပါ နှလုံးနဲ့ အာရုံကြောရောဂါတွေ ပါလာဖို့ ဖြစ်နိုင်ခြေ နည်းပေမယ့် ပါကစ္စတန်နွယ်ဖွားတွေမှာ သုံးရာခိုင်နှုန်းနဲ့ အမျိုးချင်းယူသူတွေကြားမှာ ခြောက်ရာခိုင်နှုန်းထိ ရှိပါတယ်။
- ဘရတ်ဖို့ဒ်မှာ ပါကစ္စတန်ပြန်ပြီး ဆွေမျိုးထဲက ရှာလက်ထပ်တာတွေ ခုထိရှိနေပြီး လေ့လာမှုထဲက ကလေး လေးယောက်တယောက်မှာ ဒီလိုမိဘတွေ ရှိနေပါတယ်။
နောက်ဆုံးသမီးလေး သေပြီးတဲ့နောက် နှစ်ဘက်ဆွေမျိုးတွေက သူတို့ကလေး ကျန်းကျန်းမာမာရဖို့ မလွယ်ဘူးလို့ စဉ်းစားမိကြပြီး အေးအေးချမ်းချမ်းနဲ့ ကွဲကြဖို့ ကောင်းပြီလို့ ပြောကြပါတယ်။ ဒါမှ နှစ်ယောက်လုံး ပြန်လက်ထပ်ပြီး ကလေးယူနိုင်မှာလို့ ဆိုကြပါတယ်။
"ကျွန်မတို့ နှစ်ယောက်လုံးက လက်မခံပါဘူး" လို့ ရူဘာ ဆိုပါတယ်။
"ဘုရားက ကလေးတွေ ပေးမယ်ဆိုရင် ပေးမှာပါ လို့ ကျွန်မ ယောက်ျားက ပြောပါတယ်။ ဘုရားက သူ့အတွက် ကျန်းမာတဲ့ ကလေးတွေလည်း ပေးနိုင်တယ်လို့လည်း ဆိုတယ်။ ဒါကြောင့် ကျွန်မတို့ အိမ်ထောင်ထပ်ပြုမှာ မဟုတ်ဘဲ ထပ်ကြိုးစားကြမှာပါ"
အစပိုင်းက လက်မထပ်ခဲ့ချင်ပေမယ့် ၁ဝနှစ်ကြာလာတော့ ကွဲဖို့လည်း ရူဘာမှာ စိတ်ကူးမရှိပါဘူး။
"တခြားယောက်ျားတယောက်နဲ့ ကလေးရတော့ကော သူနဲ့ရတာနဲ့ တူမလား၊ ကလေးရပေမယ့် အိမ်ထောင်ရေးက မပျော်ရရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ ကလေးတွေကိုလည်း အဖေမစုံဘဲ မကြီးစေချင်ဘူး"
သူတို့အတွက် အခုဘာများ လုပ်စရာ ကျန်သေးသလဲ။
သန္ဓေသားကို ရောဂါမပါအောင် စစ်ဆေးပြီး ဖန်ပြွန်နည်းနဲ့ ကလေးယူတာကတော့ ဖြစ်နိုင်ခြေ တခုပါ။ ဒါကို သူ့ယောက်ျားက သိပ်စိတ်မပါပါဘူး။
"အလ္လာပေးမှာကို ယူရမှာပဲလို့ ဆာကိက ဆိုတယ်၊ ဒီလို နေမကောင်းတဲ့ကလေးပဲ ရမယ်ဆိုရင်လည်း ယူရမှာပဲ" လို့ ရူဘာက ပြောတယ်။
ရူဘာက ဖန်ပြွန်နည်းကို စမ်းချင်ပေမယ့် စောင့်ရမယ့်အချိန်က ကြာပါတယ်။ ဒီလိုကြာနေရင် သဘာဝနည်းနဲ့ပဲ မြန်မြန်ယူဖို့ စဉ်းစားမိလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
ယောက်ျား လုပ်နေတဲ့ ပေါင်မုန့်ဆိုင်ကနေ ခွင့်ယူပြီး ဆရာဝန်နဲ့တွေ့ဖို့ကလည်း ခက်ပါတယ်။ နောက်ပြီး ဆာကိက အင်္ဂလိပ်လို သိပ်မပြောတတ်ပါဘူး။
"သူက ဘာမှနားမလည်ဘဲ ထိုင်နေရတာ၊ ကျွန်မ ကြိုက်သလို ဆုံးဖြတ်လို့ပဲ သူက ပြောတယ် "လို့ ရူဘာက ဆိုပါတယ်။
"ပထမတခါ ကလေးမှာ ရောဂါရှိတာကို သိတော့ စိတ်က မခံစားနိုင်ပေမယ့် သုံးခါဆိုတော့ မပြောတတ်တော့ဘူး၊ ကလေး ခံစားရတာတွေ တွေ့တော့လည်း မတရားဘူး ထင်တယ်လေ"
သူတို့ ဇနီးမောင်နှံ ဖြစ်တာတွေကြောင့် ရူဘာ့မောင် အလှည့်ကျတော့ ဝမ်းကွဲချင်း လက်ထပ်ဖို့ ကိစ္စကို ပယ်ချပါတယ်။
"ဒီဒုက္ခတွေကို တခါမှ မစဉ်းစားမိခဲ့ဘူး၊ ဒီလို မိသားစုထဲမှာ ပြန်ယူတာကို မှားတယ်လည်း မထင်ခဲ့မိဘူး၊ အခု ကျွန်မဖြစ်တာတွေ မြင်ပြီး အမျိုးတွေလည်း စဉ်းစားလာကြပြီ" လို့ ရူဘာက ဆိုပါတယ်။
"အရင်ဆယ်နှစ်တုန်းက မိဘတွေ ပြောတာကို လုပ်ခဲ့တာ၊ အခုကျတော့ ကျွန်မ ဝမ်းကွဲတွေ ရွေးခွင့်ရလာပြီ၊ ငြင်းလာကြပြီ၊ လူငယ်တွေခေတ်မှာ မကြိုက်ရင် ပြောရဲလာပြီ"
အခု သူ့မှာ အားပေးမယ့် မိဘတွေအပြင် ဘာသာရေးအရလည်း အားကိုးရှိပါတယ်။
" ဘုရားက လူတယောက် ဒုက္ခခံနိုင်သလောက်သာ ပေးတာပါ။ တချို့လူတွေမှာ ကျန်းမာတဲ့ကလေးတွေ မွေးပေမယ့် ကြီးလာရင် ဒုက္ခပေးတာတွေ ရှိတယ်လေ၊ ဒီတော့ ဘုရားရဲ့ စမ်းသပ်နည်းတွေက မတူဘူးပေါ့ " လို့ ရူဘာက ဆိုတယ်။
"ဒီဘဝမှာတော့ ကျွန်မက ကံမကောင်းဆုံးပဲ၊ နောက်ဘဝကျရင်တော့ ကံအကောင်းဆုံး ဖြစ်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီအပြစ်ကင်းတဲ့ ကလေးတွေက ကျွန်မကို ကူကြမှာလေ၊ ကျွန်မ သူတို့နဲ့အတူ နေမှာပေါ့"