အဖော်မရှိဘဲ စားရတာ ပျင်းတယ် ဆိုသူတွေ အတွက် ကောင်းတဲ့ အချက်လေးတွေ

တယောက်တည်း စားသောက်ရတာကို လူတိုင်းက ကြိုက်နှစ်သက်တာမဟုတ်ပါဘူး။

တချို့အတွက် ပျင်းစရာ၊ တချို့ အတွက်ဆိုရင် အဖော်မရှိလို့ လုံးဝကို မစားဖြစ်တော့တဲ့ အခြေအနေထိ ဖြစ်သွားတတ်ပါတယ်။

ဒါပေမဲ့ ဒါတွေကို စဉ်းစားကြည့်ပါ။

အခုက အိမ်မှာ တယောက်တည်း နေကြသူတွေ ကမ္ဘာကြီးမှာ ပိုပို များလာနေပါတယ်။

ကုလသမဂ္ဂ၊ ဥရောပ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OECD နဲ့ ဥရောပ ကော်မရှင်တို့ရဲ့ စာရင်း ဇယားတွေက ကမ္ဘာ တဝန်းမှာ တယောက်တည်း နေထိုင်ကြသူ သန်း ၃၀၀ ရှိတယ်လို့ ဆိုပါတယ်။

တကယ်လို့ လူ တယောက်က နောက်တယောက်နဲ့ အိမ်မှာ အတူနေတယ် ဆိုရင်တောင် အစားစားတဲ့ အချိန်ကတော့ တယောက်တည်း ဖြစ်ကြတာ များပါတယ်။

ပြောရရင် အရွယ်ရောက်ပြီးသူတွေ စုစုပေါင်းရဲ့ တဝက်နီးပါးက တယောက်တည်း စားသောက်ကြပါတယ်။

ဒီတော့ လူတွေဟာ တယောက်တည်း စားသောက်ကြတာ ပိုများလာကြပြီဆိုတော့ ဒါကို လက်ခံလိုက်တာက ပိုကောင်းတယ် မဟုတ်ပါလား။

ဘီဘီစီ အစားအသောက် Food Programme အစီအစဉ် တင်ဆက်သူ ရှီလာ ဒစ်လွန်က ဘယ်အဖော်မှ မပါဘဲ စားသောက်ရတာ ကောင်းတယ်လို့ ဆိုနိုင်တဲ့ အချက် ၈ ချက်ကို ပြောပြထားပါတယ်။

၁။ ကိုယ်ကြိုက်တာကိုပဲ စားသောက်နိုင်တယ်

တယောက်တည်း စားခြင်းအားဖြင့် ဘယ်သူက ဘာလေးကြိုက်မယ်၊ ဘာကိုတော့ ကြိုက်မယ် မထင်ဘူးလို့ စိုးရိမ်စရာမလိုဘဲ ကိုယ်ကြိုက်တာကို လွတ်လွတ်လပ်လပ် စားသုံးနိုင်တယ်။

ဥပမာ ကိုယ်က အိမ်အပြင်ထွက်ပြီး စားလေ့ရှိတဲ့ အနံ့ပြင်းတဲ့ ငါးပိ ငါးခြောက်လို စားစရာတွေကို ကြိုက်တယ်၊ ဒါမှ မဟုတ် အာလူးတို့၊ ထမင်းတို့၊ ပါစတာ တို့လို ကစီဓာတ် များများ စားတတ်တာကို တခြားလူက ဝေဖန်မှာ ရှက်တယ် ဆိုပါတော့၊ တယောက်တည်း စားတဲ့ အတွက် အနံ့ပြင်းလို့ သူများကို အားနာစရာမလို၊ ကိုယ့်ကို ဝေဖန်မှာကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။

ဒါ့အပြင် သစ်သီးယိုနဲ့ အပြင်းစား ဒိန်ခဲ ပါတဲ့ ဆင်းဒဝစ် ပေါင်မုန့်က အစ ဝက်ပေါင်ခြောက်နဲ့ ငှက်ပျောသီး ဆော့စ် အဆုံး သာမန်အားဖြင့် တွဲဖက် စားလေ့မရှိကြတဲ့ စားစရာတွေကိုလည်း စိတ်ကြိုက် စားသုံးနိုင်ပါတယ်။

ဒီနေရာမှာ အကောင်းတကာ့ အကောင်းဆုံးကတော့ ကိုယ် စမ်းသပ် ဖန်တီး ချက်ပြုတ်တာတွေ အဆင်မပြေ ဖြစ်သွားရင်လည်း ကိုယ်နဲ့ အတူ စားမယ့်သူ မရှိတဲ့ အတွက် တယောက်ယောက်ရဲ့ ညစာကို စိတ်ပျက်စရာ ဖြစ်အောင် လုပ်ရာလည်း မကျတော့ဘူးပေါ့။

၂။ ကိုယ်စားမယ့် စားစရာကို ဘယ်သူ့မှ ကျွေးဖို့ မလို

စားချင်တာ လနဲ့ချီ ကြာနေပြီဖြစ်တဲ့ သိပ်ကိုအရသာရှိတဲ့ ဟင်းတခွက် မှာစားဖူးလား၊ သူငယ်ချင်းတွေနဲ့အတူ စားလို့ သူတို့ကလည်း မြည်းစမ်း စားချင်လို့ တဇွန်းစီ စားကြပြီးရင် ကိုယ့်အတွက် တဇွန်း နှစ်ဇွန်းစာလောက်ပဲ ကျန်တော့တဲ့ အဖြစ်မျိုး ကြုံဖူးပါလား။

စားစရာကို ဝေမျှစားရတာ ကောင်းပါတယ်။ ဒါပေမဲ့ သူများဆီက နည်းနည်းယူစားပြီး ကိုယ့်ဆီက အများကြီးပေးလိုက်ရရင် သိပ်ပျော်မှာ မဟုတ်ဘူးပေါ့။

အဖော်မရှိဘဲ တယောက်တည်း စားရ သောက်ရတာ တိတ်ဆိတ် ငြိမ်သက် နေမှာဖြစ်ပေမယ့် ဘယ်သူ့ကိုမှ တဇွန်းစာလေးတောင် ကျွေးစရာ မလိုဘဲ ကိုယ်တယောက်တည်း ရှိသမျှကို စားပစ်နိုင်ခွင့် ရှိနေပါတယ်။

၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာကို စားဖို့ ပိုလွယ်ကူနိုင်

ကိုယ်က ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်တဲ့ အစီအစဉ်အတိုင်း လိုက်နာ လုပ်ဆောင်နေတယ်ဆိုရင် ယောက်တည်း စားသောက်တာက မပျက်ကွက်အောင် လုပ်ဖို့ ပိုလွယ်ကူနိုင်ပါတယ်။

အမေရိကန် နှလုံး ရောဂါဆိုင်ရာ အသင်း ရဲ့ သုတေသန ပြုချက်အရ အတိုင်းအချင့်နဲ့ စားသောက် နေထိုင်ဖို့ ကြိုးစားကြသူတွေဟာ အဖော်အပေါင်း တွေနဲ့ စားသောက်ရင် အလေ့အကျင့် ပျက်တတ်တာ ၆၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

ဂျော်ဂျီယာပြည်နယ် တက္ကသိုလ် က စိတ်ပညာရှင်တွေရဲ့ လေ့လာချက်အရတော့ အဖော်အပေါင်းနဲ့ အုပ်စုနဲ့ စားသောက်ကြတာဟာ အဆီဓာတ် ပိုစားဖြစ်တာ အပါအဝင် ၄၄ ရာခိုင်နှုန်း အစား ပိုစားဖြစ်တယ်လို့ တွေ့ရပါတယ်။

ဒီတော့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူစားရင် စားစရာတွေ အများကြီးကို အတင်း ထည့်ပေးတာ၊ အချိုတွေ၊ အအီ အဆိမ့်တွေကို ဘယ်လောက် အရသာ ရှိတယ် ဆိုတာ ပြောဆိုပြီး စားခိုင်း တတ်တာတွေ ရှိနေလို့ တခါတလေ ကိုယ့်တယောက်တည်း စားရတာ ပို ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

ကားထဲမှာ စားသောက်တာက အဆင်မပြေပေမယ့် ကားထဲမှာဆိုရင် အလွန်အကျွံ မစားမိတော့ဘူးလို့ လေ့လာမှုတွေအရ သိရပါတယ်။

၄။ ကိုယ့်နှုန်းနဲ့ကိုယ် စားနိုင်

လူတွေဟာ သူတို့နဲ့ အတူတူ စားသောက်တဲ့လူကို လိုက်ပြီး ပြုမူဆောင်ရွက်ပုံတွေကို ပြောင်းလဲ တတ်ကြတယ်လို့ လေ့လာမှု အရ သိရ ပါတယ်။

အမျိုးသမီးငယ်နှစ်ယောက် အတူတူ စားသောက်ကြပြီဆိုရင် တယောက်က အစားတလုပ် စားလိုက်ရင် နောက်တယောက်က တလုပ်စားတယ်၊ တယောက်က တကိုက် ကိုက်ရင် နောက်တယောက်ကလည်း သူလုပ်ပြီးတာနဲ့ ချက်ချင်း လိုက်လုပ်လေ့ရှိတယ်လို့ လေ့လာမှု တခုက ဆိုပါတယ်။

ဒါပေမဲ့ တယောက်တည်း စားတဲ့ အခါမှာတော့ ကိုယ့်အတိုင်း အတာနဲ့ကိုယ်၊ ကိုယ့်အရှိန် လေးနဲ့ကိုယ် စားသောက်ဖို့ ပိုအဆင်ပြေတာကို တွေ့ရပါတယ်။

တီဗီရှေ့မှာ ညစာ စားမယ် ဆိုရင်တော့ သတိထားရပါမယ်။

တက်ကြွ လှုပ်ရှားမှု များတဲ့ အစီအစဉ် တွေနဲ့ ရုပ်ရှင်တွေကြည့်ရင်း စားရင် ကိုယ် ဘာစားလို့ စားမိတယ် ဆိုတာ အမှတ်မထားမိ ဖြစ်သွားစေပြီး ပိုစားသောက်မိတတ် ပါတယ်။

၅။ အရသာခံပြီး စားနိုင်တဲ့ အခွင့်အရေးလည်းရ

တယောက်တည်း စားသောက်သူက သူစားနေတဲ့ စားစရာအပေါ်မှာ အချိန်ယူပြီး အရသာခံ စားနိုင်ပါတယ်။

ဆိုလိုတာက သူငယ်ချင်းတွေက သူတို့ ကားအကြောင်း၊ အလုပ် အကြောင်း ပြောကြဆိုကြတွေကို နားထောင်နေရမယ့် အစား ကိုယ်စားနေတဲ့ စားစရာရဲ့ အရသာ၊ လျှာပေါ်မှာ ထိတွေ့လိုက်ရတဲ့ ခံစားမှု တို့ကို ပိုပြီး အာရုံထား သဘောကျနိုင်ပါတယ်။

၆။ ဆိုင်မှာ တယောက်တည်း ထွက်စားတဲ့ အရသာ

အိမ်မှာ တီဗီရှေ့ ထိုင်စားမယ့် အစား တယောက်တည်း ဆိုင်မှာ သွားစားတဲ့ အလေ့ကိုလည်း တဖြည်းဖြည်း လုပ်လာနေကြပါပြီ။

လူတွေ အသွားများတဲ့ နာမည်ကြီး စားသောက်ဆိုင်တွေကလည်း ကိုယ့်ရဲ့ အာရုံကို အများကြီး ဆွဲဆောင်နိုင်ပါတယ်။ ကိုယ့်ရှေ့မှာ တခုံလွတ်နေတဲ့ စားပွဲမှာ ထိုင်စားမယ့် အစား ဆိုင်ရဲ့ ထောင့်တနေရာမှာ သွားထိုင်နိုင်ပါတယ်။

တယောက်တည်း အဖော်မဲ့နေတဲ့ ပုံမျိုး မပေါက်ချင်ရင်လည်း စိတ်ပူစရာမလိုတော့ပါဘူး။

အခုဆို တယောက်ထိုင် နေရာတွေ စားသောက်ဆိုင်တွေ ကမ္ဘာတစ်ဝန်းမှာ ပို ရှိလာကြပါပြီ။

ဥပမာ ဗြိတိန်နိုင်ငံသား ၈၇ ရာခိုင်နှုန်းက တယောက်တည်း ဆိုင်မှာ စားရတာ သဘောကျမှာပါလို့ ပြောကြပါတယ်။

အပြည်ပြည်ဆိုင်ရာ အွန်လိုင်း စားသောက်ဆိုင်များ ကြိုတင် စာရင်းပေးရေး လုပ်ငန်း OpenTable အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်က လေ့လာချက်အရ တယောက်တည်း လာစားသောက်ဖို့ စာရင်းပေးကြတာက ၂ နှစ် အတွင်း နှစ်ဆ တိုးလာတယ်လို့ ပြောပါတယ်။

ဒီတော့ စားသောက်ဆိုင်တွေမှာ အဖော်အပါဘဲ သွားစားတာ ကိုယ်တယောက်တည်း ဖြစ်နေ လိမ့်မယ်လို့ စိတ်ပူနေစရာ မလိုတော့ပါဘူး။

၇။ သူများတွေ အသံမြည်အောင်စားကြတဲ့ အသံတွေ ကြားစရာမလို

ပါးစပ်ထဲမှာ အသံမြည်အောင် စားသောက်တတ်တာကို သဘောမကျတာ ကြာပြီ ဆိုသူတွေ အတွက်လည်း အခုတော့ တယောက်တည်း စားသောက်နိုင်တဲ့ အခွင့် အလမ်း ရလာပါပြီ။

တယောက်တည်း စားခြင်းအားဖြင့် အသံမျိုးစုံ ထွက်အောင် တကျွတ်ကျွတ် ဝါးစားတတ်ပြီး တရှူးရှူးနဲ့ ဟင်းရည်သောက်တတ်တဲ့ လူတွေ ဘေးကလည်း ကင်းဝေးနိုင်ပါတယ်။

တချို့လူတွေက တခြားလူတွေ အသံမျိုးစုံထွက် စားသောက်ကြတာကို အလေးအနက် တုံ့ပြန်တတ်ကြတာလည်း ရှိပါတယ်။

၈။ ကြိုက်တဲ့ အချိန် ကြိုက်တဲ့နေရာမှာ စားနိုင်

အကြော်အလှော်တွေကို မနက်စောစော ၅ နာရီလောက် အိပ်ရာထဲမှာပဲ စားမလား၊ ရေချိုးကန်ထဲမှာ မနက် ရေစိမ်ချိုးရင်း လက်ဖက်ရည် သောက်မလား လုပ်ချင်တာကို လုပ်ချင်တဲ့ အချိန် လုပ်နိုင်တာတွေက အများကြီးပါ။

ဒါပေမဲ့ အနံ့ပြင်းတဲ့ စားစရာတွေကို မနက်စောစောမှာ မစားဘဲ ရှောင်သင့်ပါတယ်။ ဒါမှ မဟုတ်ရင် တနေကုန် အဲဒီ အနံ့က ကိုယ်နဲ့ အတူ ရှိနေပါလိမ့်မယ်။ ဥပမာ မနက်ခင်းလိုအချိန်မျိုးမှာ ကြက်သွန်ဖြူ စားပြီး အစည်းအဝေး သွားတက်ရင်တော့ ဒီအနံ့ရဲ့ တရားခံက ကိုယ်ပဲ ဆိုတာ လူတွေ သိနေမှာပါ။